ဒေါက်တာစိုင်းကျော်အုန်း( နမ့်ခမ်းမဲဆန္ဒနယ်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့၊ ဂျယ်ခေါင်ဝင်ပေါက်ကနေ ပြီးတော့ တရုတ်ခရီးသွားဧည့်သည်များဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြောက်ပိုင်း ရှမ်းပြည်မှာရှိတဲ့ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့တို့ကို နေ့ချင်းပြန်ခရီးစဉ်များအနေဖြင့် လာရောက်လည်ပတ် ကြပါတယ်။ ၎င်းနေ့ချင်းပြန်ခရီးစဉ်ဟာ ၁၉၉၂ ခုနှစ်ကစပြီးတော့ ၁၆-၉-၂၀၀၉ ရက်နေ့ထိ ၁၇ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တစ်ယောက်အတွက် နိုင်ငံတော်ကကောက်ခံရရှိတဲ့ငွေ များမှာ လူဝင်မှုကြီးကြပ်ရေးဌာနအတွက် တစ်ယောက်ကို ယွမ်ငွေ ၅၀၀၊ မြန်မာငွေ ကျပ် ၈၀၀၀ ခန့်ရရှိခဲ့ပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနအတွက် တစ်ယောက်ကို ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလအထိ တရုတ်ယွမ်ငွေ ၃၀၀၊ မြန်မာငွေကျပ် ၅၅၀၀ ခန့်ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလကစပြီးတော့ တစ်ယောက်ကိုမြန်မာငွေကျပ် ၁၀၀၀ သို့တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ နိုင်ငံတော်အတွက် ကောက်ခံရရှိတဲ့ငွေများကို ဘဏ္ဍာရေးနှစ်အလိုက် နမူနာအနေနဲ့ နှစ်အနည်းငယ် ဖော်ပြရမယ်ဆိုရင် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှာဧည့်သည် ၄၅၀၈၈ ယောက်လာရောက်ခဲ့ပြီးတော့ နိုင်ငံတော်ရဲ့ ဝင်ငွေမှာ တရုတ်ယွမ်ငွေစုစုပေါင်း ၃၆၀၇၀၄ ယွမ်ဖြစ်တဲ့အတွက် မြန်မာငွေကျပ် သိန်းပေါင်း ၆၀၀ ခန့်ရရှိခဲ့ပါတယ်။ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် ၄၄၈၈၃ ယောက် လာခဲ့ပြီး နိုင်ငံတော်ရဲ့ဝင်ငွေမှာ တရုတ်ငွေစုစုပေါင်း ၃၅၄၀၆၄ ယွမ်ဖြစ်တဲ့အတွက် မြန်မာငွေ ကျပ်သိန်းပေါင်း ၅၉၈ သိန်းရရှိခဲ့ပါတယ်။ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှာလည်း ဧည့်သည် ၅၇၀၀၈ ယောက်လာခဲ့ပြီး နိုင်ငံတော်ရဲ့ဝင်ငွေမှာ တရုတ်ယွမ်ငွေစုစုပေါင်း ၄၁၁၀၄၉ ယွမ် မြန်မာငွေအနေနဲ့မြန်မာငွေ ၁၁၂၅၃၇၅၀ ရရှိခဲ့အတွက် စုစုပေါင်းမြန်မာငွေကျပ်သိန်းပေါင်း ၇၉၇ သိန်းခန့် ရရှိခဲ့ပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ ဧည့်သည် ၈၂၁၈၅ ယောက်လာခဲ့ပြီး နိုင်ငံတော်ရဲ့ဝင်ငွေမှာ မြန်မာကျပ်ငွေသိန်းပေါင်း ၁၃၁၁ သိန်းခန့်ရရှိခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ စက်တင်ဘာလ ၁၆ ရက်အထိ ဧည့်သည် ၄၁၃၁၂ ယောက်လာရောက်ခဲ့ပြီးတော့ နိုင်ငံတော်ရဲ့ ဝင်ငွေမှာ ကျပ်သိန်းပေါင်း ၇၅၀ သိန်းခန့်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံတော်မှ ကောက်ခံရရှိတဲ့ဝင်ငွေများကိုထောက်ရှုခြင်းအားဖြင့် နေ့ချင်းပြန်ခရီးစဉ်ဟာ နိုင်ငံတော်အတွက် ဝင်ငွေအတော်အသင့်ရရှိခဲ့တာကိုတွေ့မြင်ရပါတယ်။ သို့ပါသော်လည်း ၁၇-၉-၂၀၀၉ ရက်နေ့ကစပြီး တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာရှိတဲ့ ပြည်သူ့ရဲစခန်းကနေပြီးတော့ Border Pass နယ်နိမိတ်ဖြတ်သန်းခွင့်စာအုပ်ကုန်ဆုံးတဲ့ အကြောင်းပြချက်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်မှ နေ့ချင်းပြန်ခရီးသွားဧည့်သည်များ မူဆယ်နဲ့နမ့်ခမ်းမြို့များသို့ လှည့်လည် လေ့လာရေးခရီး မလာရောက်နိုင်ခဲ့သည်မှာ ယနေ့အထိ ၂ နှစ်တောင် ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ပထမမေးခွန်းအနေနဲ့ ကျွန်တော်တို့နိုင်ငံတော်ရဲ့ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ရဲ့ ဧည့်ကြိုနှင့်ခရီးသွားဝန်ကြီးဌာနဝန်ကြီးနဲ့ နေ့ချင်းပြန်ခရီးစဉ်အတွက် ဆွေးနွေးတိုင်ပင်အဖြေရှာဖို့ တိုက်တွန်းလိုပါတယ်။ ဤတိုက်တွန်းချက်ကို အကောင်အထည်ဖော်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ဥက္ကဋ္ဌကြီးခင်ဗျား။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မန္တလေး၊ ရန်ကုန်သို့လာရောက်လည်ပတ်ခဲ့တဲ့ ခရီးဝေးခရီးစဉ် ၂၁ ရက်အတွက် မူဆယ်မြို့ ကျယ်ခေါင်ဝင်ပေါက်ကနေပြီးတော့ဝင်ရောက်ရာမှာ Passport ၊ Visa ရရှိနိုင်ဖို့ ၁၇-၇-၂၀၀၉ ရက်နေ့ကစပြီးတော့ ယနေ့အထိ၊ ယခင် ကက(ကြည်း) ယခု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက်ရယူရာမှာ ရက်သတ္တတစ်ပတ်အချိန်ကြာခဲ့တာကိုမစောင့်နိုင်ကြတဲ့အတွက် လာရောက် လည်ပတ်မယ့် တရုတ်ဧည့်သည်တော်များ တော်တော့်ကိုလျော့နည်းသွားပြီး နိုင်ငံတော်အတွက်လည်း များစွာနစ်နာခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယမေးခွန်းအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးဝေးဧည့်သည်များ မူဆယ်မြို့၊ ကျယ်ခေါင်ဝင်ပေါက်မှဝင်ရောက်ရာတွင် လွယ်ကူချောမွေ့ပြီး ဧည့်သည်တော်များများလာရောက်လည်ပတ်စေရန် ယခင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးခွင့်ပြုချက်များ လျော့ပေါ့ပေးကာ ၂၀၀၆ ခုနှစ်၊ အစောပိုင်းကာလများအတိုင်း Entry Permit Passport တို့ဖြင့် မန္တလေး၊ ရန်ကုန်မြို့များအထိသွားလာလည်ပတ်ခွင့်ပြုနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား နယ်စပ်ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနိုင်ငံဘက်တွင် မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်၊ ပန်ဆိုင်း၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီးစတဲ့ဝင်ပေါက်များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဧည့်သည်များသည် ယင်းဝင်ပေါက်များမှ တစ်ဆင့် နေ့ချင်းပြန်ညဉ့်အိပ်ခရီးစဉ်များဖြင့်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလမှာ တစ်ဖက်နိုင်ငံမှ Border Pass စာအုပ်အသစ်ပြန်လည်ရိုက်နှိပ်ရန်အကြောင်းပြချက်ဖြင့် တရုတ် ခရီးသည်များ မြန်မာနိုင်ငံအတွင်းနေ့ချင်းပြန်လည်ပတ်မှုကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် နှစ်ဖက်ခရီးသွားလုပ်ငန်းကုမ္ပဏီများအကြားဖြေရှင်းဆောင်ရွက် စေခြင်း၊ ဒေသအတွင်းခရီးသွားလုပ်ငန်းဌာနအချင်းချင်းညှိနှိုင်းခြင်းများပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် ပေကျင်းရှိ တရုတ်အမျိုးသားခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဌာနနှင့်လည်း ဆက်သွယ်မေးမြန်း ဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်ဧည့်သည်များအနေဖြင့် Border Pass Entry Permit တို့ဖြင့်မဝင် ရောက်နိုင်သော်လည်း Passport ဗီဇာဖြင့် ဝင်ရောက်လည်ပတ်ခွင့်ရှိပါတယ်။ Passport ဗီဇာဖြင့် ဝင်ရောက်လည်ပတ်ရာတွင် မန္တလေး၊ရန်ကုန်အတွင်းပိုင်းခရီးစဉ်များအတွက်ခွင့်ပြုချက်ရရှိရန် ၇ ရက် ကျော်ခန့်ကြာမြင့်သည်မှာ သက်ဆိုင်ရာခရီးသွားလုပ်ငန်းကုမ္ပဏီမှ ခရီးသည်များ၏မှတ်တမ်းနှင့် ခရီးစဉ်စာရွက်စာတမ်းများကို နေပြည်တော်သို့ချောစာဖြင့်ပို့ဆောင်ခြင်း၊ ဝန်ကြီးဌာနမှအထက်ဌာန၏ ခွင့်ပြုချက်ရယူခြင်း၊ ရရှိသောခွင့်ပြုချက်ကို မူဆယ်ရုံးခွဲသို့ပို့ဆောင်ရခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ယခုအခါ မူဆယ်ရှိဝန်ကြီးဌာန၏ မြန်မာ့ခရီးသွားလုပ်ငန်းရုံးတွင် အင်တာနက်လိုင်းတပ်ဆင်ထားပြီး အီးလ်မေးစနစ်ဖြင့်ပို့ဆောင်လုပ်ကိုင်နေပြီဖြစ်တဲ့အတွက်ခရီးစဉ်တကယ်ဆောင်ရွက်တဲ့အခါမှာ ၃ ရက် ခန့်အတွင်းရရှိနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ရွှေလီမြို့အနီးလေဆိပ်ရှိတဲ့မန်စီမြို့မှာ ပြည်ဝင်ခွင့် ဗီဇာဝန်ဆောင်မှုရုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံစည်းမျဉ်းများအရ ဖြစ်နိုင်ခြေရှိ၊ မရှိကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီးအထက်ဌာနသို့ တင်ပြဆောင်ရွက်ရန်စီစဉ်လျက်ရှိပါတယ်။ မကြာခင် အောက်တိုဘာလ၊ လကုန်ပိုင်းမှာကျင်းပမယ့် China International Traverl Mark မှာလည်း ဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ရန်အစီအစဉ်ရှိပြီး ယင်းပြပွဲမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားလှယ်များနဲ့ ယခုကိစ္စများကို နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆက်လက် ဆောင်ရွက်လုပ်ကိုင်နိုင်ရန်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေဖြင့် တင်ပြချက်ဖြည့်စွက်အကြံပြုတင်ပြချင်တာကတော့ မူဆယ် နမ့်ခမ်းဒေသမှာ Entry Permit Border Pass တို့နဲ့ တစ်ဖက်ခရီးသည်တွေကို ၁၉၉၂ ခုနှစ်ကစပြီး Border Tourism အတွက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၁၀ နှစ်တာအတွင်းမှာ ဧည့်သည် ဝင်ရောက်မှုအထိုက်အလျောက်ရှိလာသော်လည်း မလိုလားအပ်တဲ့ပြဿနာများလည်းပေါ်ပေါက်ခဲ့ပါ တယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာအစိုးရဌာနက Entry Permit ကိုကန့်သတ်လိုက်ရခြင်း ဖြစ်ပါတယ်။ Border Pass ကတော့ ကိုယ်စားလှယ်ကြီးတင်ပြတဲ့အတိုင်း တစ်ဖက်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းကရပ်တန့်လိုက်တာဖြစ်ပါတယ်။ Immediate Cause အနေနဲ့ စာအုပ် ကုန်ဆုံးတာဖြစ်သော်လည်း အခြားအကြောင်းအချက်များရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်ရာမှာ လုပ်ငန်းရှင်များအနေနဲ့ မိမိအကျိုးစီးပွားတစ်ခုတည်းသာမက နိုင်ငံတော် အကျိုး၊ ပြည်သူများအကျိုးမျှော်ကိုးပြီး အတ္တပရမျှတစွာကြိုးပမ်းလုပ်ကိုင်ရန်လိုအပ်သလို အစိုးရ အဖွဲ့အစည်းများရဲ့လုပ်ငန်းတာဝန်များကိုလည်း အနှောင့်အယှက်မဖြစ်အောင် ဂရုတစိုက်လုပ်ကိုင် ပေးရန်လိုအပ်ကြောင်းတင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ နမ့်ခမ်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်း မေးမြန်းထားသော မေးခွန်း (၁) ဖြစ်တဲ့ တရုတ်နိုင်ငံမှ border pass ရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်အမျိုးသား ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဌာနနှင့် ညှိနှိုင်းလျက်ရှိပါကြောင်းနှင့် မေးခွန်း(၂) ဖြစ်သည့် တရုတ်နိုင်ငံမှ ဧည့်သည်များ မြန်မာနိုင်ငံသို့ passport Visa ဖြင့်လာရောက်ရာတွင် အချိန်ကြန့်ကြာမှုဖြစ် ပေါ်နေခြင်းကို Internet ၊ E-mail စနစ်တပ်ဆင်အသုံးပြုခြင်းဖြင့် ရက်အနည်းငယ်ခန့်အတွင်း ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ပါကြောင်း မြန်မာနိုင်ငံမှထုတ်ပေးသည့် entry permit ဖြင့် ယခင်အတိုင်း မန္တလေး၊ ရန်ကုန်မြို့များအထိ လာရောက်လည်ပတ်နိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
