(က)-ကျောက်ဖြူခရိုင်ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန်တစ်ဦး ခန့်ထားရေးကို ကူညီဆောင်ရွက်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၂)

ခရိုင်ဆေးရုံကြီးအကြောင်းနှင့် ပတ်သက်ပြီးတော့ နည်းနည်း လေးပြောပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးကို ၁၉၆၆ ခုနှစ်က ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ခဲ့ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၄၆ နှစ် သက်တမ်းရှိပါပြီ။ ခရိုင်ဆေးရုံကြီးကို ၁၉၈၈ ခုနှစ်အထိ အများပြည်သူတွေ အထူးအားကိုးခဲ့ကြပါတယ်။ ကျောက်ဖြူ ခရိုင်ဆေးရုံကြီးမှာ ခွဲစိတ်အထူးကု ဒေါက်တာဦးညီလင်း၊ ဆေးဝါးအထူးကုသမားတော် ဒေါက်တာ ဦးစောဝင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတဲ့စေတနာဆရာဝန်ကြီးတွေအဖြစ်နဲ့ ဒီဆေးရုံမှာ အမှုထမ်းဖူး ခဲ့ပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးဟာ ခုတင် ၁၀၀ ဆေးရုံလို့ဆိုပေမယ့် လည်း ဝန်ထမ်းအင်အား ကြည့်မယ်ဆိုလို့ရှိရင် စံချိန်မီ ခန့်ထားနိုင်ခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါတယ်။ လက်ထောက်မေ့ဆေးဆရာဝန်နှင့် လက်ထောက်သားဖွားဆရာဝန်တို့လည်း မရှိဘူးလို့ သိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခုတင် ၁၀၀ ဆေးရုံတွေမှာဆိုလို့ရှိရင် သူနာပြုအဆင့်(၃) အထက်တန်း ၂၆ ဦးရှိရမှာ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ကျောက်ဖြူခရိုင်ဆေးရုံမှာ ၄ ဦးပဲ ရှိတယ်လို့ သိရပါ တယ်။ ထို့အတူပဲ သူနာပြု(၃)  ၅၀ ဦးရှိရမယ့်အစား ၁၀ ဦးပဲရှိတယ်လို့ သိရပါတယ်။ လက်ထောက် ဆရာဝန်တွေအနေနဲ့ကတော့ ၁၈ ဦးခန့်ထားရမယ်လို့ စာရင်းရှိပေမယ့်လည်း လက်ရှိအခြေအနေမှာ ၆ ဦးပဲ ခန့်ထားနိုင်တယ်လို့ သိရှိရပါတယ်။ ရောဂါရှာဖွေရေးနှင့် အရိုးရောဂါအထူးကု ဆရာဝန်တွေ လည်း မရှိဘူးလို့ သိရပါတယ်။ ကျောက်ဖြူခရိုင်မှာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ မာန်အောင်မြို့နယ်ဆိုပြီး မြို့နယ် ၄ ခုပါဝင်ပါတယ်။ ယခုအခါ ကျောက်ဖြူမြို့နယ် တစ်ခုတည်းမှာပဲ လူဦးရေ တစ်သိန်းခွဲလောက်ရှိပါတယ်။ အခုအခါမှာဆိုလို့ရှိရင် မြို့နယ်အတွင်းမှာ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ သဘာဝဓာတ်ငွေ့စီမံကိန်းတွေကြောင့် ပြည်တွင်း ပြည်ပကုမ္ပဏီဝန်ထမ်းတွေလည်း ရောက်ရှိ ပြီးတော့ ကျောက်ဖြူမြို့ပေါ်မှာ အလုပ်လုပ်လျက်ရှိပါတယ်။ မူလ ဆေးရုံအဟောင်းမှာ အထူးကုလူနာ များအတွက် အထူးကုသဆောင်ဆိုပြီးတော့ အထူးဆောင်တစ်ဆောင် လုပ်ထားတာတော့ ရှိပါတယ်။

 ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူဒေသဟာ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့အတွက်ကြောင့် မျက်စိ ဝေဒနာရှင်လူနာတွေ အလွန်များပါတယ်။ ကျောက်ဖြူခရိုင်ဆေးရုံကြီးမှာ မျက်စိအထူးကုဆရာဝန် မရှိပါဘူး။ မျက်စိအထူးကုဆရာဝန်မရှိတဲ့အတွက်ကြောင့် ကျောက်ဖြူက မျက်စိလူနာတွေအတွက်    ဆိုလို့ရှိရင် ပြည်မက မျက်စိအထူးကုဆရာဝန်တွေလာပြီးတော့ ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ် လာရောက်ဆေးကုသပေးကြပါတယ်။ တစ်ခါတလေမှာလည်း စေတနာရှင်ဆေးကုအဖွဲ့တွေ လာရောက် ပြီးတော့ ဆေးကုပေးကြတာတွေ ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် သိရသလောက် ခုတင် ၂၀၀ ဆေးရုံတွေမှာမှ မျက်စိအထူးကု ဆရာဝန်ခန့်ထားပေးတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ဆေးရုံဟာ ခုတင် ၂၀၀ ဆေးရုံဖြစ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပေမယ့်လည်း ဒီလိုဖြစ်လာဖို့အချိန်ကြာဦးမှာ ဖြစ်ပါတယ်။ လက်ရှိ ခရိုင်ဆရာဝန်ကြီး ကတော့ ဆေးရုံလိုအပ်ချက်တွေ ပြည့်စုံရေးအတွက် အထူးကြိုးစားနေတယ်ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် မေးခွန်း ၂ ခုကို ကျောက်ဖြူခရိုင်ဆေးရုံကြီးနှင့်ပတ်သက်ပြီးတော့ မေးမြန်း လိုပါတယ်။ မေးခွန်းတွေကတော့ မေးခွန်းနံပါတ် (၁) ခုတင် ၁၀၀ ဆေးရုံများတွင် မျက်စိအထူးကု ဆရာဝန်များ ခန့်ထားခွင့်မရှိဟု တားမြစ်ချက်များရှိပါသလား။ နံပါတ် (၂) ကတော့ အကယ်၍ ထိုသို့ တားမြစ်ချက်များ မရှိပါက ပြည်သူလူထု၏ မည်ကဲ့သို့ ကူညီပံ့ပိုးမှုများဖြင့် နိုင်ငံတော်အစိုးရက ကျောက်ဖြူခရိုင်ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန် ၁ ဦး ခန့်ထားရေးကို ကူညီဆောင်ရွက်ပေး နိုင်ပါမည်နည်းကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆေးရုံများဖွဲ့စည်းပုံအရ ခုတင် ၁၀၀ ဖွဲ့စည်းပုံမှာ မျက်စိဆရာဝန်မပါဘူးဆိုတာ မှန်ပါတယ်။ ခုတင် ၁၀၀ ဖွဲ့စည်းပုံမှာ အထူးကုဆရာဝန် ၉ မျိုးပါ ပါတယ်။ ခွဲစိတ်၊ ဆေးပညာ၊ သားဖွားမီးယပ်၊ ကလေး၊ မေ့ဆေး၊ အရိုး၊ ဓာတ်မှန်၊ ရောဂါဗေဒနှင့် သွားဆရာဝန်တို့ဖြစ်ပါတယ်။ အထူးကုဆရာဝန်လို့ အများနားလည်ကြပေမယ့် ကျွန်တော်တို့မှာ ၃ ဆင့်ရှိပါတယ်။ လက်ထောက် အထူးကုဆရာဝန်ဆိုတာ ရှိပါတယ်။ AS Level ပါ။ Consentance အထူးကုဆရာဝန်ဆိုတာရှိပါ တယ်။ အထူးကုဆရာဝန်ကြီးဆိုတဲ့ Consentance ရှိပါတယ်။ အဲဒီတော့ ကျောက်ဖြူ ခုတင် ၁၀၀ ဆေးရုံအနေနဲ့ Consentance Level နဲ့ Senior Consentance Level ခန့်ထားခွင့်မရှိသော်လည်း လုပ်ငန်းလိုအပ်ချက်ရှိလို့ရှိရင် လက်ထောက်မျက်စိအထူးကုဆရာဝန် Consentance Level တော့ မရောက်သေးဘူးပေါ့။ သို့သော် မျက်စိဘွဲ့လွန်ရပြီးတော့ Tranning ရပြီးတဲ့လူတွေကို  လုပ်ငန်း လိုအပ်ချက်အရ စေလွှတ်လို့ ရပါတယ်။ အထူးကုဆရာဝန် Consentance အနေနဲ့သာ ခန့်ထား လို့မရနိုင်တာဖြစ်ပြီးတော့ လက်ထောက်အထူးကုဆရာဝန်အနေနဲ့ ခန့်ထားလို့ရတဲ့အတွက် လုပ်ငန်း လိုအပ်ချက်ရှိရင် ရှိတဲ့အခါ ကူပေးမယ်‌ ဖြစ်ပါတယ်။ အခုလည်း နယ်မြေလိုအပ်ချက်အရ မျက်စိ ဆရာဝန်များက ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ် ပြည်မကနေပို့ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဝမ်းသာစရာ သတင်းတစ်ခုကတော့ မနေ့ကပဲ ၁၈-၁၀-၂၀၁၂ မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးကို လက်ရှိ အရာထမ်း ၁၄ နေရာ၊ အမှုထမ်း ၆၂ နေရာ၊ စုစုပေါင်းရာထူး ၇၆ နေရာကနေပြီးတော့ ထပ်မံပြီးတော့ စံကိုက်ဖွဲ့စည်းပုံအဖြစ် အရာထမ်း ၁၅ နေရာ၊ အမှုထမ်း ၁၁၀ နေရာ၊ ဒါကြောင့်မို့လို့ စုစုပေါင်း အရာထမ်း ၂၉ ဦး၊ အမှုထမ်း ၁၇၂ ဦး၊ ပေါင်း ၂၀၁ ဦးနှင့် စံကိုက်ဖွဲ့စည်းပုံ ပြည်ထောင်စုအစိုးရအဖွဲ့ သို့ တင်ပြဆောင်ရွက်ဖြစ်ပြီးကြောင်း ဖြေကြားပါသည်။