မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ Economic Service of Burma ပြည်သူသို့အစီရင်ခံစာ၊ ပြည်သူ့လွှတ်တော်သို့အစီရင်ခံစာ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တင်ပြချက်ဟူ၍ အမည်အမျိုးမျိုးဖြင့် နိုင်ငံတော်၏လူမှုစီးပွားအခြေအနေများကို ၁၉၉၇-၁၉၉၈ ခုနှစ်အထိ နှစ်စဉ် စဉ်ဆက်မပြတ်ထုတ်ပြန် ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့ထင်သာမြင်သာရှိမှု၊ ပွင့်လင်းမှု Transparency ကိုလည်းဖော်ဆောင် ရာရောက်ပါတယ်။ ယင်းအစီရင်ခံစာရပ်တန့်သွားတဲ့နှစ်ကာလများမှာ ပြင်ပနိုင်ငံများမှ သေချာမှု၊ မှန်ကန်မှုမရှိတဲ့ ခန့်မှန်းခြေကိန်းဂဏန်းများကိုသာအမှန်အဖြစ် မှတ်ယူသုံးစွဲနေရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တင်ပြချက်ကို ဆက်လက်ထုတ်ပြန် တင်ပြသွားရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်လက်ထက်မှာ ပြည်သူသို့ အစီရင်ခံစာအမည်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှပြုစုခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများတင်ပြချက် အမည်ဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြုစုဆောင်ရွက်ခဲ့ပါတယ်။ ဖော်ပြပါအစီရင်ခံစာများ၏ ဘဏ္ဍာရေးနှစ်ကို ၁၉၇၃-၁၉၇၄ ဘဏ္ဍာရေးနှစ်နှင့် ယင်းနှစ်မတိုင်မီ ဘဏ္ဍာရေးနှစ်များက အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ် ထားပြီး ၁၉၇၄-၁၉၇၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာရေးနှစ်များကို ဧပြီလ ၁ ရက်နေ့မှ နောက်နှစ် မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ဖော်ပြခဲ့ပါတယ်။ တန်ဖိုးတွက်ချက်ဖော်ပြရာတွင် ၁၉၈၅-၁၉၈၆ ခုနှစ်၊ ပုံမှန်ဈေးနှုန်းများနှင့် ၂၀၀၀-၂၀၀၁ ခုနှစ်အထိတွက်ချက်ထားပြီး တတိယကာလတိုငါးနှစ် စီမံကိန်း၏ ပထမနှစ်ဖြစ်သည့် ၂၀၀၁-၂၀၀၂ ခုနှစ်မှစတင်၍ ၂၀၀၀-၂၀၀၁ ပုံမှန်ဈေးနှုန်းများဖြင့် လည်းကောင်း၊ စတုတ္တကာလတိုငါးနှစ်စီမံကိန်း၏ ပထမနှစ်ဖြစ်သည့် ၂၀၀၆-၂၀၀၇ ခုနှစ်မှစ၍ ၂၀၀၅-၂၀၀၆ ခုနှစ် ပုံမှန်ဈေးနှုန်းများဖြင့်လည်းကောင်း တွက်ချက်ဖော်ပြခဲ့ပါတယ်။ ဖော်ပြပါ နိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တင်ပြချက်စာအုပ်များကို ၁၉၉၇-၁၉၉၈ ခုနှစ်အထိ ပြည်သူသို့ နှစ်စဉ်ထုတ်ပြန်ခဲ့သော်လည်း ၁၉၉၈-၁၉၉၉ ခုနှစ်မှစ၍ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ကျယ်ပြန့်များပြားလာသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းအား ရပ်ဆိုင်းထားပြီး ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ သုတေသီများ၊ နိုင်ငံတကာစီးပွားရေးနှင့် ငွေကြေးအဖွဲ့အစည်းများ အား မှန်မှန်ကန်ကန်လေ့လာသုံးသပ်ခွင့်ရနိုင်ရန်အတွက် ဤဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ နိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ဖော်ပြသည့်လစဉ်စာရင်းအင်း စာစောင်များ၊ နှစ်ချုပ်စာရင်းအင်းစာစောင်များနှင့် CD များကို ထုတ်ပြန်ပေးလျက်ရှိပါကြောင်းနှင့် ဆိပ်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှိန်ကျော်ဝင်း၏ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများတင်ပြချက်ကို ဆက်လက်ထုတ်ပြန်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းအပေါ် ယခင်ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများတင်ပြချက်ကို ပြန်လည်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ရန်အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
