မေးမြန်းလိုတဲ့ပထမမေးခွန်းကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်လို့ အကျဉ်းချုပ် လေးရှင်းပြပေးပါခင်ဗျား။ ဒုတိယမေးခွန်းကတော့ ဒီစီမံကိန်းကြီးနဲ့အတူ ကျွန်တော်တို့ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲ သိလိုပါတယ်ခင်ဗျား။ တတိယ မေးခွန်းအနေနဲ့ကတော့ ဒီစီမံကိန်းကြီးတည်ဆောက်နေတဲ့ နဘူးလယ်ဒေသအတွင်းမှာ ရွှေ့ပြောင်း ရမယ့် ဒေသခံရွာ ၁၉ ရွာ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေတွေ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထူထောင်နိုင်ရေး အတွက် မည်ကဲ့သို့အစီအစဉ်များရှိပါလဲဆိုတာ သိချင်ပါတယ်ခင်ဗျား။ နောက်ဆုံးမေးခွန်းအနေနဲ့ ကတော့ ကျေးရွာရှစ်ရွာ ဒီစီမံကိန်းအတွင်းကနေ အရင်ဆုံး ပြောင်းရွှေ့ရမယ်ဆိုတာသိတဲ့အတွက် ဒီပြောင်းရွှေ့ရမယ့်ကျေးရွာရှစ်ရွာအတွက် ဘယ်လိုအစီအစဉ်များရှိပါသလဲဆိုတာကို သိချင်လို့ မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် အနည်းငယ်ရှင်းပြပါရစေ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းမှာရှိတဲ့ နဘူးလယ်ဒေသမှာ တည်ဆောက်နေတဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်ခင်ဗျား။ ရေဖြူမြို့နယ်ဟာ ကျွန်တော်ရဲ့မဲဆန္ဒနယ်လည်းဖြစ်ပါတယ်ခင်ဗျား။ ဒီစီမံကိန်းကြီးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒေသခံ တွေနဲ့ပြည်သူတွေရဲ့ ခံစားချက်ကတော့ ဒီစီမံကိန်းကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်လာဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဝမ်းမြောက်ဝမ်းသာနဲ့ကူညီကြမှာပဲဖြစ်ပါတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းကြီးဟာ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာရှိတဲ့ မက်တာဘွက် ရေနက်စီမံကိန်းထက်ပိုပြီး ကြီးမား တဲ့စီမံကိန်းဖြစ်တဲ့အပြင် အထူးစီးပွားရေးကုန်သွယ်ရေးဇုန်ဖြစ်လာမယ့် နေရာလည်းဖြစ်ပါတယ်။ အဲဒီအခါမှာ ဒေသခံတွေအနေနဲ့လည်း သူတို့တစ်သက်လုံးက နေလာခဲ့ကြတဲ့ နေရာကနေပြောင်းရွှေ့ ပေးရမှာဖြစ်သော်လည်းပဲ ဒေသအတွက် ဖွံ့ဖြိုးလာမယ့်နေရာအတွက် ကျွန်တော်တို့ ဒေသခံပြည်သူ များအလုပ်အကိုင်များရရှိလာနိုင်မယ့် ကိစ္စတွေဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြခြင်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း ရေနက်ဆိပ်ကမ်းစီမံကိန်းကို လွန်ခဲ့သောနှစ် ၄၀ လောက် ကတည်းက ဖြစ်မြောက်တည်ဆောက်နိုင်အောင် ကြိုးပမ်းလာခဲ့တာဖြစ်ပေမယ့် အရင်တုန်းကတော့ တနင်္သာရီတိုင်းအတွင်းက အကျဉ်းဆုံးတစ်နေရာကို ရွေးပြီးတော့ Canal လို့ခေါ်တဲ့ တူးမြောင်း ဖောက်ပြီးတော့သွားနိုင်ဖို့အတွက် သူတို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကလည်း အကြောင်း ကြောင်းကြောင့် မအောင်မြင်ခဲ့ပါဘူး။ အခုလို ကုန်းတစ်ပိုင်းရေတစ်ပိုင်းနဲ့ ရေနက်ဆိပ်ကမ်းကြီး တည်ဆောက် ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ အာဆီယံဒေသအတွင်းက နိုင်ငံများအနေနဲ့ အရှေ့၊ အနောက် ပင်လယ်ကိုရက်ပိုင်းအတွင်း၊ အချိန်တိုတိုအတွင်းနဲ့ ဖြတ်သန်းသွားလာနိုင်မှာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ အင်မတန်အကျိုးများတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်တော့ မလက္ကာရေလက်ကြားကနေ ဖြတ်ပြီးသွားရတဲ့ အခါတုန်းက အချိန် ကုန်တာတွေ၊ ကုန်ကျစရိတ်တွေများတာတွေ ဖြတ်တောက်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီ စီမံကိန်းကြီး အောင်မြင်ဖို့အတွက်လည်း ထိုင်းနိုင်ငံဘက်ကလည်း အထူးကြိုးစားနေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ပထမမေးခွန်းလေးကို ကျွန်တော် မေးရခြင်းဖြစ်ပါတယ်။ ဒုတိယ မေးခွန်းဖြစ်တဲ့ စီမံကိန်းနဲ့အတူ ကျွန်တော်တို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုအစီ အစဉ်များရှိပါသလဲဆိုတာမှာ ကျွန်တော်တို့ ရေဖြူမြို့နယ်ထဲမှာပဲ ကံပေါက်ဒေသမှာဆိုလို့ရှိရင် Total ဓာတ်ငွေ့ပိုက်လိုင်း ထိုင်းနိုင်ငံကိုသွယ်ထားတာရှိပါတယ်။ အနောက်ပိုင်းမှာ ပတ်ထရိုနတ်စ် ကနေ ဓာတ်ငွေ့ပိုက်လိုင်း သွယ်ထားတာရှိပါတယ်။ ယခုဆိုရင် ထိုင်းနိုင်ငံ PTT နဲ့ ဇောတိက စီမံကိန်းဆိုပြီး တော့လည်း ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းတွေရှိနေပါတယ်။ အဲဒီနေရာတွေမှာ ကျွန်တော် တို့ဘာတွေ့ရလဲဆိုတော့ ဒီစီမံကိန်းလုပ်တဲ့ ကုမ္ပဏီတွေကနေပြီးတော့ ဒီဒေသအတွင်းမှာ ရှိတဲ့ ကျေးရွာ လေးတွေကို ပညာရေးအပိုင်း၊ ကျန်းမာရေးအပိုင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ရွာချင်းဆက်လမ်းတွေ၊ ရွာချင်းဆက်တံတားလေးတွေ အဆင်ပြေပြေကူးသန်း သွားလာနိုင်အောင် စသဖြင့် စာသင်ကျောင်း၊ လူမှုရေး၊ သာသနာရေးတော်တော်များများမှာ ကူညီလုပ်ကိုင် တည်ထောင် ပေးထားတာတွေ ကျွန်တော်တို့တွေ့ရပါတယ်။ သို့သော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက် လို့တော့ အဲဒီအပိုင်းတွေ ကျွန်တော်တို့ မတွေ့ရသေးတဲ့အတွက် ကျွန်တော်မေးမြန်းရခြင်းဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့ ဒေသကြီးဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာကတော့ မလွဲဧကန်ပါပဲ။ အခုတောင်မှ ကျွန်တော်တို့ဒေသခံများ ဘာတွေအရင်အကျိုးကျေးဇူးခံစားရသလဲဆိုတော့ အရင် တုန်းက နှစ်ပေါင်းများစွာငြိမ်သက်နေခဲ့တဲ့ ထားဝယ်မြို့လေး၊ ထားဝယ်ခရိုင်လေးဟာ ခုအချိန်မှာ ဆိုရင် လှုပ်လှုပ်ရှားရှားနဲ့ တိုင်းဒေသကြီးရဲ့ မြို့တော်လည်းဖြစ်လာသလို ရေနက်ဆိပ်ကမ်းစီမံကိန်း များကြောင့် မြေဈေးတွေ၊ အိမ်ရာဈေးတွေလည်း အဆမတန်ထိုးတက်ကုန်တဲ့အတွက် ဒေသခံများ လည်း ဒီအပေါ်မှာကျေနပ်နေကြပါတယ်။ ဝမ်းသာနေကြပါတယ်။ သိပ်ပြီးတက်သွားတဲ့အခါကျတော့ လည်းမကောင်းဘူးပေါ့ခင်ဗျား။ ကျွန်တော်တို့ ဒေသခံတွေ ပြန်မဝယ်နိုင်တော့ဘူးခင်ဗျား။ ဒေသကြီး ဖွံ့ဖြိုးတိုးတက်သလို တစ်ဖက်မှာလည်း တစ်သက်လုံးလုပ်ကိုင်နေထိုင်လာခဲ့တဲ့ နေရာလေးတွေကတော့ ရွှေ့ပြောင်းပြီး အဆုံးခံရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီရသလို တစ်ဖက် မှာလည်း ဆုံးရှုံးမှုလေးတွေကတော့ အနည်းငယ်တော့ရှိနေတာတွေ့ရပါတယ်။ တတိယမေးခွန်း အနေနဲ့ ပြောရရင်တော့ နည်းနည်းအရေးကြီးပါတယ်ခင်ဗျား။ ဒါတွေဟာ ကျွန်တော်တို့ ဒေသခံ ပြည်သူများ လက်တွေ့ခံစားနေရတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် အသေးစိတ်ကလေး နည်းနည်း ရှင်းပြပါရစေ။ ကျွန်တော်တို့ရွာပေါင်း ၁၉ ရွာလောက် ရွှေ့ပြောင်းရမယ်လို့ ကျွန်တော်တို့ သိထား ပါတယ်။ သို့သော်လည်း ဘယ်အချိန်၊ ဘယ်အခါမှာ ရွှေ့ပြောင်းရမယ်။ ဘယ်နှစ်နှစ်နေရင် ရွှေ့ပြောင်း ရမယ်။ ရွှေ့ပြောင်းရမယ့်နေရာ အကြမ်းဖျဉ်းအားဖြင့်တော့ရင် ရငဲ၊ ဧကနီးပိုင်း၊ ဝါးစွမ်း တောပိုင်း ဒီဘက်ကဆိုလို့ရှိရင် ဘဝါး၊ ထွက်ဝါပိုင်း အဲဒီအပိုင်းတွေကို ပြောင်းရွှေ့ရမယ်လို့ အကြမ်းဖျဉ်း သိထားပါတယ်။ သို့သော်လည်း ယခုအချိန်ထိတော့ အဲဒီနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း မရှိသေးပါဘူး။ သူတို့ရွှေ့ပြောင်းရမယ့် ကျေးရွာနေရာတွေအတွက် ပြန်လည် တည်ဆောက်မှုတွေ၊ တည်ထောင်မှုတွေလုပ်နေတာ ကျွန်တော်တို့မတွေ့သေးပါဘူး။ သို့သော်လည်းပဲ အောက်ပိုင်းမှာကတော့ ဟိုနေ့ရွှေ့ရမလို၊ ဒီနေ့ရွှေ့ရမလိုဖြစ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေတဲ့အတွက် ကျွန်တော်တို့မေးရခြင်းဖြစ်ပါတယ်။ နောက်တစ်ခါ သူတို့တစ်သက်လုံး တည်ထောင်လာခဲ့တဲ့ သီဟိုခြံ၊ ရာဘာခြံ၊ ကွမ်းခြံ၊ အုန်းခြံ စသဖြင့် ခြံကြီးများ၊ လယ်ယာ၊ဥယျာဉ်မြေများ ကတော့ ဒါတွေလည်း စီမံကိန်းမှာပါသွားမှာပါပဲ။ အသိမ်းခံရမှာပါပဲ။ ဒီအပိုင်းတွေနဲ့ ပတ်သက်လို့က တော့သက်ဆိုင်ရာလျော်ကြေး စီစဉ်ပေးမယ်လို့သိရပါတယ်။ ဥယျာဉ်ခြံမြေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ပြောင်းရွှေ့သွားပြီးလို့ရှိရင်လည်း နှစ်ရှည်စီမံကိန်းနဲ့ ပြန်လည်တည်ထောင်ရမှာဖြစ်ပါ တယ်။ အဓိကပြောချင်တာကတော့ လယ်ယာမြေကိစ္စပါပဲ။ အဲဒီဒေသ ၁၉ ရွာအတွင်းမှာရှိတဲ့ လယ်ယာမြေများ၊ လူဦးရေသုံးသောင်းကျော်ရှိတဲ့ လယ်ယာမြေများ သူတို့စပါးစိုက်ပျိုးပြီးတော့ သူတို့ဒေသထွက်တဲ့ဆန်ကိုပဲ သူတို့ပြန်ပြီးတော့စားသုံးနေပါတယ်။ ဒါပေမယ့် သူတို့အဲဒီဒေသက မြေဆီသြဇာမကောင်းဘဲနဲ့ သဲဆန်တဲ့မြေမျိုးဖြစ်တဲ့အတွက်ကြောင့် လယ်တွေဟာဆိုလို့ရှိရင် တစ်ဧက မှာတင်း ၂၀၊ ၂၅ ထွက်နိုင်ဖို့ အတော်ကြိုးစားပြီးလုပ်ယူရပါတယ်။ သူတို့ဆီက ထွက်တဲ့ဆန်ကလည်း သိပ်မကောင်းပါဘူးခင်ဗျား။ အမျိုးအစားလည်းညံ့ပါတယ်။ ဒါလည်း ကျွန်တော်သူတို့နဲ့အတူတူ စားသောက်ခဲ့လို့ သိရတာပါခင်ဗျား။ သူတို့ဒေသအတွက်တောင်မှ သူတို့မလောက်ဘဲနဲ့ အမြဲတမ်း အပြင်ကနေပဲ ဆန်ကိုဝယ်စားနေရပါတယ်။ အခုလို လယ်ယာမြေတွေ ပြောင်းရွှေ့လိုက်တဲ့အခါမှာ နောက်ပြောင်းရွှေ့ရမယ့်နေရာမှာ ပြန်လည်လုပ်ကိုင်စားသောက်နိုင်မယ့် လယ်ယာမြေနေရာမရှိဘူး ဆိုရင် သူတို့မှာတော့ လောလောဆယ်မှာ စားရေး၊ သောက်ရေး၊ ဆန်စပါးကိစ္စတော်တော် အခက်အခဲ တွေ့နိုင်ပါတယ်။ အဲဒီတော့ အပြင်ကနေ ဝယ်စားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသအတွင်းမှာ ဆန်တွေကို ထိန်းချုပ်ထားတဲ့အတွက်လည်း ဈေးကြီးပေးစားရမယ့်ဒုက္ခမျိုးနဲ့ တွေ့ကြုံနိုင်ပါတယ်။ အဲဒီတော့ လယ်ယာမြေတွေ ပြန်လည်ထုတ်ဖော်ပေးနိုင်ဖို့ မြေလွတ်၊ မြေရိုင်းများရှိရင်ဖြင့် သူတို့ကို လယ်မြေပြန်လည်ဖော်ထုတ်ခွင့်ပေးပါ။ ဒါမှသာသူတို့စိုက်ပျိုးစားသောက်နိုင်ပါလိမ့်မယ်။ လယ်ယာမြေ ပြန်လည်ဖော်ထုတ်ခွင့်ပေးရင်လည်း အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်လောက် မြေရိုင်းကို ပြုပြင်ပြီးမှသာ စိုက်ပျိုးနိုင်မှာဖြစ်တဲ့အတွက် ဒါလေးကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုဌာနများ ကူညီပေးပါလို့ ကျွန်တော်တို့ပြောလိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဒေသမှာ ဒီစီမံကိန်းကြောင့် ြမေဈေးတွေ အရမ်းတက်လာတဲ့အခါကျတော့ ရှိရှိသမျှပတ်လည်ကနယ်တွေ ချောင်ကြိုချောင်ကြား မကျန်ရှာပြီး မြေတွေဝယ်ကြတယ်ခင်ဗျား။ အဲဒီ မြေဝယ်ကြတဲ့သူတွေဟာ များသောအားဖြင့် ရန်ကုန်၊ မန္တလေးနဲ့ တခြားတိုင်းတွေက ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံများကတော့ ရောင်းလို့ရတဲ့ ပိုက်ဆံတွေ ဘာလုပ်ရမှန်းမသိဘဲနဲ့ ဟိုပြေးဒီပြေးနဲ့ နောက်ဆိုရင် မြေပိုင်တောင်ရှိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်စိတ်ပူတာကတော့ ဒီလိုမြေတွေအားလုံးကို ဝယ်ထားလိုက်တဲ့ အခါကျတော့ ဒီပြောင်းရွှေ့ရမယ့် ရွာတွေအတွက် စိုက်ပျိုးရမယ့်မြေတွေ မရှိတော့ဘူးထင်တယ်။ ဒါဆိုရင် ကျွန်တော်တို့ ဒီပြောင်းရွှေ့သွားရတဲ့ ကျေးရွာကသူတွေ ဘာနဲ့ပြန်လည်လုပ်ကိုင် စားသောက်ကြမလဲ။ သူတို့ဟာ မိရိုးဖလာတစ်သက်လုံးက စိုက်ပျိုးလုပ်ကိုင်စားသောက်လာခဲ့ကြတယ်။ တချို့က ရေလုပ်ငန်းလေး လုပ်ကြတာရှိပါတယ်။ အဲဒီတော့ သူတို့မှာ နေစရာအိမ်နေရာလေးတော့ရပါရဲ့ ပြန်လည် လုပ်ကိုင်စားသောက်ဖို့အတွက် မရှိဘူးဆိုရင် ဒီရတဲ့လျော်ကြေးတွေကိုလည်း ဘယ်လိုပြန်ပြီးတော့ အသုံးချပြီး ဘယ်လိုလုပ်ကိုင်စားသောက်ရမှန်း မသိဘူးဆိုရင် တခြားမလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိတ်ပူလို့မေးရခြင်း ဖြစ်ပါတယ်။ တစ်ခါပြောင်းရမယ့် ကျေးရွာတွေမှာ လျော်ကြေးကိစ္စတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဒုတိယဝန်ကြီး သူရဦးသောင်းလွင် ဦးဆောင်တဲ့ အဖွဲ့ကလာပြီး ရှင်းလင်းပြတဲ့အခါ လူကြီးတွေရဲ့ စီမံပေးမှု၊ နိုင်ငံတော်ရဲ့ စေတနာ အင်မတန် ကောင်းပါတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူများကလည်း အရမ်းကိုဝမ်းသာကြပါတယ်။ အဲဒီလိုသာ ဆိုရင်ဖြင့် အားလုံးအမြန်ဆုံးပြီးမြောက်အောင်မြင်အောင် ဝိုင်းကူညီကြမယ်လို့လည်း ကတိပြု ခဲ့ကြပါတယ်။ သို့သော် အုပ်ချုပ်ရေးအပိုင်း၊ အောက်ခြေပိုင်းက ကျွန်တော်တို့ကျေးရွာတွေမှာ လုပ်နေတဲ့ အခါကျတော့ တစ်မျိုးဖြစ်သွားပြန်ရော။ ဥပမာပြောရရင် ဒီဒေသမှာနေကြတဲ့သူတွေဟာ တစ်သက်လုံးနေလာကြတဲ့ အခါကျတော့ တချို့ခြံကြီး၊ ဝင်းကြီးတွေကလည်း တစ်ဧကလောက် ကျယ်ပါတယ်။ စပါးကျီကြီးတွေနဲ့ နွားတင်းကုပ်တွေနဲ့၊ ကွမ်းခြံတွေနဲ့၊ ကွမ်းပင်တွေနဲ့ ရာသီသီးနှံပင် တွေနဲ့ စိုက်ပျိုးထားတာတွေလည်းရှိပါတယ်။ တချို့လည်း အနည်းငယ်ဆင်းရဲတဲ့အတွက်ကြောင့် ခြံသေးသေးတွေနဲ့ နေကြတာဖြစ်ပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာလျော်ကြေးပေးဖို့တွေအတွက် စာရင်းတွေလိုက်ကောက်တဲ့အခါကျတော့ သူတို့နဲ့အဆင်ပြေတဲ့လူဆိုရင် ခြံသေးသော်လည်းပဲ ခြံကြီးတွေလို့ သတ်မှတ်ပေးပါတယ်။ သူတို့နဲ့ အဆင်မပြေတဲ့သူဆိုရင် ခြံကြီးသော်လည်းပဲ ခြံသေးလို့ပဲ သတ်မှတ်ပေးပါတယ်။ ကွမ်းပင်တွေ ၂၀၀ လောက်ရှိပါတယ်ဆိုရင် သူနဲ့ အဆင်ပြေတဲ့သူဆို ၄၀၀ သတ်မှတ်ပေးပါတယ်။ ကွမ်းပင်တွေ ၆၀၀ လောက် ရှိသော်လည်းပဲ သူတို့နဲ့အဆင်မပြေတဲ့သူဆို ၂၀၀ ပဲ သတ်မှတ်ပေးပါတယ်။ ဒီလိုမတရားမှုတွေဖြစ်လာတဲ့ အခါကျတော့ သက်ဆိုင်ရာကျေးရွာ များက တိုင်ကြားထားတာတွေ ရှိလာပါတယ်။ သူတို့တိုင်ကြားတဲ့ အခါမှာလည်း ကျွန်တော်တို့လို ကိုယ်စားလှယ်တွေကို အားကိုးပြီးတော့ တိုင်ကြားတာဖြစ်ပါတယ်။ သူတို့ တိုင်ကြားလာတဲ့ ကိစ္စတွေကို ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တို့ကို တင်ပြခဲ့ပါတယ်။ သိသာရန်နှင့်ကူညီပေးပါရန် ဆိုပြီးတင်ပြခဲ့ပါတယ်။ သို့သော် ကူညီမှုတော့မရခဲ့ပါဘူး။ ကျွန်တော်တို့ ကိုတော့ အုပ်ချုပ်ရေးပိုင်းမှာ ဝင်မပါပါနဲ့လို့ ဆူပူကြိမ်းမောင်းခံရပါတယ်။ ဒီအပိုင်းတွေမှာ ကျွန်တော်တို့ ပြည်သူများ၊ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်များကို ကူညီပေးနိုင်ခြင်းမရှိဘဲနဲ့ ဒီအတိုင်းပဲ ငုတ်တုတ်ထိုင်ကြည့်ရတဲ့ဘဝ ရောက်သွားပါတယ်။ အဲဒီလိုသာ ကျွန်တော်တို့ရဲ့ ဒေသအတွင်းမှာ တရားမျှတမှုမရှိဘဲ အာဏာရှင်စနစ်ကြီးစိုးလာမယ်ဆိုရင် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘဲနဲ့ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်တွေအတွက် စိတ်မကောင်းစွာနဲ့ဘဲ ဒီအတိုင်းပဲကြည့်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကို ကူနိုင်ကယ်နိုင်မယ့်လူများရှိရင် ကူကြပါဦးလို့ ကျွန်တော် ဒီနေရာက နေပြီးတော့ တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ ကျေးရွာရှစ်ရွာ အရင် ပြောင်းရမယ်။ သူတို့အတွက် ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲလို့ တင်ပြတဲ့နေရာမှာ ကျွန်တော်တို့ သတင်းတွေအရ ပထမကျေးရွာ ရှစ်ရွာပြောင်းရမယ်။ နောက်မဟုတ်သေးဘူး။ ငါးရွာပြောင်းရမယ်။ မဟုတ်သေးဘူး။ ဒီစီမံကိန်းကြီးက ရပ်ဆိုင်းနေတယ်။ ဒါမလုပ်သေးဘူးစသဖြင့် အမျိုးမျိုးကြားနေရတဲ့ အတွက်ကြောင့် ကျွန်တော်တို့နဲ့အတူ ဒေသခံပြည်သူများစိုးရိမ်နေရတဲ့အပိုင်းမှာ သေသေချာချာ ရှင်းရှင်းလင်းလင်း လေးသိလိုပါကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းဖြစ်သည့် စီမံကိန်းနှင့် ပတ်သက်သည့် အခြေအနေအကျဉ်းချုပ်ကို စတင် ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Italian-Thai Development Public Co. Ltd(ITD)တို့ဟာ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် နားလည်မှု စာချွန်လွှာ Memorandum of Understanding လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် မူဘောင်သဘောတူစာချုပ် Framework Agreement လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်က ထားဝယ်အထူးစီးပွားရေး ဇုန်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၁)ဖြင့် နိုင်ငံတော်သမ္မတမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၂၆ ဦးပါဝင်သော မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ကိုလည်းကောင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၁၉ဦး ပါဝင်သော မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းကာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ထောင်ရေးစီမံကိန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အဆင့််မြင့် နည်းပညာ စက်မှုဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့်နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းဇုန်များ၊ တစ်ဆင့်ခံကုန်သွယ်မှုဇုန်များနှင့် အစိုးရက အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များပါဝင်မှာ ဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဆိပ်ကမ်းလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ၊ ပြည်တွင်းပြည်ပသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ခြင်းနှင့် တင်ပို့သည့်ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း၊ သတ္တုပစ္စည်းလုပ်ငန်းနှင့် သစ်တောထွက် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများစသည့် ထုတ်လုပ်မှုကို အခြေခံသောလုပ်ငန်းများ၊ ကုန်သွယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ကုန်သိုလှောင်ရေး၊ ဟိုတယ်ခရီးသွားလာရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ လူနေရပ်ကွက်များ၊ အခြေခံအဆောက်အအုံ ဖြည့်ဆည်းထောက်ပံ့ရေးဌာန များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်သည့် စိမ်းလန်းြမေများ၊ အနားယူအပန်းြဖေ စခန်းများစသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ လမ်း၊ တံတား၊ လေဆိပ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေရရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရေးစသည့် အခြေခံအဆောက်အအုံလုပ်ငန်းများ၊ ဗဟိုအစိုးရအဖွဲ့က သဘောတူညီချက်ဖြင့် သတ်မှတ်သည့် အခြားလုပ်ငန်းများကို ရင်းနှီးမြှပ်နှံရန် ခွင့်ပြုမှာဖြစ်ပါတယ်။
ဦးစားပေးလုပ်ကိုင်ကြစေရန် အားပေးမည့်လုပ်ငန်းများမှာ အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ် မှုလုပ်ငန်းများ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ထွန်းစေမည့်လုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုပိုမိုတိုးမြင့်စေမည့်လုပ်ငန်းများ၊ အခြေခံအဆောက်အအုံများဖွံ့ဖြိုး တိုးတက်စေမည့် လုပ်ငန်းများ၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ဖြစ်ထွန်းလာစေမည့် လုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံ မှုပါဝင်သည့်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဖြစ်ပါတယ်။ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ တင်ပြရလျှင် အထူးစီးပွားရေးဇုန်နယ်နိမိတ်ဧရိယာ ၂၀၄.၅၀၈ စတုရန်းကီလိုမီတာကို တိုင်းတာထား ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် ပြင်ဆင်လျက် ရှိပါတယ်။ စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးတည်ဆောက်သူ Developer ဖြစ်သည့် Italian-Thai Development Public Co.,Ltd(ITD) အနေဖြင့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်မှုနယ်မြေများ အပါအဝင် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် မော်တော်ကားလမ်း၊ ရထားလမ်းစသည်တို့အတွက် အမေရိကန်ဒေါ်လာသန်း ၈၆၀၀ ခန့်ရင်းနှီး မြှုပ်နှံကာ စီမံကိန်းအား ၁၀ နှစ်အတွင်းအပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဆက်လက်ပြီး ဒုတိယမေးခွန်းဖြစ်တဲ့ စီမံကိန်းနှင့်အတူ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အတွက် မည်သို့အစီအစဉ်ရှိပါသလဲဆိုသည့်မေးခွန်းကို ြဖေကြားသွားမှာဖြစ်ပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန်အတွင်းတွင် တနင်္သာရီတိုင်းဒေသကြီး နယ်မြေအတွင်းထွက်ရှိသည့် ရာဘာ၊ ဆီအုန်း၊ ရေထွက်ပစ္စည်း စသည့်ကုန်ကြမ်းများကိုအခြေခံကာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် စက်မှုလုပ်ငန်းများ ထည့်သွင်းနိုင်ရေးအတွက် Italian-Thai Development Public Co.Ltd(ITD)နှင့် ညှိနှိုင်းထားပြီး ဖြစ်၍ ဒေသတွင်းထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်း ပွင့်လန်းစေမှာဖြစ်ပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဖောက်လုပ်မည့်ကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာမည်ဖြစ်၍ ဒေသတွင်းထွက်ကုန်များ နယ်စပ်ဖြတ်ကျော် တင်ပို့ခြင်း၊ ဒေသတွင်း လိုအပ်သည့်ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်တင်သွင်းခြင်းတို့ ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ထို့အပြင် အထူးစီးပွားရေးဇုန်၏ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံအတွင်း အခြားဒေသများနှင့် ဆက်စပ်ဖောက်လုပ်ထားရှိသည့် ကားလမ်း၊ ရထားလမ်းများလည်း အဆင့်မြှင့်တင်လာနိုင်မည်ဖြစ်၍ ဒေသတွင်းလမ်းပန်း ဆက်သွယ် ရေးများစွာဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ များပြားစွာပေါ်ပေါက်လာမည်ဖြစ် ၍ ဒေသခံလူထုအတွက်သာမက မြန်မာနိုင်ငံအတွင်း အခြားဒေသများရှိ လူထုအတွက်ပါ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၅၀(က)၊ (ခ)နှင့်(ဂ)တို့အရ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူအလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ကိုလုပ်ငန်းစတင်သည့်နှစ်မှ ပထမငါးနှစ် ကုန်ဆုံးချိန်တွင် အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ငါးနှစ် ကုန်ဆုံးချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ် ကုန်ဆုံးချိန်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း အသီးသီးခန့်ထားရမည်ဟုလည်းကောင်း၊ နိုင်ငံသားကျွမ်းကျင်သူအလုပ်သမားများ ခန့်ထားနိုင်ရန် နိုင်ငံသားဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်ဟုလည်းကောင်း၊ ကျွမ်းကျင်မှုမလိုသော လုပ်ငန်း များတွင် နိုင်ငံသားများကို ခန့်ထားရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ သို့ပါ၍ ဒေသတွင်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်ကာ ၎င်းတို့၏ ကျွမ်းကျင်မှုအဆင့်အတန်းများလည်း မြင့်တက်လာကြမှာဖြစ်ပါတယ်။ ဆက်လက်ပြီး တတိယမေးခွန်းဖြစ်သည့် ဒေသခံပြည်သူများအတွက် နေရာပြောင်းရွှေ့ခြင်း၊ လယ်ယာ၊ ဥယျာဉ်ခြံမြေ များပြန်လည်စိုက်ပျိုးလုပ်ကိုင်ရေး မည်ကဲ့သို့စီစဉ်ထားပါသလဲဟူသည့် မေးခွန်းနှင့် စတုတ္ထမေးခွန်း ဖြစ်သည့် ကျေးရွာရှစ်ရွာ အရင်ပြောင်းမည်ဟုကြားရ၍ ၎င်းရွာများအတွက် မည်ကဲသို့စီစဉ်ထားပါ သလဲဟူသည့်မေးခွန်းများနှင့် ဆက်စပ်နေသည့်အတွက် တစ်ပေါင်းတည်း ြဖေကြားအပ်ပါတယ်။
ထားဝယ်စက်မှုဇုန်နယ်နိမိတ်အတွင်း လောင်းလုံမြို့နယ်မှ ညောင်ပင်ဆိပ်ကျေးရွာ၊ ရေဖြူ မြို့နယ်မှ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ မူဒူးရွာနှင့် ကလုတ်ထာကျေးရွာတို့ပါဝင်ပြီး ရွှေ့ပြောင်းရမည့် ကျေးရွာစုစုပေါင်းခုနှစ်ရွာရှိပါတယ်။ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီးနဲ့ မူဒူးရွာတို့ကို ဘဝါရွာတွင်လည်းကောင်း၊ ညောင်ပင်ဆိပ်ကို ပန်းသေအင်းရွာတွင်လည်းကောင်း၊ ကလုတ်တာကျေးရွာကို ကလုတ်ကျေးရွာအနီးပတ်ဝန်းကျင်တွင် ပြန်လည်နေရာချထားရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပြောင်းရွှေ့နေရာချထားရာမှာ သက်ဆိုင်ရာကျေးရွာလူထု ဆုံးရှုံး သွားသည့်နှစ်တို၊ နှစ်ရှည်သီးနှံစိုက်ခင်းများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်ကျေနပ်သည့် ဒေသန္တရ ပေါက်ဈေးအတိုင်းပေးလျော်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့ယာယီနှင့် Italian-Thai Development Public Co.,ltd. (ITD) တို့ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ကျေးရွာများကိုပြောင်းရွှေ့ရာမှာ မူလနေရာမှ နေရာသစ်သို့ ပြောင်းရွှေ့ရမည့်လူထုအတွက် နေထိုင်မှု၊ စိုက်ပျိုးလုပ်ကိုင်မှုအတွက် မြေအကျယ်အဝန်းအလုံ အလောက်ရရှိရန်၊ နေထိုင်မှုသက်သက်သာမက လုပ်ကိုင်စားသောက်နိုင်ရန်၊ လယ်မြေ၊ နှစ်တို၊ နှစ်ရှည်သီးနှံစိုက်ပျိုးနိုင်မည့် မြေများဖော်ထုတ်ပေးရန်၊ နေရာဟောင်းမှ နေရာသစ်သို့ပြောင်းရွှေ့ ရာတွင် လယ်ယာလုပ်ငန်းနှင့်နှစ်တို နှစ်ရှည်သီးနှံစိုက်ပျိုးမှုတို့မှဝင်ငွေမရသေးမီ မိသားစုရပ်တည်ရေး အတွက် လစဉ်၊ နှစ်စဉ်ထောက်ပံ့ငွေများပေးအပ်ရန်၊ အကယ်၍ မရွှေ့ပြောင်းမီမူလနေရာတွင် လယ်ယာစိုက်ပျိုးရေး ဆက်လက်လုပ်ကိုင်ခွင့်ပြုထားပြီးနှစ်ရှည်၊ နှစ်တိုသီးနှံစိုက်ပျိုးမှုကို နေရာသစ် တွင်စတင်ဆောင်ရွက်ထားပြီးမှ အဆင့်ဆင့်ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးဖြင့်ရပ်တည်သော မိသားစုဖြစ်ပါက လယ်ယာစိုက်ပျိုးရန်ပြင်ဆင်ချိန်ရှိပါက စိုက်ပျိုးနိုင်အောင်စီစဉ်ပေး၍ မူလမြေ အတိုင်းစိုက်ပျိုးကာဝင်ငွေရရှိစေရန်၊ လယ်ယာစိုက်ပျိုးချိန်ကြားကာလတွင် ပြောင်းရွှေ့ရပါက ထိုလယ်ယာစိုက်ပျိုးချိန်ကာလအတွက် ၎င်းတို့ဝင်ငွေဆုံးရှုံးပြီး၊ ရေရှည်ရပ်တည်ရန် အခက်အခဲ ရှိသဖြင့် နောင်တစ်ချိန် သီးနှံပေါ်သည်အထိ လစဉ်ထောက်ပံ့ကြေးပေးရန်၊ နှစ်ရှည်သီးနှံအပေါ်တွင် သာဝင်ငွေမှီခိုရပ်တည်နေရသောမိသားစုဖြစ်ပါက ၎င်းနှစ်ရှည်သီးနှံအတိုင်း နေရာသစ်တွင်စိုက်ပျိုး စေပြီး ဝင်ငွေရရှိချိန်မှသာ ထိုဝင်ငွေဖြင့် ဆက်လက်ရပ်တည်နိုင်ရေးပြောင်းရွှေ့ပေးရန်၊ အချိန်စော၍ ပြောင်းရွှေ့ပေးစေလိုပါက ထိုနှစ်ရှည်ဝင်ငွေဖြင့် မိသားစုရပ်တည်နိုင်သည့် အခြေအနေအတိုင်း လစဉ်၊ နှစ်စဉ်ထောက်ပံ့ကြေးပေး၍ အာမခံချက်ပေးထားရန်စသည်တို့ကို Italian-Thai Development Public Co.ltd. သို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကျေးရွာများပြောင်းရွှေ့မှုတွင် တစ်ပါတည်းပါရှိ ရမည့်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ဈေး၊ သာသနိကအဆောက်အအုံများ စသည်တို့ကို ကျေးရွာ ပြောင်းရွှေ့ချိန်တွင် အဆင်သင့်ဖြစ်စေရန် ဆောင်ရွက်ပေးရန်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ် ပါတယ်။ ပြောင်းရွှေ့သည့်ကျေးရွာများမှ မိသားစုများအတွက် သွပ်မိုး၊နှစ်ထပ်တိုက်ခံအိမ်အမျိုးအစား ဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်။ အငယ်စား Small Size အိမ်ပုံစံသည် ဧရိယာအကျယ်အဝန်း ၁၂၉.၅၀ စတုရန်းမီတာ၊ အလတ်စား Medium Size အိမ်ပုံစံသည် ဧရိယာ အကျယ်အဝန်း ၁၆၁.၅၀ စတုရန်းမီတာနှင့်အကြီးစား Large Size အိမ်ပုံစံသည်ဧရိယာအကျယ်အဝန်း ၁၉၇.၅၀ စတုရန်းမီတာ ရှိမှာဖြစ်ပါတယ်။ ပြောင်းရွှေ့ရမည့်ကျေးရွာများအတွက် လူမှုရေး၊ စီးပွားရေးအစစ အဆင်ပြေအောင် ထည့်သွင်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ အထူးစီးပွားရေးဇုန် တည်ဆောက်မှုနှင့်ပတ်သက်၍လည်းကောင်း၊ ထိုင်းနိုင်ငံနှင့်ဆက်သွယ်သည့်လမ်းကြောင်း ဖောက်လုပ် ခြင်းကြောင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လေ့လာဆန်းစစ်မှုများ Environmental Impact Assessment ၊ လူမှုဘဝထိခိုက်မှုကို လေ့လာဆန်းစစ်မှုများ Social Impact Assessment ကိုစနစ်တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဤသို့လေ့လာဆန်းစစ်ရာမှာ ရေနက်ဆိပ်ကမ်းနှင့်စက်မှု နယ်မြေများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယ အဖွဲ့အစည်း Third Party ဖြစ်သည့် TEAM Consulting Engineering and Management Co; Ltd.ကလည်းကောင်း၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့်လမ်းကြောင်းနှင့်ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယအဖွဲ့အစည်းဖြစ်သည့် Chulalongkorn University and Tesco Co; Ltd. တို့ကလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ လေ့လာဆန်းစစ် ပေးရန် ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
