(ဂ)-မြန်မာ့လွတ်လပ်ရေးဗိသုကာအာဇာနည်ခေါင်းဆောင်ကြီးတစ်ဦး၏ ဓာတ်ပုံနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၉) ရက်မြောက်နေ့ (၂၁-၁၀-၂၀၁၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၁၉၆၂ ခုနှစ်မှစ၍ ၂၆ နှစ်တိုင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလတွင် နိုင်ငံတစ်ဝန်း အစိုးရရုံးဌာန အသီးသီးရှိ အစည်းအဝေးခန်းမများနှင့် အရာထမ်းတို့ရဲ့ အခန်းနံရံများတွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးရဲ့ဓာတ်ပုံနှင့် ထိုခေတ်ကာလ နိုင်ငံတော်အစိုးရ ခေါင်းဆောင်ကြီးတစ်ဦးတို့ရဲ့ ဓာတ်ပုံတို့အား ဂုဏ်ယူလေးစားစွာ အတူချိတ်ဆွဲခဲ့ကြပါတယ်။      ၁၉၈၈ ခုနှစ်မှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရတာဝန်ယူနေသည့် ၁၉၉၆ ခုနှစ်ကာလအထိ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးတည်း၏ဓာတ်ပုံအား ဆက်လက်ချိတ်ဆွဲထားရှိခဲ့ကြ ပါသော်လည်း ၁၉၉၇ ခုနှစ်ကာလ၌ ချိတ်ဆွဲထားရှိခြင်းမပြုကြရတော့ပါ။ ထိုသို့ ချိတ်ဆွဲခြင်း မပြုရတော့တဲ့ ၁၉၉၇ ခုနှစ်ကာလ၌ ကျွန်တော်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အရာထမ်း တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သဖြင့် ကိုယ်တိုင်သိရှိကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်ပါတယ်။ ယနေ့ခေတ် အချိန်ကာလသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ လက်ရှိ ပြည်ထောင်စုအစိုးရမှ ဦးဆောင်လျှောက်လှမ်းနေပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ပြန်လည် သင့်မြတ်ရေးဖော်ဆောင်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ ပြည်သူများ၏ ကိုယ်စားမေးခွန်းနှစ်ခုအား မေးမြန်းအပ်ပါတယ်။ (၁) အစိုးရရုံး၊ ဌာနနှင့်စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ အစည်းအဝေးခန်းမများနှင့် အရာထမ်းများ၏ အခန်းနံရံ များတွင် မြန်မာ့လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံ အားပြန်လည်ချိတ်ဆွဲခွင့်ရှိပါသလား။ (၂) ပြန်လည်ချိတ်ဆွဲခွင့်ပြုမည် သို့မဟုတ် ပြန်လည် ချိတ်ဆွဲ သင့်သည်ဟုဆိုပါက တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ပေးရန်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

အစိုးရုံးဌာနနှင့် စာသင်ကျောင်းများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ အစည်းအဝေး ခန်းမများနှင့် အရာထမ်းများရဲ့ အခန်းနံရံများမှာ ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓာတ်ပုံချိတ်ဆွဲမှုနဲ့ ပတ်သက်လို့ လက်ရှိနိုင်ငံ့အကြီးအကဲခေါင်းဆောင်ရဲ့ ဓာတ်ပုံကိုသာချိတ်ဆွဲရန် သတ်မှတ်ထားပါ ကြောင်း ဖြေကြားပါသည်။