(၁) နိုင်ငံတော်မှာ လူဦးရေ ၁.၃ သန်း က မသန်စွမ်းသူများဖြစ်နေတဲ့အတွက်ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သူတို့အတွက် ခွင့်ပြု ရန်ပုံငွေကနေ ရာခိုင်နှုန်းဘယ်လောက်သုံးစွဲတယ်ဆိုတဲ့မေးခွန်း မေးမြန်းလိုပါတယ်။ (၂) အနေနဲ့ မသန်စွမ်းသူများအနေနဲ့ အသင်းအဖွဲ့များဖွဲ့စည်းတဲ့အခါမှာ ကျွန်တော်တို့ အခြားအသင်းအဖွဲ့များ နည်းတူ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ခြင်းအားဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုဖို့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ သီးခြားမှတ်ပုံတင်ခြင်းကိစ္စ ကို ဖြေလျော့ပေးဖို့ အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ (၃) အနေနဲ့ မသန်စွမ်းသူများ မှတ်ပုံတင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေပြီးတော့ သီးခြား ပြုလုပ် ပေးဖို့ အစီအစဉ်ရှိ၊မရှိ သိလိုပါတယ်။ (၄) အနေနဲ့ မသန်စွမ်းသူများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန ကနေ ဆောင်ရွက်နေတဲ့ဥပဒေကို ဘယ်အချိန်မှာထုတ်ပြန်ပေးမယ်ဆိုတဲ့ အဖြေကိုသိလိုပါတယ်။ (၅) အနေနဲ့ နိုင်ငံတကာမှာ မသန်စွမ်းမှုနှင့်ပတ်သက်ပြီးတော့ ၈ မျိုးသတ်မှတ်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လောလောဆယ် ၄ မျိုးသတ်မှတ်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သတ်မှတ် ထားတဲ့ ၄ မျိုးက ကိုယ်အင်္ဂါမသန်စွမ်းမှု၊ အမြင်အာရုံချို့ယွင်းသူများ၊ အကြားအာရုံချို့ယွင်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများဆိုပြီးတော့ ၄ မျိုးဖြစ်ပါတယ်။ WHO ကသတ်မှတ်ထားတဲ့ နောက်ထပ် ၄ မျိုးကတော့ မသန်စွမ်းမှုတစ်ခုထက်ပိုပြီးတော့ဖြစ်တဲ့ လူတွေကတစ်မျိုးဖြစ်ပါတယ်။ ဒုတိယအချက်က ဝက်ရူးပြန်တဲ့အတက်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်တဲ့လူတွေကိုလည်း ထည့်သွင်းပြီးတော့ သတ်မှတ် ပေးပါတယ်။ တတိယကတော့ ထူးဆန်းတဲ့ အပြုအမှုရှိတဲ့လူတွေကိုလည်း မသန်စွမ်းမှုတွေအနေနဲ့ သတ်မှတ်ပေးပါတယ်။ (၄) အချက်အနေနဲ့ စိတ်ဝေဒနာရှင်များကိုသတ်မှတ်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့ မူလသတ်မှတ်ထားတဲ့ ၄ မျိုးအပြင် နိုင်ငံတကာမှာသတ်မှတ်နေတဲ့ ကျန်တဲ့ ၄ မျိုးကို သတ်မှတ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ (၆) နောက်ဆုံးမေးခွန်းအနေနဲ့ နိုင်ငံတကာ မှာအထူးသဖြင့် အာဆီယံနိုင်ငံတွေမှာ မသန်စွမ်းသူများကို ဝန်ထမ်းအနေနဲ့ ၁ ရာခိုင်နှုန်းကနေ ၁.၅ ရာခိုင်နှုန်းအထိ တာဝန်များပေးလျက်ရှိပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ အာဆီယံနိုင်ငံ အားလုံးဟာ တစ်ပြေးညီ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့အစီအစဉ်ရှိကြောင်းသိရပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဝန်ထမ်းခန့်ခြင်းနှင့်ပတ်သက်လို့ မည်သည့်အစီအစဉ်ရှိကြောင်း သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်ရှိ မသန်စွမ်းသူများဖွံ့ဖြိုးရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ခွင့်ပြုရန်ပုံငွေမှာ ၅၁၆၉.၂၂ သန်းဖြစ်ပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားသော မသန်စွမ်းအထူးကျောင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော မသန်စွမ်းကျောင်းများအတွက် ဘဏ္ဍာငွေကျပ် ၄၆၁.၈၉၈ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၈.၉၄ ရာခိုင်နှုန်း သုံးစွဲခဲ့ပါတယ်။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတွင် သီးခြားမှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်မှုမရှိပါကြောင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့် လက်ရှိဆောင်ရွက်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ဒါ့အပြင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိတဲ့ မသန်စွမ်းသူ များအတွက် ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ မြန်မာနိုင်ငံတွင် မသန်စွမ်းမှုအမျိုးအစားကို တရားဝင် သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာဌာနများ၊ မသန်စွမ်းအသင်း အဖွဲ့များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်အတွက်လည်း အစီအစဉ်ရှိပါတယ်။ မသန်စွမ်းသူများအတွက် ရေးဆွဲထားသော ဥပဒေမူကြမ်းတွင် အလုပ်ခန့်ထားရမယ့် ဝေပုံကျအချိုးအစားကိုလည်း ထည့်သွင်းရေးဆွဲထားပါ ကြောင်းနှင့် လက်ရှိအနေအထားအရ အလုပ်ခန့်ထားရမယ့် ရာခိုင်နှုန်းသတ်မှတ်ထားခြင်းမရှိပါ ကြောင်း ဖြေကြားပါသည်။
