ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးဖြစ်တဲ့ ၂၀၁၁ ခုနှစ်၊ လယ်ယာမြေ ဥပဒေမှာ တောင်သူလယ်သမားများရဲ့ အခွင့်အရေးများကို ကာကွယ်ရန် ပြဋ္ဌာန်းထားတဲ့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့်များအား မိမိတို့ဆန္ဒအလျောက် အငှားချထားခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ အမွေဆက်ခံခြင်း၊ အပြီးအပိုင်လွှဲပြောင်းပေးခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းပေးခြင်းတို့ကို ခွင့်ပြုသည့် အခွင့်အရေးများ ပေးထားတာကို တွေ့ရပါတယ်။ တောင်သူလယ်သမားများအတွက် များစွာ အကျိုးရှိတဲ့ ပြဋ္ဌာန်းချက်များဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေမှာ ကျွန်တော်တို့ မြေခွန်ကောက်ခံခြင်းအတွက် ပြဋ္ဌာန်းချက်တစ်စုံတစ်ရာတော့ မတွေ့ရှိရပါဘူး။ ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိနိုင်ငံတော်မှာကောက်ခံနေတဲ့ မြေခွန်နှုန်းထားများကို လေ့လာတဲ့အခါမှာ ဗြိတိသျှ အစိုးရလက်ထက် ၁၉၀၉ ခုနှစ်မှ ၁၉၄၀ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ ကြေးတိုင်စိုက်ခြင်းလုပ်ငန်း များအရ မြေခွန်နှုန်းထားများကို တစ်ဧကပျမ်းမျှ အသားတင်အကျိုးအမြတ်၏ သင့်တော်သောအချိုးကို ပေးစွမ်းနိုင်သော အင်အားကိုအခြေခံ၍ သတ်မှတ်ခဲ့ကြောင်းသိရှိရပါတယ်။ ယခုအခါမှာ ဗြိတိသျှ အုပ်ချုပ်စဉ်ကာလက သတ်မှတ်ခဲ့တဲ့အတိုင်း မြေမျိုးကြီးအလိုက် တစ်ဧကပျမ်းမျှ စည်းကြပ်နှုန်းမှာ တစ်နှစ်လျှင် လယ်မြေဆည်ရေသောက်ကို ၄ကျပ် ၂၅ ပြား၊ လယ်မြေမိုးကောင်းသောက်ကို ၂ ကျပ် ၆၅ ပြား၊ ယာမြေတစ်ဧကကို ၁ ကျပ် ၃ ပြား၊ ကိုင်းကျွန်းမြေ ၂ ကျပ် ၄၆ ပြားနဲ့ ဥယျာဉ်ခြံမြေ ၂ ကျပ် ၆၇ ပြား၊ ဓနိ ၄ ကျပ် ၃၄ ပြားနှင့် တောင်ယာ ၁ ကျပ် ၃၇ ပြားဖြစ်ကြောင်းကို သိရှိရပါတယ်။ ယခုအခါမှာ နိုင်ငံတော်မှာ ခုနှစ်အလိုက် မြေခွန်စည်းကြပ်ရငွေ တစ်ဧကပျမ်းမျှ မြေခွန်နှုန်းထားများကို လေ့လာကြည့်ရာမှာ ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း တစ်ဧကတစ်နှစ်ပျမ်းမျှကောက်ခံရရှိတဲ့နှုန်းဟာ ၂ ကျပ် ၅၀ ပြားမှ ၄ ကျပ် ၈၀ ပြား အကြားမှာရှိတာကို တွေ့ရှိရပါတယ်။ ယင်းမြေခွန်စည်းကြပ်မှုများဟာ ဗြိတိသျှများအုပ်ချုပ်ခဲ့စဉ်ကာလက သတ်မှတ်ခဲ့တဲ့ မြေခွန်နှုန်းထားများအတိုင်း ကောက်ခံဆဲဖြစ်ကြောင်းကိုတွေ့ရှိရပါတယ်။ ထိုစဉ်အခါက စပါးဈေးဟာ တစ်တင်းကို ၁ ကျပ်နှုန်းနဲ့ တင်း ၁၀၀ မှာ ကျပ် ၁၀၀ သာ ဈေးရရှိတဲ့ကာလမှာ စည်းကြပ်မှုအဖြစ် တွေ့ရှိရပါတယ်။ ယခုအခါ လယ်ယာကဏ္ဍမှာ တစ်နှစ်လျှင် တစ်သီးမှနှစ်သီး အချို့ဒေသမှာ သုံးသီး အထိ တိုးတက်စိုက်ပျိုးနိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ယခုအခါမှာ နည်းပညာတိုးတက်လာမှု၊ သီးနှံဈေးနှုန်းများမြင့်မားလာမှုနှင့် တောင်သူများကြိုးပမ်းစိုက်ပျိုးလာမှုတို့ကြောင့် ပျမ်းမျှတစ်ဧက လျှင် စပါးတင်း ၇၀ ထွက်ရှိလာပြီး တစ်ဧက တင်း ၁၀၀ ထွက်ရှိရန်လည်း ပန်းတိုင်အထွက်နှုန်းကို မျှော်မှန်းလုပ်ကိုင်လျက်ရှိကြောင်း၊ ဈေးနှုန်းမှာလည်း စပါးတစ်တင်း ၁ ကျပ်ဈေးမှ စပါးတစ်တင်း ၃၀၀၀ ကျပ်ခန့် ဖြစ်လာချိန်မှာ ကိုလိုနီခေတ်ကာလအတိုင်း မြေခွန်ကောက်ခံမည်ဆိုပါက နိုင်ငံတော်အနေနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ပေးရတဲ့ ကုန်ကျစရိတ်နဲ့အဆပေါင်းများစွာ ကွာခြားနေကြောင်း ယနေ့ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေမရှိတော့သည့်အတွက် မြေယာခွန် များကို တောင်သူများအား ဝန်ထုပ်ဝန်ပိုးမပိစေဘဲ တိုးမြှင့်ကောက်ခံရန် အစီအစဉ်ရှိကြောင်း သတင်းများ ကြားသိရပါတယ်။ ဒါ့ကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ တောင်သူလယ်သမား များအတွက် ဝန်ထုပ်ဝန်ပိုးမပိစေသော သင့်တင့်မျှတသည့် မြေယာခွန်တိုးမြှင့်ကောက်ခံရန် အစီအစဉ် ရှိ၊ မရှိ။ မရှိလျှင် မည်သည့်အတွက်ကြောင့်နည်း။ ရှိလျှင်မည်ကဲ့သို့ ဆောင်ရွက်သွားမည်နည်း သိရှိလိုကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းကို ြဖေကြား ရလျှင် လက်ရှိစည်းကြပ်ကောက်ခံနေသော မြေခွန်နှုန်းထားများမှာ ကိုယ်စားလှယ်တော်ကြီး၏ ကနဦး တင်ပြချက်တွင် ပါရှိသည့်အတိုင်း ကိုလိုနီခေတ်၊ ဗြိတိသျှအစိုးရလက်ထက်ကတည်းက နှုန်းထားများ ဖြစ်ပြီး ယင်းနှုန်းထားများမှာ စပါးတင်း ၁၀၀ ကို မြန်မာငွေ ၁၀၀ကျပ်နှုန်းနှင့် ရွှေတစ်ကျပ်သားကို ၃၅ ကျပ်ခန့်ဖြင့် ဝယ်ယူနိုင်ခဲ့သည့် ခေတ်ကာလကပေးဆောင်ခဲ့ရသော ြမေခွန်နှုန်းထားများအတိုင်း ဖြစ်နေ ပါတယ်။ မြေခွန်နှုန်းထားများသတ်မှတ်နိုင်ရေးအတွက် ကြေးတိုင်စိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရ ပါတယ်။ ကြေးတိုင်စိုက်ခြင်းလုပ်ငန်းကို သာမန်အားဖြင့် အနှစ် ၂၀ လျှင် တစ်ကြိမ် ပြန်လည် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ၁၉၃၈ ခုနှစ်မှ ၁၉၄၀ ခုနှစ်အထိ မြောင်းမြခရိုင်၌ နောက်ဆုံး ကြေးတိုင်စိုက်ခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ယခင်မြေခွန်နှုန်းထားများဖြင့် ဆက်လက်စည်းကြပ်ကောက်ခံလျက်ရှိနေသည်ကို တွေ့ရှိရပါတယ်။ ြမေခွန်နှုန်းသတ်မှတ်ရာတွင် သီးနှံအထွက်တူ၊ ဈေးနှုန်းတူ၊ ပထဝီအနေအထားတူ၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်တူသည့် ဒေသများကို အြခေပြု၍ မြေခွန်စည်းကြပ်ခြင်း၊ ရပ်ကွက်ခွဲခြား သတ်မှတ်ရသည့်အပြင် စိုက်ပျိုးသည့် သီးနှံအပေါ်မူတည်၍ မြေမျိုးကြီးခွဲခြားခြင်းလုပ်ငန်းကို ဆောင်ရွက်ပါတယ်။ ယင်းသို့ဆောင်ရွက် ရာတွင် လုပ်ကွက်ဦးပိုင်၊ နယ်နိမိတ်ခြားစိစစ်ခြင်း၊ လယ်ယာြမေကိုအခြားနည်း အသုံးပြုခြင်းစိစစ်ခြင်း၊ မြေမျိုးအတန်းအစား သတ်မှတ်ခြင်းနှင့်ပြင်ဆင်ခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်းစုံစမ်းခြင်း၊ သီးနှံတလင်းပေါက်ဈေးနှုန်းစုံစမ်းခြင်း၊ သီးနှံတစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကောက်ယူ ခြင်း၊ အသားတင်အကျိုးအမြတ် တွက်ချက်စိစစ်တည်းဖြတ်ခြင်းစသည့် အချက်များအပါအဝင် လယ်ယာစီးပွားရေးစစ်တမ်းများ အသေးစိတ်ကောက်ယူပြီး ဆောင်ရွက်ရသည့်အတွက် အချိန်ကာလ သုံးနှစ်မှငါးနှစ်အထိ ကြာမြင့်ကြောင်း တွေ့ရှိရပါတယ်။ ၁၉၀၉ ခုနှစ်မှ ၁၉၄၀ခုနှစ်အတွင်း ကြေးတိုင် စိုက်စဉ်အခါက သတ်မှတ်ရမည့် မြေခွန်နှုန်းထားမှာ သင့်တင့်မျှတမှုဖြစ်စေရန် ဒေသ၏ရေမြေ သဘာဝနှင့် ပကတိတည်ရှိသောအြခေအနေကို ယထာဘူတကျကျ လေ့လာသုံးသပ်ပြီး ကိန်းဂဏန်း အချိုးအစားအရမဟုတ်ဘဲ စီးပွားရေးအြခေအနေအရ ပေးနိုင်စွမ်းအပေါ်အြခေခံ၍ လယ်မြေကို အသားတင် အကျိုးအမြတ်၏ လေးပုံတစ်ပုံ၊ ယာမြေကိုရှစ်ပုံတစ်ပုံ၊ ကိုင်းမြေကို ရှစ်ပုံတစ်ပုံနှင့် အထူးသီးနှံများအတွက် လေးပုံတစ်ပုံ အချိုးအစားဖြင့် အမြင့်ဆုံးမြေခွန်နှုန်းထားအဖြစ် သတ်မှတ်ခဲ့ကြ ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယခင်ခေတ်ကာလက သတ်မှတ်ခဲ့သော မြေခွန်နှုန်းထားများမှာ ြမေမျိုးအလိုက် အသေးစိတ်သတ်မှတ်ခဲ့ပြီး ယခုလက်ရှိ ပကတိအစဉ်အဆက် အသုံးပြုလျက်ရှိရာ လယ်မြေ (ဆည်ရေသောက်)တစ်ဧကကို အမြင့်ဆုံး ၉ ကျပ် ၇၅ ပြား နှင့် အနိမ့်ဆုံး ၁ ကျပ် ၂၅ ပြား၊ လယ်မြေ (မိုးကောင်းသောက်)ကို တစ်ဧကအမြင့်ဆုံး ၇ ကျပ် ၂၅ ပြားနှင့် အနိမ့်ဆုံး ၂၅ ပြား၊ ယာမြေကို တစ်ဧကအမြင့်ဆုံး ၅ ကျပ်နှင့် အနိမ့်ဆုံး ၂၅ ပြား။ ကိုင်း/ကျွန်းမြေကိုတစ်ဧက အမြင့်ဆုံး ၅ ကျပ်နှင့် အနိမ့်ဆုံး ၂၅ ပြား၊ ဥယျာဉ်မြေ(ဆည်ရေသောက်)ကို တစ်ဧကအမြင့်ဆုံး ၂၅ ကျပ် နှင့်အနိမ့်ဆုံး ၃ ကျပ် ၅ ပြား၊ ဥယျာဉ်မြေကိုတစ်ဧကအမြင့်ဆုံး ၁၂ ကျပ်နှင့် အနိမ့်ဆုံး ၁ ကျပ်၊ ဓနိမြေကိုတစ်ဧက အမြင့်ဆုံး ၆ ကျပ်နှင့် အနိမ့်ဆုံး ၁ ကျပ် ၅၀ ပြား၊ မြေမျိုးနှုန်းမသတ်မှတ်ရသေး သောဒေသများတွင် မြေမျိုးကြီးအားလုံးအတွက် တစ်နှစ်လျှင်တစ်ဧက စည်းကြပ်နှုန်းမှာ စပါးသီးနှံ ဖြစ်ပါက တစ်ဧက ၁ ကျပ် ၅၀ ပြား နှင့် အခြားသီးနှံများဖြစ်က တစ်ဧက ၁ ကျပ်ဖြစ်သည့်အတွက် ြမေမျိုးကြီးအလိုက်တစ်ဧက ပျမ်းမျှ စည်းကြပ်နှုန်းမှာ တစ်နှစ်လျှင် လယ်မြေ(ဆည်ရေသောက်) ၄ ကျပ် ၂၅ ပြား၊ လယ်မြေ (မိုးကောင်းသောက်) ၂ ကျပ် ၆၅ ပြား၊ ယာမြေ ၁ ကျပ် ၃ ပြား။ ကိုင်း/ကျွန်းမြေ ၂ ကျပ် ၄၆ ပြား၊ ဥယျာဉ်မြေ ၂ ကျပ် ၆၇ ပြား၊ ဓနိမြေ ၄ ကျပ် ၃၄ ပြားနှင့် တောင်ယာ ၁ ကျပ် ၃၇ ပြား ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယနေ့ခေတ်ကာလ ြပောင်းလဲတိုးတက်နေသော အြခေအနေနှင့် လိုက်လျောညီထွေမှု လုံးဝမရှိတော့သည်ကို တွေ့ရှိရသည့်အတွက် ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက်ညီစွာ နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ ရရှိနိုင်ရေးအတွက် ြပောင်းလဲသတ်မှတ်ပြင်ဆင်နိုင်ရန် အမှန်ပင်လိုအပ်လျက် ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်မျိုးစေ့များအသုံးပြုရေး၊ ဆည်ရေကို အကျိုးရှိစွာသုံးစွဲနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးစနစ်အသုံးပြုရေးနှင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်း များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် ဆည်ရေကိုအကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၁၀-၂၀၁၁ခုနှစ်အထိ တည်ဆောက် ပေးခဲ့ပြီး ဆည်မြောင်း/တာတမံအရေအတွက်မှာ ၂၃၃ ခုရှိပြီး၊ ကုန်ကျစရိတ်ကျပ်သန်းပေါင်း ၂၉၈၅၅၆.၉၉ အကုန်အကျခံသုံးစွဲတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အထူးစီမံကိန်းများအနေဖြင့် ဆည်တမံ ၂၂ ခု တည်ဆောက်ရန် ကျန်ရှိပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း ၇၉၉၃၀၈ ထပ်မံကုန်ကျရန်နှင့် လက်ရှိတည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဆည်တာတမံများတွင် ဆည်ရေသောက်စနစ်များအတွက် ရေသွင်းမြောင်းများပြုလုပ်ရန် ကျပ်သန်းပေါင်း ၉၇၀၇၀ ထပ်မံ ကုန်ကျရန် ငွေကြေးလိုအပ်ချက်ရှိနေကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အနေဖြင့် ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင် ဦးစားပေးဆောင်ရွက်နေသည့်အတွက် လယ်ယာကဏ္ဍ၊ ဆည်မြောင်း လုပ်ငန်းများ တိုးတက်ဆောင်ရွက်ရန်အတွက် ရန်ပုံငွေဖြည့်တင်းပေးနိုင်မည့် နည်းလမ်းလိုအပ်လျက် ရှိပါတယ်။ စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေး နှင့် အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးဟူသည့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်နှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တစ်နှစ်လျှင် သီးနှံတစ်သီးမှနှစ်သီး၊ အချို့ဒေသများတွင် သုံးသီးအထိ စိုက်ပျိုးမှုတိုးတက်လာသည့်အပြင် သီးနှံအထွက်နှုန်းများမှာလည်း ပိုမိုတိုးတက်ထွက်ရှိလျက်ရှိပြီး စပါးတင်း ၁၀၀ ဈေးနှုန်းမှာ သုံးသိန်းမှ လေးသိန်းနှင့် ရွှေတစ်ကျပ်သား ၏ ဈေးနှုန်းမှာလည်း ခုနစ်သိန်းကျော်၊ ရှစ်သိန်းနီးပါးအထိ တိုးတက်လျက်ရှိလာသည်ကို နှိုင်းယှဉ်တွေ့ရှိရပါတယ်။ ယခင်ခေတ်နှောင်းကာလက စပါးတစ်ဧကပျမ်းမျှအထွက်နှုန်း ၂၅ တင်းမှ ၃၀ တင်းခန့်ရှိခဲ့သော်လည်း ယခုအခါ အမှန်ကြိုးစားလျှင်တစ်ဧက စပါးတင်း ၁၀၀ ကျော် ထွက်ရှိနေပြီ ဖြစ်သည့်အတွက် မြေခွန်နှုန်းကို တစ်ဧကစပါးတစ်တင်း၏ဈေးနှုန်းဖြင့် တန်ဖိုးချိန်ဆ သတ်မှတ်သင့်သော်လည်း စပါးတစ်ဧကတင်း ၁၀၀ အောက်ထွက်ရှိနေသော တောင်သူလယ်သမား များအတွက်ကိုမူ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ချိန်ဆသုံးသပ်တိုးမြှင့်သတ်မှတ်ရန် လိုအပ်မည်ဖြစ်ပါတယ်။ ဥပမာအားဖြင့် စပါးသီးနှံစိုက်ပျိုးသည့် လယ်မြေများအတွက် မြေခွန်နှုန်းကို ဆည်ရေသောက် လယ်မြေတွင် တစ်ဧက ၂၀၀၀ ကျပ်နှုန်း၊ မိုးကောင်းသောက်လယ်မြေတွင် အထွက်နှုန်းကောင်းသော လယ်မြေအတွက် ၁၅၀၀ ကျပ်နှုန်း၊ အထွက်နှုန်းသင့်လယ်မြေအတွက် ၁၀၀၀ ကျပ်နှုန်းနှင့် အထွက်နှုန်းညံ့ လယ်မြေအတွက် ၅၀၀ ကျပ်နှုန်းနှင့် ယာနှင့်တောင်ယာမြေအတွက် တစ်ဧက ၃၀၀ ကျပ်နှုန်းကောက်ခံ ပါက လက်ရှိသီးနှံ စိုက်ပျိုးထွက်ရှိမှု၊ သီးနှံ၏ကာလပေါက်ဈေးနှင့် တောင်သူဝင်ငွေ အကျိုးအမြတ် ရရှိမှုအြခေအနေတို့အရ သင့်တင့်မျှတသော ပေးသွင်းနိုင်မည့် အြခေအနေတွင်ရှိကြောင်း လေ့လာ သုံးသပ်ရရှိပါတယ်။ လက်ရှိတည်ဆဲမြေခွန်နှုန်းထားများဖြင့် စည်းကြပ်ကောက်ခံရာ၌ ၂၀၁၀-၂၀၁၁ ခုနှစ် အတွက် ပြည်ထောင်စုတစ်ဝန်းလုံး မြေခွန်စည်းကြပ်ဧရိယာ ဧက ၂၆.၉၆ သန်းတွင် စည်းကြပ် ကောက်ခံငွေ ကျပ် ၁၂၉.၇၉ သန်းသာရရှိခဲ့ပါတယ်။ ယခု ဥပမာတင်ပြခဲ့သည့် မြေခွန်နှုန်းထားအတိုင်း ဆည်ရေသောက် လယ်မြေဧရိယာ ၁.၄၃၆ ဧကသန်းအား တစ်ဧကမြေခွန် ၂၀၀၀ ကျပ်နှုန်းဖြင့် မြေခွန် ကျပ် ၂၈၇၂ သန်း၊ မိုးကောင်းသောက် လယ်မြေဧရိယာမှ ကောင်းဟုသတ်မှတ်သော လယ်မြေဧရိယာ ၃.၈၃၉ သန်းအား တစ်ဧက ၁၅၀၀ ကျပ်နှုန်းဖြင့် မြေခွန် ကျပ် ၅၇၅၉ သန်း၊ သင့်ဟုသတ်မှတ်သော လယ်မြေဧရိယာ ၇.၄၆၅ သန်းအား တစ်ဧက ၁၀၀၀ ကျပ်နှုန်းဖြင့် မြေခွန်ကျပ် ၇၄၆၅ သန်း၊ ညံ့ဟုသတ်မှတ်သော လယ်မြေဧရိယာ ၂.၇၂၃ ဧကသန်းအတွက် တစ်ဧကလျှင် ၅၀၀ ကျပ်နှုန်းဖြင့် မြေခွန်ကျပ် ၁၃၆၂ သန်းနှင့် အခြားယာ၊ တောင်ယာ၊ ဥယျာဉ်၊ ဓနိစသည့် မြေဧရိယာ ၁၁.၄၉၇ ဧက သန်းအတွက် တစ်ဧက ၃၀၀ ကျပ်နှုန်းဖြင့် မြေခွန်ကျပ် ၃၄၄၉ သန်း၊ စုစုပေါင်း အကြမ်းဖျင်း မြေခွန် ကျပ် သန်းပေါင်း ၂၀၉၀၇ သန်းအထိ ဝင်ငွေတိုးတက်ရရှိလာမည် ဖြစ်ပါတယ်။ ယင်းသို့ တိုးတက် ရရှိလာမည့် မြေခွန်ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆည်မြောင်းတာတမံ တည်ဆောက်ရေးလုပ်ငန်းများအပြင် လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်စရိတ်များအတွက် နိုင်ငံတော်၏ အသုံးစရိတ်များကို အထိုက်အလျောက် ကာမိစေနိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခုစည်းကြပ်ကောက်ခံနေသည့် လက်ရှိတည်ဆဲမြေခွန်နှုန်းထားများကို တိုးတက်ပြောင်းလဲလာသည့် ခေတ်ကာလအြခေအနေအရ တိုးမြှင့်ကောက်ခံသင့်ပါကြောင်း ကိုယ်စားလှယ်တော်၏ မေးခွန်းအား ရှင်းလင်းဖြေကြားအပ်ပါတယ်။ လက်ရှိမြေခွန်နှုန်းထားများ တွက်ချက်သတ်မှတ်ခဲ့ရာတွင် ကြေးတိုင်စိုက်ဒေသ မြေမျိုးကြီးများနှင့် မြေမျိုးအတန်းအစား ခွဲခြားသတ်မှတ်ခြင်းအပေါ် အြခေပြုလျက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခင် မြေမျိုးကြီးနှင့် မြေမျိုးအတန်းအစားများသည် ယနေ့ခေတ်တွင် ပြောင်းလဲတိုးတက်လာပြီဖြစ်သော သီးနှံမျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များ၊ ဆည်မြောင်း၊ တာတမံနှင့် မြစ်ရေတင်လုပ်ငန်းများ တည်ဆောက်ပေးနေခြင်းတို့ကြောင့် ယခင်ရေမြေအနေအထား များနှင့်ကိုက်ညီခြင်းမရှိတော့ဘဲ လုံးဝခြားနားပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ လက်ရှိမျက်မှောက်ခေတ် ကာလတွင် သီးနှံဈေးနှုန်းများ၊ အြခေခံစားကုန်များအပါအဝင် ကုန်ပစ္စည်းဈေးနှုန်းများ တိုးမြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အခွန်အခများတိုး တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုစသည့် အခြေခံအကြောင်းများကြောင့် ယခင်ခေတ်ကာလ မြေခွန်နှုန်းထားများသည် ယနေ့ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမရှိတော့သည်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ လက်ရှိစည်းကြပ် ကောက်ခံနေသော မြေခွန်နှုန်းထားများအား ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် အခြေခံ ဖြစ်သည့် မြေမျိုးကြီးများနှင့် မြေမျိုးအတန်းအစားများ ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်ရန် လယ်ယာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် မြေကြီး၊ မြေပုံနှင့်မြေစာရင်း မှန်ကန်ရေးလုပ်ငန်းဆောင်ရွက် ခြင်းလုပ်ငန်းများကို ဦးစားပေးအဆင့် အထူးစီမံချက်တစ်ရပ် ချမှတ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။ မြေခွန်နှုန်းထား တိုးမြှင့်ပြင်ဆင်သတ်မှတ်ရာတွင် စပါးသီးနှံစိုက်ပျိုးမြေများအား ဆည်ရေသောက်ဧရိယာ၊ မိုးကောင်းသောက်ဧရိယာနှင့် ကောင်း၊ သင့်၊ ညံ့ အတန်းအစား ခွဲခြား သတ်မှတ်သည့်နည်းတူ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ဝါ၊ ကြံစသည့် အခြားသီးနှံများ စိုက်ပျိုးသည့် မြေများကိုလည်း ရေမြေဒေသနှင့် သီးနှံထွက်ရှိမှုအခြေအနေအရ ကောင်း၊ သင့်၊ ညံ့ အတန်းအစား ခွဲခြားသတ်မှတ်သွားနိုင်မည်ဖြစ်ပါတယ်။ ထို့အပြင် ရာဘာ၊ ဆီအုန်း စသည့် နှစ်ရှည်ပင်စိုက်ပျိုးမှု အတွက် မြေခွန်နှုန်းကို သီးခြားသတ်မှတ်ပေးရန်နှင့် လက်ဖက်၊ ကော်ဖီစိုက်ပျိုးမြေများနှင့် သရက်၊ လိမ္မော်၊ လိုင်ချီးစသည့် ဥယျာဉ်ခြံ စိုက်ပျိုးမြေများကိုလည်း သင့်တင့်မျှတသော မြေခွန်နှုန်းထား အသီးသီးခွဲခြားသတ်မှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းချက်အပေါ် မြေခွန်နှုန်းထားတိုးမြှင့် ပြင်ဆင်သတ်မှတ်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းကို အကျဉ်းချုပ်တင်ပြရပါက နယ်မြေဒေသ၊ ရေမြေအခြေအနေနှင့် စိုက်ပျိုးသည့် သီးနှံအမျိုးအစားအရ ကောင်း၊ သင့်၊ ညံ့ အတန်းအစားများ ခွဲခြားပြီး တောင်သူလယ်သမားများအနေဖြင့် ဝန်ထုပ်ဝန်ပိုးမပိစေသော သင့်တင့်မျှတသော နှုန်းထား များဖြစ်စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ပြင်ဆင်ကြေးတိုင် စိုက်ခြင်းလုပ်ငန်း၊ အကျဉ်းချုံးကြေးတိုင်စိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ကြရန် ကြေးတိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ဝန်ထမ်းအင်အားတိုးချဲ့ခန့်ထားခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် လိုအပ်သည့်အပြင် လုပ်ငန်းစီမံချက်ရေးဆွဲ၍ အချိန်ကာလအနည်းဆုံး နှစ်နှစ်မှ သုံးနှစ် အထိ အချိန်ယူသတ်မှတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြေခွန်နှုန်းထား တိုးမြှင့်ပြင်ဆင်သတ်မှတ်ရေး တင်ပြချက်နှင့်စပ်လျဉ်း၍ အဖက်ဖက်မှ ချိန်ဆသုံးသပ်တွက်ချက်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အဆိုပြုတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး စနစ်တကျစီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျော်ကန်သင့်မြတ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
