အုတ်ဖိုမြို့ပေါ်မှာ ရပ်ကွက် ခြောက် ရပ်ကွက်ရှိပြီး လူဦးရေ ၁၂၀၀၀ ကျော်စုစည်းနေထိုင်နိုင်တဲ့ မြို့ပေါ်ရပ်ကွက်များလည်း ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်များကို မြို့ရဲ့မြောက်ဘက်မှာ ပတ်ခွေစီးဆင်းလာတဲ့ ဂမုန်းချောင်း ရှိပါတယ်။ ယင်းဂမုန်းချောင်းကို အရှည်နှစ်မိုင်ခွဲရှိတဲ့ ရေကာတာကြီးနဲ့ ကာထားရပါတယ်။ မြို့ပေါ် ရပ်ကွက်များကို အရှေ့ဘက်မှ တိုက်ရိုက်စီးဝင်တဲ့ ကတက်ချောင်း၊ လင်းနို့ရိုးချောင်းနဲ့ မြို့ရဲ့ တောင်ဘက်ကို စီးဆင်းသွားတဲ့ သဖန်းပင်ဆိပ်ချောင်းများရဲ့ နှစ်စဉ်ရေလျှံမှုကြောင့် ကျွန်တော်တို့ အုတ်ဖိုမြို့နယ်ဟာ၊ မြေကြီး မြေပုံအရ နိမ့်လျက်ရှိတဲ့အတွက် မြို့ပေါ်ခြောက်ရပ်ကွက်ကို နှစ်စဉ် နှစ်ပေမှသုံးပေကျော်အထိ နစ်မြုပ်လျက်ရှိပါတယ်။ ထိုကဲ့သို့ ရေကြီးနစ်မြုပ်မှုများကြောင့် ကတ္တရာလမ်းများ၊ ဂဝံလမ်းများ နှစ်စဉ်ပျက်စီးဆုံးရှုံးနေရပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေနဲ့လည်း ကျွန်တော်တို့ အုတ်ဖိုမြို့နယ်ဟာ“ဃ”အဆင့် မြို့နယ်ဖြစ်တဲ့အတွက် နှစ်စဉ်ရရှိတဲ့ ရန်ပုံငွေကျပ်သိန်း ၁၁၇၀ သာရရှိတဲ့အတွက် အုတ်ဖိုတာဆုံနှစ်မိုင်လမ်းကိုပြုပြင်ရခြင်း၊ မြို့သာယာရေး လုပ်ငန်းများ၊ ကျေးလက်လမ်းများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို အလှည့်ကျလုပ်ဆောင်နေရ တဲ့အတွက် ကျွန်တော်တို့ မြို့ပေါ် ၆ ရပ်ကွက်ရှိလမ်းများမှာ လွန်စွာပဲဆိုးရွားစွာပျက်စီးနေကြရ ပါတယ်။ ရိုသေလေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယင်းကဲ့သို့ ကျွန်တော်တို့ အုတ်ဖိုမြို့ပေါ် ရပ်ကွက်များနှစ်စဉ် ရေကြီးနှစ်မြုပ်မှုများကို သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ဌာနများ၊ မြို့မိမြို့ဖများ၊ ပြည်သူများအနေဖြင့်လည်း ကိုယ့်အားကိုယ်ကိုးဖြင့် ရေစီးရေလာကောင်းမွန်ရေး အတွက် ရေကာတာများပြုပြင်မြေဖို့ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းများကို အောင်သောင်း ထရန်စဖော်မာကုမ္ပဏီလီမိတက်ရဲ့ ယာဉ်ယန္တရားများ အကူအညီနဲ့ရယူပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ သို့သော်လည်း ဒီလိုဆောင်ရွက်ရာမှာ အခက်အခဲများစွာ တွေ့ရှိနေရပါ၍ ကျွန်တော်တို့ အုတ်ဖိုမြို့ပေါ် ရပ်ကွက်များ နှစ်စဉ်ရေကြီးမှုနှင့်ပတ်သက်ပြီး ကျွန်တော် မေးမြန်းသိရှိလိုတာကတော့(၁) အုတ်ဖို မြို့၏ နှစ်စဉ်ရေကြီးနစ်မြုပ်မှုကို နိုင်ငံတော်မှသိရှိပါသလား။ (၂)ယင်းအခက်အခဲများကို ကူညီဆောင်ရွက် ပေးရန်အစီအစဉ်ရှိပါသလား။ (၃)ဆောင်ရွက်ပေးရန်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်ဆိုတာကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
အုတ်ဖိုမြို့ပေါ် ရပ်ကွက်များ နှစ်စဉ်ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အုတ်ဖိုမြို့နယ်၊ ဂမုန်းချောင်း ပေါ်တွင် ရေလှောင်တမံကို ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရေပမာဏ ၆၂၀၀၀ ဧကပေကို ထိန်းသိမ်းသိုလှောင်ထားနိုင်ပြီဖြစ်၍ အုတ်ဖိုမြို့ပေါ် အနိမ့်ပိုင်း ၆ ရပ်ကွက်နှင့် မြို့အဝင် လမ်းရေကျော်မှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပြီးဖြစ်ပါတယ်။ ဂမုန်းချောင်းနှင့် ကတက် ချောင်းမှ ရေပိုများသည် အုတ်ဖိုမြို့အရှေ့ဘက်ရှိ လင်းနို့ရိုးရေလွှဲမြောင်းအတွင်းမှ မြို့၏တောင်ဘက်ရှိ မြောင်ချောင်းအတွင်းသို့ ဖြတ်သန်းပြီး မြို့၏အနောက်ဘက်ရှိ မြစ်မခမြစ်အတွင်းသို့ စီးဆင်းစေခြင်းဖြင့် မြို့ကို ရေလျှံခြင်းမှ ကာကွယ်ပေးလျက်ရှိပါတယ်။ ယခုနှစ် မိုးရာသီ ဇူလိုင်လတွင် စုစုပေါင်း ၂၃ ရက်၊ မိုးရေချိန် ၁၆.၉ လက်မရွာသွန်းခဲ့ပြီး နှစ်ကြိမ်ရေကြီးခဲ့ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ တစ်ရက်တည်းမှာပင် မိုးရေချိန် ၄.၇ လက်မစံချိန်တင်ရွာသွန်းခဲ့သောကြောင့် မိုးရွာသွန်းမှုများပြားပြီး တောင်ကျချောင်းရေ များပြားသဖြင့် ဂမုန်းချောင်း၊ ကတက်ချောင်းများမှရေများသည် လင်းနို့ရိုး ရေလွှဲမြောင်းမှတစ်ဆင့် မြောင်ချောင်းအတွင်းသို့ ပုံမှန်စီးဝင်သည့်အပြင် လင်းနို့ရိုးရေလွှဲမြောင်း မှာလည်းကျဉ်း၍ တိမ်ကောလာသည့်အတွက် ဂမုန်းချောင်း၊ ကတက်ချောင်းများမှ မြို့သို့တိုက်ရိုက် ဖြတ်သန်းစီးဝင်၍ ရေလျှံခြင်းဖြစ်ပါတယ်။ ထို့အပြင် အုတ်ဖိုမြို့နယ်အရှေ့ဘက်မှ စီးဝင်လာသော ဂမုန်းချောင်းမှရေသည် မြစ်မခမြစ်အတွင်းသို့ စီးဝင်ပြီး ဂမုန်းချောင်း ရေကြီးရေလျှံမှုကို ကာကွယ်ရန် အုတ်ဖိုမြို့ မြို့ပတ်တာတည်ဆောက်ထားသဖြင့် ရေကြီးမှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ ကတက်ချောင်းသည် အုတ်ဖိုမြို့နယ်အနီးဖြတ်ပြီး ဂမုန်းချောင်းအတွင်းသို့ စီးဝင်ခြင်း၊ ၎င်းချောင်းသည် ရေနုတ်အားကောင်းခြင်းတို့ကြောင့် ရေကြီးမှုကို ဖြစ်ပေါ်စေနိုင်ခြင်း မရှိပါ။ ရေစီးရေလာကောင်းမွန်စေရန် လင်းနို့ရိုး သုံးမိုင်ခန့်နှင့် သဖန်းပင်ဆိပ်ချောင်း ငါးမိုင်ခန့်ကို ပြန်လည် တူးဖော်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အုတ်ဖိုမြို့နယ်အတွင်း ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း များကို စည်ပင်သာယာရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လင်းနို့ရိုး နှင့်သဖန်းပင်ဆိပ်ချောင်းတို့အား ပြန်လည်တူးဖော်ပေးနိုင်ရန်အတွက် စူးစမ်းလေ့လာခြင်းနှင့် မြေပြင် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာလျှင် ဒီဇိုင်းပုံစံများထုတ်လုပ်၍ လုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ နိုင်ငံတော်အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များအရ ရန်ပုံငွေခွဲဝေခွင့်ပြုပေးနိုင်မှုအပေါ်မူတည်၍ ဦးစားပေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
