(ခ)-၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းနှင့်အတူ ကဏ္ဍပေါင်းစုံ ကိန်းဂဏန်း အချက်အလက်များ တစ်ပါးတည်းကောက်ယူ မှတ်တမ်းတင်ရေး

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၂.၃.၂၀၁၃)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၁၀-၂၀၁၁ ခုနှစ် လူဦးရေကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၅၃.၄ သန်းဟု ခန့်မှန်းတွက်ချက်ထားရှိခဲ့ပါတယ်။ ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကတော့ ၅၉.၈ သန်းလို့ ခန့်မှန်းတွက်ချက် ထားရှိပါတယ်။ ဒါကြောင့်မို့လို့ လူဦးရေကိန်းဂဏန်းတွေဟာ ကွာဟနေပါတယ်။ အဲဒီအခြေအနေအရ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ မတ်လမှာ အမျိုးသားအဆင့် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်တဲ့အခါမှာ စုစုပေါင်း လုပ်အားပေးဝန်ထမ်း ရာပေါင်း များစွာဝိုင်းပြီးတော့ ငွေကျပ်သန်းပေါင်းများစွာ သုံးစွဲကုန်ကျနေကြောင်းလည်း လေ့လာသိရှိရပါတယ်။ အဲဒီလုပ်ငန်းနှင့်အတူ ကဏ္ဍပေါင်းစုံ ကိန်းဂဏန်းအချက်အလက်များကို တစ်ပါတည်း ကောက်ယူ မှတ်တမ်းတင်သွားရန် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ။ ဆောင်ရွက်နိုင်ခွင့်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ရက်က ပြည်ထောင်စုလွှတ်တော်မှာ သန်းခေါင်စာရင်းနှင့်ပတ်သက်တဲ့ ဥပဒေကိုလာရောက်ရှင်းပြတဲ့အခါမှာ သန်းခေါင်စာရင်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းများကိုသာ ပူးတွဲ ဆောင်ရွက်ခွင့်ရှိပြီးမှ အခြားလုပ်ငန်းများဆောင်ရွက်ခွင်‌့မရှိလို့သိခဲ့ရပါတယ်။ သို့သော်လည်းပဲ ကျွန်တော် ဒီမေးခွန်းကိုဖြင့် ဆက်လက်မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်ပြီးတော့မှ မေးမြန်းလိုတာရှိပါတယ်။ ကျွန်တော်တို့ အခုအမှန်ရှိနေတဲ့ မိုးစပါးနှင့် နွေစပါး စိုက်ဧကနှင့် အထွက်နှုန်းကိုလည်း ပြန်လည်တိုင်းတာတွက်ချက်ဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ် ခေတ်အဆက်ဆက်မှာ ခုနက မိုးစပါးစိုက်ဧကဟာ ၁၇ သန်း၊ နွေစပါးစိုက်ဧကဟာ ၃ သန်း၊ စုစုပေါင်းစပါးစိုက်ဧက သန်း ၂၀ လို့တောက်လျှောက်ကြေညာခဲ့ပါတယ်။ နောက်တစ်ခါလည်း ပန်းတိုင်အထွက်တိုးနှုန်းဟာလည်းပဲ တစ်ဧကကို စပါးတင်း ၇၀ ကနေ ၇၅ တင်းလို့ ကြေညာခဲ့ပါတယ်။ နိုင်ငံသား လူဦးရေကိုတော့ သန်း ၆၀ လို့ခန့်မှန်းတွက်ချက်ထားပြီးတော့မှ နိုင်ငံသားတစ်ဦးရဲ့ တစ်နှစ် ဝမ်းစာဟာ ၁၅ တင်းလို့ မှတ်သားထားရှိခဲ့ပါတယ်။ အကယ်၍သာ အဲ့ဒီစိုက်ဧက အဲ့ဒီအထွက်နှုန်း အဲ့ဒီဝမ်းစာနှင့် တွက်လို့ရှိရင် လွန်ခဲ့သော ၁၀ နှစ်၊ ၁၅ နှစ်ကတည်းက ကျွန်တော်တို့ နိုင်ငံသည် တစ်နှစ်ကို ဆန်တန်ချိန် ၅ သန်းလောက်ထုတ်လုပ်ရောင်းချနိုင်မယ့် အခြေအနေရှိပါတယ်။ သို့သော် နှစ်စဉ်ဆန်တန်ချိန် ၁၀၀၀၀၀ တောင်မှ အနိုင်နိုင်ရောင်းခဲ့တာရှိပါတယ်။ ဒါဘာ့ကြောင့်လဲဆိုရင် အကြောင်းအချက်ပေါင်း များစွာရှိနေသော်လည်းပဲ အခြေခံအကြောင်းအချက်ကတော့ စိုက်ဧကနှင့် အထွက်နှုန်း ကွာခြားမှုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ပြန်လည်တိုင်းတာတွက်ချက် ကောက်ယူ ဖို့လိုအပ်ပြီးလို့ယူဆပါတယ်။ အလားတူပဲ စိုက်ပျိုးရေးနှင့် ဆက်စပ်ပြီးတော့မှ ဆည်တမံနှင့် မြစ်ရေ တင်စီမံကိန်းများကနေပြီးမှ အမှန်ရေသွင်းစိုက်ပျိုးနိုင်တဲ့ ဧကကိုလည်းပဲ တိုင်းတာတွက်ချက်ဖို့ လိုအပ် ပါတယ်။

ယနေ့ ကျွန်တော်တို့နိုင်ငံတော်ဟာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နေတဲ့ကာလဖြစ်ပါတယ်။ ကိန်းဂဏန်းစာရင်းဇယားများကလည်း နောက်ဆုံး အခြေအနေနဲ့ ကိုက်ညီမှန်ကန်ဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာလျှင် ချမှတ်ထားတဲ့ စီမံကိန်းများဟာ အောင်မြင်မှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှ အလုပ်အကိုင်နှင့် ဆင်းရဲနွမ်းပါးမှု အပိုင်းကိုလည်း မေးမြန်းတင်ပြလိုပါတယ်။ အဲဒီမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်နေတဲ့ ဦးရေကောက်ယူဖို့လိုအပ်ပါတယ်။ ခုနက အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်တဲ့ဦးရေဟာ ၃ သန်းကျော်ရှိတယ်လို့ ပြည်တွင်းစာနယ်ဇင်းများအရ သိရှိရပါတယ်။ ဒါဟာ ခန့်မှန်းချက်သာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒေသအလိုက် ကျန်ရှိ နေတဲ့ အလုပ်လက်မဲ့ဦးရေဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တစ်ရက်လျှင် ဝင်ငွေ ၂ ဒေါ်လာ သို့မဟုတ် ၃ ဒေါ်လာနှင့်ညီမျှတဲ့ ကျပ်ငွေထက်နည်းတဲ့ လုပ်ခရရှိတဲ့ ဆင်းရဲနွမ်းပါးသူ ဦးရေဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအပိုင်းကတော့ ဆင်းရဲနွမ်းပါးမှုကို ၃၆ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းသို့ လျှော့ချနေကြောင်း မကြာခဏ သတင်းများထုတ်ပြန်လျက်ရှိပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း ပြည်တွင်းမှာရော၊ ပြည်ပကပါ ဝေဖန်မှုမျိုးစုံနဲ့ကြားနေရပါတယ်။ မြန်မာ လူဦးရေ သန်း ၆၀ ဆိုပါစို့။ အဲ့ဒီအထဲကနေပြီးမှ ၆၅ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်မှာ နေတဲ့ တောင်သူလယ်သမားများနှင့် ၎င်းတို့မှီခိုနေတဲ့ ဆက်နွယ်နေတဲ့ မိသားစုများဖြစ်ပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကျော်ခန့်တော့ မြို့ပြမှာဖြစ်ပါတယ်။ မြို့ပြနေထိုင်သူများအနေနဲ့ကတော့ ပြန်ကြည့်လို့ ရှိရင်လည်းပဲ ခုနက လက်လုပ်လက်စား၊ ကျပန်း၊ နေ့စားအလုပ်သမားများဦးရေကလည်းပဲ ၃၀ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။ ဒါကို ပြန်ပြီးတော့ တွက်ချက်လို့ရှိရင် မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်း၊ ၂၆ ရာခိုင်နှုန်း မဖြစ်နိုင်ကြောင်း ၆၃ ရာခိုင်နှုန်းဆိုတော့ နီးစပ်နိုင် ကြောင်းဝေဖန်မှုတွေဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ အမှန်စာရင်းများကိုလည်း မြေပြင်ကိုက်ညီ အောင် ကောက်ယူဖို့အချိန်ရောက်ပြီလို့ ကျွန်တော်တို့ ထင်မြင်ယူဆပါတယ်။

ဆင်းရဲနွမ်းပါးမှုတိုင်းတာတဲ့နေရာမှာ ခုနက ဝင်ငွေတစ်ခုတည်းပေါ်မှာ မူမတည်ဘဲနဲ့ အခမဲ့ မူလတန်းပညာရေး သင်ကြားခွင့်ရ၊ မရ။ အ‌ွခေခံပညာကျန်းမာရေး စောင့်ရှောက် မှုရ၊ မရ။ သန့်ရှင်းတဲ့ သောက်သုံးရေရှိ၊ မရှိ။ ရ၊ မရ။ နောက် သန့်ရှင်းတဲ့ နေရာထိုင်ခင်းရှိ၊ မရှိ။ ဒါတွေပေါ်လည်းမူတည်ပြီးမှ တွက်ချက်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍကို မေးမြန်းတင်ပြလိုပါတယ်။ အခြေခံပညာမူလတန်းအဆင့် စာတတ်မြောက်သူအရေအတွက် ကျွန်တော်တို့ ၂၀၁၀ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်သူဦးရေဟာ ၉၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီတုန်းက ကယားပြည်နယ်ဆိုလို့ရှိရင် ၉၈ ရာခိုင်နှုန်း ကျော်ရှိနေပြီးလို့ ဒါဖော်ပြခဲ့တာမှတ်သားရပါတယ်။ ယခုဆိုရင် ကယားပြည်နယ်သည် ရာခိုင်နှုန်းပြည့် ကျော်လွန် စာတတ်နေတဲ့ သဘောမျိုးရောက်နေပါပြီ။

နောက်တစ်ခုက ကျောင်းစာသင်ခန်းများသို့ ရောက်ရှိလာတဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ အရေအတွက် ရာခိုင်နှုန်း ဒါကိုလည်း ကိန်းဂဏန်းကောက်ယူဖို့ လိုအပ်ပါပြီ။ ဒီမှာတစ်ခု ဆက်စပ် တင်ပြလိုပါတယ်။ ကနေ့ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေထဲကနေပြီးမှ လူဦးရေ သန်း ၂၀ နှင့် သန်း ၂၀ အောက်သာရှိတဲ့ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်စတဲ့ နိုင်ငံတွေမှာသာ စာတတ်မြောက်တဲ့ ဦးရေဟာ ၉၀ ရာခိုင်နှုန်းအထက်မှာရှိပါတယ်။ ကျန်တဲ့ဖွံ့ဖြိုးနေတဲ့ ဥရောပနိုင်ငံများ၊ အမေရိကန် နိုင်ငံအပါအဝင် နိုင်ငံအများစုမှာဆိုလို့ရှိရင် စာတတ်မြောက်သူဦးရေဟာ ၉၀ ရာခိုင်နှုန်းအောက်နှင့် ပျမ်းမျှ ၇၅ ရာခိုင်နှုန်းအောက်ရှိကြောင်းလည်း ခုနက ပြည်ပစာနယ်ဇင်းများအရ လေ့လာမှတ်သား သိရှိရပါတယ်။ ဒါကြောင့်မို့လို့ စာတတ်မြောက်သူဦးရေကိုလည်း ပြန်လည်ဆန်းစစ်သင့်ကြောင်း မေးမြန်းတင်ပြလိုပါတယ်။

ကျန်းမာရေးအပိုင်းအနေနဲ့ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ အမှန်ရောက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်အရေအတွက် ရာခိုင်နှုန်း ဒါကတော့ ချင်းပြည်နယ်ကိုအခြေခံ ပြီးတော့မှ မေးမြန်းခြင်းဖြစ်ပါတယ်။ ချင်းပြည်နယ်မှာရှိတဲ့ တိုက်နယ်ဆေးရုံအများစုမှာ အမှန်တကယ် ရောက်ရှိ တာဝန်ထမ်းနေတဲ့ ဆရာဝန်တချို့သည် ၁၀ ရာခိုင်နှုန်းမပြည့်ပါ။ ကျန်တဲ့ တိုက်နယ်ဆေးရုံအလိုက်ကို ဆရာဝန်များ ခန့်အပ်တာဝန်ပေးမှုအမိန့်တွေထွက်ပါတယ်။ အချို့လည်း ဆရာဝန်များရောက်ရှိလာပါ တယ်။ တစ်ပတ်၊ ၁၀ ရက်နေပြီးလို့ရှိရင် ပြန်ဆင်းသွားကြပါတယ်။ နောင် လုံးဝပြန်ရောက်မလာတော့ ပါဘူး။ အချို့လည်း အမိန့်ထွက်ကတည်းကကို လုံးဝကို ရောက်မလာကြပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိတဲ့ ကျေးရွာများမှာနေတဲ့ ပြည်သူအများစုကတော့ ဆရာဝန်များသည် သူတို့အတွက် မမီတဲ့ပန်းတွေဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ သေချာတဲ့ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွားဝန်ထမ်းတွေကို ရွာတိုင်းစေ့မှာရှိအောင် ခန့်ပေးစေလိုတဲ့ဆန္ဒများ၊ ချင်းတိုင်းရင်းသားများ အပါအဝင် ကျန်တဲ့ တိုင်းရင်းသားများရှိနေမယ်ဆိုတာ ကျွန်တော် ယုံကြည်မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ တိုးချဲ့ဖွင့်လှစ်ပေးရန်လိုအပ်တဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အရေအတွက်၊ တိုးချဲ့ ခန့်အပ်ပေးသင့်သော ကျန်းမာရေးမှူး၊ သူနာပြုနှင့် သားဖွားဝန်ထမ်းအရေအတွက်ကိုလည်း မေးမြန်း တင်ပြလိုပါတယ်။

ဆက်လက်ပြီးတော့မှ ပို့ဆောင်ဆက်သွယ်ရေးအပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို အဓိကကျတဲ့ အခြေခံအချက်တစ်ချက်ကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ဆိုတာ အားလုံးအသိပါပဲ။ ဒါကြောင့်မို့လို့ ကျေးရွာနှင့် မြို့ဆက်သွယ်သော လမ်းများနှင့် ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ပေးရန် လိုအပ်သော မြို့နယ်ကျေးရွာများစာရင်းလည်း ဒါ နိုင်ငံတော်အဆင့် ကောက်ယူဖို့လိုအပ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အလားတူပဲ ကျေးလက် စာတိုက်၊ ကြေးနန်းရုံးနှင့် ကြိုးမဲ့တယ်လီဖုန်းတွေ တည်ဆောက်တပ်ဆင်ပေးရန် လိုအပ်တဲ့ ရွာများ စာရင်းကိုလည်းပဲ ကောက်ယူဖို့လိုအပ်မှာဖြစ်တယ်လို့  ကျွန်တော်တို့ ယုံကြည်ဖို့မို့လို့ ဒါကိုလည်း မေးမြန်းတင်ပြလိုပါတယ်။ နောက်တစ်ခုကတော့ ဒေသတစ်ခုလျှင် ထွက်ကုန်တစ်မျိုး မြေပေါ်အုပ်စု တစ်ခု သို့မဟုတ် ဒေသတစ်ခုမှာ စီးပွားဖြစ်ထုတ်လုပ်နိုင်မယ့် စိုက်ပျိုးရေးထွက်ကုန် သို့မဟုတ် အသေးစား စက်မှုလက်မှုထုတ်ကုန် တစ်မျိုးမျိုးကို စုပေါင်းထုတ်လုပ်နိုင်မည့် အခြေအနေနှင့် နိုင်ငံတော်အစိုးရမှ မတည်ပံ့ပိုးပေးနိုင်မည့် အရင်းအနှီးနှင့် နည်းပညာလိုအပ်ချက်ကိုလည်း ဒါ ကွင်းဆင်းတိုင်းတာတွက်ချက်ဖို့သင့်ပါတယ်။ ကျွန်တော်တို့ ဆင်းရဲနွမ်းပါးမှုလျှော့ချတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ချေးငွေသက်သက်ပေးရုံနဲ့တော့ အောင်မြင်မှုကတော့ နည်းပါးနေတာဖြစ်ပါ တယ်။ ချေးငွေများများပေးလေ အကြွေးများတင်လေ ကိန်းစိုက်ဖို့များနေပါတယ်။ ဒါကြောင့်မို့လို့ ဆင်းရဲနွမ်းပါးမှုက အမှန်လွတ်မြောက်ဖို့ဆိုလို့ရှိရင်တော့ အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ် ပေးခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်းလည်းတင်ပြလိုပါတယ်။

အခြေခံကိန်းဂဏန်း စာရင်းဇယားများ တိကျမှန်ကန်ပါမှ ထိရောက် အကျိုးရှိတဲ့ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက်လည်းပဲ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု အကျိုးတရားများ အမှန်ရရှိနေမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဆင်းရဲနွမ်းပါးမှုကိုလည်းပဲ အမှန်လျှော့ချသွားနေမှာဖြစ်ပါတယ်။ သို့ပါ၍ ခုနက သန်းခေါင်စာရင်းကောက်ယူရေး အမျိုးသားရေးလုပ်ငန်းနှင့်အတူ ယှဉ်တွဲလုပ်ဆောင်လို့ မရခဲ့ရင် တောင်မှ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ ကျွန်တော်တင်ပြခဲ့ပါ စိုက်ပျိုးရေး၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး နောက် ဒေသထွက်ကုန်စတဲ့ လုပ်ငန်းကဏ္ဍတွေမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ နောက်ဆုံးအခြေအနေနဲ့ ကိုက်ညီတဲ့ ကိန်းဂဏန်းစာရင်းဇယား များ ကောက်ယူရန်အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

ကမ္ဘာ့နိုင်ငံအသီးသီးဟာ မိမိတို့နိုင်ငံရဲ့စီမံကိန်း များအတွက် အခြေခံထားရမယ့် စာရင်းဇယားများကို သန်းခေါင်စာရင်းအမျိုးမျိုးဖြင့် ကောက်ယူပြီး တော့မှ အသုံးပြုလာကြပါတယ်။ သန်းခေါင်စာရင်း တစ်မျိုးတည်းဖြင့် လိုအပ်ချက်အားလုံးအား မလွှမ်းခြုံနိုင်တဲ့အခါမှာ လူဦးရေသန်းခေါင်စာရင်း၊ လယ်ယာသန်းခေါင်စာရင်း၊ သစ်တောသန်းခေါင် စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်းအစရှိသဖြင့် သန်းခေါင်စာရင်းမျိုးစုံ ကောက်ယူလေ့ရှိကြ ပါတယ်။ ထို့အပြင် အချိန်နှင့် ကုန်ကျစရိတ်ပေါ်မူတည်၍ အချို့သော အချက်အလက်များအား သန်းခေါင်စာရင်းကောက်ယူရာမှာ ထည့်သွင်းကောက်ယူခြင်း မရှိပါက သီးခြားခေါင်းစဉ်အလိုက် စစ်တမ်းများဖြင့်သာ အစားထိုးကောက်ယူလေ့ရှိကြပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်း ၁၂၀၀ ကျော်မှာ လူမျိုးစုပေါင်းများစွာရှိခြင်း၊ ဇာတ်စနစ်များ အမျိုးမျိုးကွဲပြားခြင်းကြောင့် ၂၀၁၁ ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာမှာ လူမျိုးနှင့် ဇာတ်ကိုသာမေးမြန်း၍ အခြားလူမျိုး များနှင့်ပတ်သက်သည့် အသေးစိတ်မေးခွန်းများကို ထည့်သွင်းမေးမြန်းခြင်းမပြုဘဲ သန်းခေါင်စာရင်း ကောက်အပြီး နောက်တစ်နှစ်အကြာတွင်မှသာ လူမှုစီးပွားရေးစစ်တမ်းများအဖြစ် ကောက်ယူသွားခဲ့ သည်ဟုလည်း သိရှိရပါတယ်ခင်ဗျား။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံမှာကောက်ယူမည့် သန်းခေါင်စာရင်းဟာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဖြစ်ပါသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ ယေဘုယျအားဖြင့် လုပ်ငန်းပမာဏကြီးမားခြင်း၊ ငွေကြေးကုန်ကျများပြားသည့်လုပ်ငန်းဖြစ်သဖြင့် နိုင်ငံအများစုမှာ ၁၀ နှစ်လျှင် တစ်ကြိမ်သာကောက်ယူနိုင်သည်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်မူ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းမကောက်ယူနိုင်သည်မှာ နှစ် ၃၀ ကြာမြင့်ပြီ ဖြစ်တဲ့အတွက် တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိရန် ပြည်တွင်းနှင့် နိုင်ငံတကာအကြံပေးများ၏ အကြံဉာဏ်ကိုရယူ၍လည်းကောင်း၊ နိုင်ငံ၏ လိုအပ်ချက်များကို အခြေခံ၍လည်းကောင်း နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် နိုင်ငံတော်အတွက် လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းနိုင်ရန်အတွက် သန်းခေါင်စာရင်းမေးခွန်းပုံစံဟာ အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံနှင့် လူဦးရေနှင်‌့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ကုလသမဂ္ဂစာရင်းအင်းဌာနက ၂၀၀၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအတွက် အခြေခံထားရမည့်အချက်များနှင့် အကြံပြုချက် စာအုပ်အပေါ်အခြေခံထား၍ အဓိကထားမေးမြန်းရမည့်ကဏ္ဍများနှင့် ထပ်ပေါင်းမေးမြန်းနိုင်သည့် ကဏ္ဍများအရ သန်းခေါင်စာရင်းမေးခွန်းများကို ပြုစုထားခြင်းပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ အသုံးပြုမည့်မေးခွန်းပုံစံနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပမှ ပညာရှင်များနှင့် ဦးစီးဌာနမှ ပညာရှင်များပူးပေါင်း၍ ယခင်ပြည်တွင်းအတွေ့အကြုံ များအပေါ်မှာအခြေခံ၍လည်းကောင်း၊ အထက်အပိုဒ်ပါ ကုလသမဂ္ဂစာရင်းအင်းဌာန၏ အကြံပြုချက်စာအုပ်ကို အခြေခံ၍လည်းကောင်း မေးခွန်းပုံစံအား အကြိမ်ပေါင်းများစွာဆွေးနွေးခြင်း၊ ဖော်ထုတ်ခြင်းများပြုလုပ်ခဲ့ပြီး မေးခွန်းပုံစံမူကြမ်းအား ပထမအဆင့်ဖော်ထုတ်ခဲ့ပါတယ်။ ၎င်းနောက် ပေါ်ထွက်လာသော မေးခွန်းပုံစံမူကြမ်းအပေါ်မှာအခြေခံ၍ နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ် စီမံကိန်းများအတွက် အမှန်တကယ်လိုအပ်ချက်နှင့်အညီ ပြုစုနိုင်ရန်အတွက် အချက်အလက် အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲအား ဝန်ကြီးဌာနအသီးသီးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အချက်အလက်အသုံးပြုသူ အဖွဲ့အစည်းများကို ဖိတ်ကြား၍ နေပြည်တော်တွင် တစ်ကြိမ်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို ဖိတ်ကြား၍ ရန်ကုန်မြို့တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လိုအပ်သော အကြံဉာဏ်များကို ရယူပြင်ဆင်ခဲ့ပါတယ်။ ၎င်းနောက် ရရှိလာသော ဒုတိယအကြိမ်မူကြမ်းအား ဗဟိုသန်းခေါင်စာရင်းကော်မရှင်ထံ ရှင်းလင်း တင်ပြပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြအတည်ပြုချက်ရယူခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကောက်ယူမည့် သန်းခေါင်စာရင်းမေးခွန်းပုံစံတွင် မေးခွန်းပေါင်း ၄၁ ခုပါဝင်ပါတယ်။ ၎င်းတို့မှာ အမည်၊ အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ ကျား၊မ ပြည့်ပြီးအသက်၊ အိမ်ထောင်ရေး အခြေအနေ၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ ကိုင်ဆောင်သည့် ကတ်ပြားအမျိုးအစား မသန်စွမ်းမှု အခြေအနေ ပြောင်းရွှေ့သွားလာခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်း/ ကလေးသေဆုံးခြင်းအကြောင်းအရာ၊ အိမ်အကြောင်းအရာများ နိုင်ငံခြားရောက် အိမ်ထောင်စုဝင်များနှင့် သေဆုံးခြင်းအကြောင်းအရာများပါဝင်မှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းစီမံချက်အရ သန်းခေါင်စာရင်း ကောက်ယူမည့် ကာလမှာ ၁၂ ရက်သာသတ်မှတ်ထား၍ စာရင်းကောက်တစ်ဦးဟာ တစ်ရက်လျှင် အနည်းဆုံး ၁၀ အိမ်ကျော်ကောက်ယူရမှာဖြစ်ပါတယ်။ လက်ရှိအတည်ပြုထားသည့် မေးခွန်း ၄၁ ချက်အား မေးမြန်း ဖြည့်သွင်းပါက မိသားစုပုံမှန် ၅ ဦးခန့်ရှိသော အိမ်ထောင်စုတွင် မိနစ် ၄၀ ခန့်ကြာမည်ဖြစ်၍ ၁၂ အိမ် အတွက် ၈ နာရီခန့်ကြာမြင့်မည်ဖြစ်ပါတယ်။ မေးခွန်း ၄၁ ချက်ထက်ပိုမိုလာပါက စာရင်းကောက် တစ်ဦးဟာ တစ်ရက်လျှင် ၈ နာရီထက်ပိုမို၍ စာရင်းကောက်ယူရမည့် အခြေအနေသို့ ရောက်ရှိမည် ဖြစ်ပါတယ်။ ကြယ်ပွင့်ပြမေးခွန်းပါကဏ္ဍများအနက် အောက်တင်ပြပါအချက်များမှာ ၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းပုံစံတွင် ခြုံငုံပါရှိပြီး ဖြစ်ပါတယ်။

ပထမဦးစွာ အလုပ်အကိုင်နှင့် ဆင်းရဲနွမ်းပါးမှုကဏ္ဍတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ် လုပ်နေသော လူဦးရေရရှိရေးမေးခွန်းပါဝင်ရေးနှင့်ပတ်သက်၍ မိမိမေးခွန်းနံပါတ် ၄၀ ဖြစ်သည့် အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ရောက်ရှိနေသူ အရေအတွက်မေးခွန်းတွင် နိုင်ငံခြားသို့ ရောက်ရှိနေသူ၏အမည်၊ အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ၊ ပြည့်ပြီးအသက်၊ ကျား၊မ၊ မြန်မာနိုင်ငံမှ ထွက်ခွာသည့်ခုနှစ်၊ ရောက်ရှိနေထိုင်သည့် နိုင်ငံစသည့်အချက်များကို မေးမြန်းရယူသွားမှာဖြစ်ပါ တယ်။ ဒေသအလိုက်ကျန်ရှိနေသည့် အလုပ်လက်မဲ့ဦးရေရရှိရေးကိုလည်း မိမိ သန်းခေါင်စာရင်း မေးခွန်းနံပါတ် ၂၂ ဖြစ်သည့် သန်းခေါင်စာရင်းနေ့မတိုင်မီ ၇ ရက်အတွင်း သင်မည်သည့် အလုပ်မျိုး လုပ်ခဲ့ပါသလဲဆိုသည့် မေးခွန်းမှလည်းကောင်း၊ မေးခွန်းနံပါတ် ၂၃ ဖြစ်သည့် လွန်ခဲ့သော ၁၂ လ အတွင်း သင်မည်သည့်အလုပ်မျိုးလုပ်ခဲ့ပါသလဲဆိုသည့် မေးခွန်းမှလည်းကောင်း အသေးစိတ် တွက်ချက်ရရှိနိုင်မှာဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် အခြေခံပညာမူလတန်းအဆင့် စာတတ်မြောက်မှုအရေအတွှက် ကျောင်းစာသင်ခန်းများကို ရောက်ရှိလာသော ကျောင်းနေအရွယ် ကလေးအရွယ်အရေအတွက်၊ ရာခိုင်နှုန်းတို့ကို သန်းခေါင်စာရင်းမေးခွန်းနံပါတ် ၁၉ ဖြစ်သည့် ကျောင်းတက်ဆဲ၊ ကျောင်းတက်ဖူးသူ၊ လုံးဝကျောင်းမနေသူ မေးခွန်းမှလည်းကောင်း မေးခွန်းနံပါတ် ၂၀ ဖြစ်သည့် အမြင့်ဆုံးအောင်မြင်သည့် အတန်းမှလည်းကောင်း ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အခြားကျန် ရှိသော အချက်အလက်များဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါးနှင်‌့ နွေစပါးစိုက်ပျိုးသော မြေဧကနှင့် အထွက်နှုန်း၊ အခြားသီးနှံစိုက်ပျိုးသော မြေဧက၊ ဆည်တမံနှင့် မြစ်ရေတင် စီမံကိန်းများမှာ ရေသွင်းစိုက်ပျိုးနိုင်သော စိုက်ဧကစသည့်အချက်များကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ကောက်ယူခဲ့သော လယ်ယာသန်းခေါင်စာရင်းများမှ ရရှိနိုင်မှာဖြစ်ပါတယ်။

အလုပ်အကိုင်နှင့် ဆင်းရဲနွမ်းပါးမှုကဏ္ဍတွင်  တစ်ရက်လျှင် ဝင်ငွေ ၂ ဒေါ်လာနှင့် ညီမျှသော ကျပ်ငွေထက်နည်းသောလုပ်ခရရှိသူ ဆင်းရဲနွမ်းပါးသူဦးရေကို မိမိတို့ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းတွင် ထည့်သွင်းမေးမြန်းထားခြင်းမရှိပါ။ လူဦးရေသန်းခေါင်စာရင်းများတွင် လူတစ်ဦးစီ၏ဝင်ငွေကိုမေးမြန်းပါက အချိန်နှောင့်နှေးကြန့်ကြာစေပြီး အဖြေမှန်ရလေ့မရှိသည်‌့ အတွက် ပြည်တွင်းပြည်ပပညာရှင်များနှင့် ကုလသမဂ္ဂစာရင်းအင်းဌာနမှ အကြံပြုချက်စာအုပ်တွင် ထိုမေးခွန်းကို မေးမြန်းနိုင်သော်လည်း မေးမြန်းရန်မသင့်ကြောင်း ဖော်ပြထားသဖြင့် ချန်လှပ်ထား ခဲ့ခြင်းဖြစ်ပါတယ်။

 ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ အမှန်ရောက်ရှိ တာဝန်ထမ်းဆောင်နိုင်သော ဆရာဝန်အရေအတွက်ကို လူဦးရေသန်းခေါင်စာရင်းမှ တိုက်ရိုက်မရရှိ နိုင်သော်လည်း မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများမှ ဆရာဝန်လိုအပ်ချက်နှင့် တာဝန်ထမ်းဆောင် ရန်ခန့်ထားမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများမှ ရရှိနိုင်မှာဖြစ်ပါတယ်။ လူဦးရေသန်း ခေါင်စာရင်းမှ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ လူဦးရေကိုရရှိနိုင်သဖြင့် လက်ရှိဖွင့်လှစ်ထား သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ အရေအတွက်၊ ခန့်ထားပြီးကျန်းမာရေးမှူး၊ သူနာပြုနှင့်သားဖွား ဝန်ထမ်း အရေအတွက်နှင့်နှိုင်းယှဉ်၍ တိုးချဲ့ဖွင့်လှစ်ပေးရန်လိုအပ်သော ကျေးလက်ကျန်းမာရေးဌာနခွဲ အရေအတွက်၊ တိုးချဲ့ခန့်အပ်ပေးသင့်သော ကျန်းမာရေးမှူး၊ သူနာပြုနှင့်သားဖွားဝန်ထမ်း အရေအတွက်ကိုလည်း ခန့်မှန်းတွက်ချက်နိုင်မှာဖြစ်ပါတယ်။

ဆက်လက်ပြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ ကျေးရွာနှင့်မြို့ ဆက်သွယ် သောလမ်းများနှင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန်လိုအပ်သော မြို့နယ်နှင့် ကျေးရွာ များ၊ ကျေးလက်စာတိုက်များ၊ ကြေးနန်းရုံးနှင့်ကြိုးမဲ့တယ်လီဖုန်း တည်ဆောက်တပ်ဆင်ပေးရန် လိုအပ် သော ကျေးရွာများ အစရှိသည့်အချက်အလက်များကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းများတွင် ထည့်သွင်းမေးမြန်းလေ့မရှိကြပါ။ အဆိုပါအချက်အလက်များကို လူဦးရေနှင့် သန်းခေါင်စာရင်းလုပ်ငန်း ဆောင်ရွက်ပြီးချိန်တွင် ရပ်ရွာဒေသဖွံဖြိုးမှုစစ်တမ်းများမှ ရရှိနိုင်မှာဖြစ်ပါ တယ်။ အလားတူဒေသတစ်ခုလျှင် ထွက်ကုန်တစ်မျိုးမေးခွန်းနှင့်ပတ်သက်၍ အဆိုပါ အချက်အလက် များဟာ ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းထားသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ ဖွဲ့စည်းခန့်အပ်ထားသည်‌့သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ စာရင်းဇယားများမှတစ်ဆင့် ရရှိနိုင်သည့် အချက်အလက်များဖြစ်သဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မေးခွန်းပုံစံတွင် ထည့်သွင်းမေးမြန်းထားခြင်းမရှိကြောင်း တင်ပြအပ်ပါတယ်။

သန်းခေါင်စာရင်းမေးခွန်းများဟာ လူတိုင်းကိုမေးမြန်းရန်ဖြစ်သည်‌့အတွက် မေးခွန်း တစ်ခုတိုး တိုင်း မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေဖြစ်သည့် လူသန်း ၆၀ ခန့်ကို မေးမြန်းရာတွင် အချိန်ပိုမို ကြာမြင့် ပြီး စာရင်းကောက်ယူခြင်းလုပ်ငန်းသည် သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်မည်မဟုတ်ပါ။ ထို့အပြင် မေးခွန်းပုံစံတွင် စာမျက်နှာများတိုးလာပြီး အိမ်ထောင်စု ၁၂ သန်းခန့်အတွက် မေးခွန်းပုံစံများ ရိုက်နှိပ်ရာတွင်လည်းကောင်း၊ ပိုမိုလိုအပ်လာမည့် စာရင်းကောက်များအတွက် နေ့တွက်စရိတ်နှင့် ဝတ်စုံစရိတ်အတွက်လည်းကောင်း၊ ဘဏ္ဍာငွေလိုအပ်ချက်များစွာ တိုးမြင့်လာနိုင်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ အချို့နိုင်ငံများမှ လူဦးရေသန်းခေါင် စာရင်းများဟာ မေးခွန်းများကို အလွန်များပြားစွာ မေးမြန်းခဲ့သည့်အတွက် အချိန်၊ လူအင်အားနှင့် ငွေကြေးများစွာစိုက်ထုတ်သုံးစွဲခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့သည့် သာဓကများစွာလည်း ရှိခဲ့ပါ တယ်။

သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမေးခွန်းပုံစံတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသော ပါဝင်စေလိုသည့် အချက်အလက် အတော်များများ လွှမ်းခြုံပါဝင်ခဲ့ပြီးဖြစ်ပါတယ်။ လုပ်အား၊ အချိန်၊ ငွေကြေးသုံးစွဲရမှုနှင့် အရည်အသွေး ရှိသော ကိန်းဂဏန်းများရရှိရေးကို ချိန်ထိုးစဉ်းစားဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် အခြားထပ်မံလိုအပ် မည့် အကြောင်းအရာများကို ဦးစားပေးမေးခွန်းများမှ ရရှိသော ကိန်းဂဏန်းများအပေါ်မှာအခြေခံ၍ တွက်ချက်ခြင်း သို့မဟုတ် စစ်တမ်းများဖြင့် ဖြည့်စွက်ကောက်ယူ၍ အစားထိုးကောက်ယူမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။