(စ)-မြစ်မခချောင်းရေကာတာ၊ ရေနုတ်မြောင်းများတူးဖော်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၈) ရက်မြောက်နေ့ (၂၀-၁၀-၂၀၁၁)

မိုးညိုမြို့နယ်မှာ လယ်မြေဧက ၁၇၆၉၀ ကျော်ဖော်ထုတ်နိုင်ရေးရည်မှန်းပြီး တော့မြစ်မခချောင်း ရေကာတာတည်ဆောက်ခြင်းလုပ်ငန်း ၂၄ မိုင်အား ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်းပဲ ရေနုတ်မြောင်း၊ ရေတံခါးများ တည်ဆောက်ထားခြင်းမရှိပါသဖြင့် ရေကာတာအတွင်းမိုးရေများသိုလှောင်ပြီး လယ်မြေများ၊ လယ်ယာ အင်းများ အခက်အခဲများတွေ့ကြုံရပြီးတော့ စိုက်ပျိုးထုတ်လုပ်မှု၊ သားငါးထုတ်လုပ်မှုအခက်အခဲများ တွေ့ကြုံရပြီး မျှော်မှန်းချက် မအောင်မြင်ဖြစ်နေပါတယ်။ အခက်အခဲများတွေ့ကြုံနေရတဲ့ ပြည်သူများ ကတော့ ကျွန်တော်တို့မိုးညို မြို့နယ်မှာ ၄၂ အုပ်စုရှိသည့်အနက် ၁၁ အုပ်စုရှိပြည်သူများဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းပြည်သူများ အခက်အခဲမရှိ အဆင်ပြေစေရေးအတွက် ရေနုတ်မြောင်းနှင့် ရေတံခါး တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌ြမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ မိုးညိုမြို့နယ်တွင် မြစ်မခလွင်ပြင်ရေလွှမ်းမိုးမှု ကာကွယ်ရေးနှင့် စိုက်ပျိုးမြေ ဖော်ထုတ်ရေးလုပ်ငန်းကို နှစ်စဉ် ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရန်နှင့် စိုက်ပျိုးမြေဧရိယာများ တိုးချဲ့ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ မြစ်မခအနောက် ဘက်ကမ်း တာမှာ မြစ်သာကျေးရွာမှ မိုးညိုမြို့ အထိ အလျား ၂၄.၂၁ မိုင်ရှိပြီး အဆိုပါ ကမ်းပတ်တာကို ၂၀၀၅-၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာမှာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။ မြစ်မခ အနောက်ဘက်ကမ်းပတ်တာကို တည်ဆောက်ပေးခဲ့ခြင်းကြောင့် မိုးညိုမြို့နယ်တွင် ရေလွှမ်းမိုးမှုကို အထိုက်အလျောက် ကာကွယ်ပေးပြီးဖြစ်ပါတယ်။ အဆိုပါ မြစ်မခအနောက်ဘက် ကမ်းပတ်တာအတွင်း ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ကမ်းပတ်တာ၏ ပေတိုင် ၂၃/၄ မိုင်တွင် မြစ်မခအနောက်ဘက် ကမ်းတာရေထိန်းတံတား တည်ဆောက်ပေးရန်အတွက် ယခုအခါ မြေပြင်တိုင်းတာခြင်း၊ ရေစီးရေလာ တိုင်းတာခြင်းနှင့် ဒီဇိုင်းပုံစံထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ရေတံခါးတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေ တင်ပြတောင်းခံ၍ နိုင်ငံတော်အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များအရ ရန်ပုံငွေခွဲဝေ ခွင့်ပြုပေးနိုင်မှုအပေါ်တွင်မူတည်ပြီး လုပ်ငန်းများအား ခွင့်ပြုရန်ပုံငွေအရ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။