ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးခန့်ထားသော်လည်း ပြောင်းရွှေ့သွားသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ယခုအခါတွင် ပြည်သူများအနေဖြင့် သွားဘက်ဆိုင်ရာဆရာဝန်မရှိသဖြင့် အခက်အခဲကြုံတွေ့နေရပါသည်။ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး လိုအပ်နေပါသောကြောင့် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးအား ခန့်ထားပေးရန် အစီအစဉ်ရှိ၊မရှိနှင့် မရှိပါကမည်သည့် အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်ကြောင်းကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သွားဘက်ဆိုင်ရာဆရာဝန်သစ်လွင်များခန့်ထားရေးကို ကျွန်တော်တို့ ဆောင်ရွက်တဲ့အခါမှာ အခုပြီးခဲ့တဲ့လပိုင်းများကလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ သွားဘက် ဆိုင်ရာဆရာဝန် ၁၄၂ ဦး ခန့်ထားခွင့်ပြုမိန့်ကျလာပြီးဖြစ်ပါတယ်။ အဲဒီအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နဲ့ ဒီဥစ္စာကို ၁၄၂ ဦးကို ရွေးချယ်ပြီးတော့ မကြာမီမှာ ကျွန်တော်တို့ကို ကျန်းမာရေး ဝန်ကြီးဌာနကိုရွေးချယ်ပြီးတဲ့ ၁၄၂ ဦး ကို ပို့တဲ့အခါမှာ ကျွန်တော်တို့ လိုအပ်နေတဲ့မြို့နယ်များကို ခန့်ထားမှာဖြစ်ပါတယ်။ အဲဒီတော့ မိုင်းယန်းပြည်သူ့ဆေးရုံကြီးမှာ ခန့်ထားနိုင်ရေးအတွက်ကို ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားလိုပါတယ်။
ဒီမှာတစ်ဆက်တည်း စောစောကမေးသွားတဲ့ မေးခွန်းတွေထဲမှာလည်း ဆရာဝန်လိုနေတာ၊ သူနာပြုလိုနေတာလေးတွေ သူတို့တင်ပြတောင်းခံထားတာတွေ့ပါတယ်။ အဲဒီတော့ ဒီလပိုင်းတွေမှာပဲ ပြီးခဲ့တဲ့ ဒီလပဲပြောပါတော့လေ ဒီလနဲ့ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်း ကျွန်တော်တို့ ဆရာဝန်လျော့ နည်းနေတဲ့အကြောင်း၊ လစ်လပ်နေတဲ့အကြောင်းတွေကိုလည်း ကျွန်တော် ပြည်သူ့လွှတ်တော်မှာ အရင် မေးခွန်းတွေမှာတင်ပြခဲ့ပြီး၊ အဲဒါဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ အခုကျွန်တော်တို့ သူနာပြုဆရာမ ၁၅၀၀ ကျော်နဲ့ လက်ထောက်ဆရာဝန် ၅၀၀ ဦးခန့်ဖို့ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ အတည်ပြုချက်ရပြီး ဖြစ်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်နေတဲ့ နေရာတွေကို ဒီဆရာဝန်၊ သူနာပြုတွေခန့်ထားပြီးတဲ့အခါမှာ ဦးစားပေးအစီအစဉ်အလိုက်ပြန့်နှံ့ံအောင် နေရာချထားပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
