ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ ၁၆ ခုတင်ဆံ့ဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ်သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနကနေ ၂၉-၁၀-၂၀၀၈ ရက်စွဲပါစာအမှတ်၊ ကမတ/ ဃ-၇၀၁/၈၉ ဖြင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်ပါတယ်။ ခွင့်ပြုစာရဲ့နောက်ဆက်တွဲမှာ ဝန်ထမ်း ဖွဲ့စည်းပုံအားဖြင့်ဝန်ထမ်း ၅၅ ဦးဖြင့် ၂၉-၁၀-၂၀၀၈ ရက်နေ့မှစ၍ တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုလိုက် တယ်လို့လည်းပါရှိပြီးဖြစ်ပါတယ်။ ခွင့်ပြုစာရဲ့စာပိုဒ်အပိုဒ် (၃) မှာ ၁၄-၈-၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၂၇/၂၀၀၈ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအင်အားခွင့်ပြုပြီး ဝန်ထမ်းအင်အားခန့်ထားခြင်းကို ၂၀၀၉-၂၀၁၀ ဘတ်ဂျက်တွင်ခန့်ထားရန် ဖြစ်သည်ဟုလည်းပါရှိပါသည်။ ခွင့်ပြုစာရဲ့ နောက်ဆက်တွဲ (က) ပါဝန်ထမ်း များအနက် ဝန်ထမ်း ၂၉ မျိုးပါရှိတဲ့အနက်မှာ ယခု ကာလအခြေအနေမှာ ဝန်ထမ်းအမျိုးအစား ၁၁ မျိုး အနက်၊ ဖွဲ့စည်းပုံ ၃၄ ယောက်မှာ လက်ထောက်ဆရာဝန် လိုအပ်ချက်တစ်ဦး၊ လက်ထောက်ဆရာဝန် (သွား)လိုအပ်ချက်တစ်ဦး၊ သူနာပြု(သွား) လိုအပ်ချက်တစ်ဦး၊ သူနာပြု-၃ လိုအပ်ချက်ငါးဦးနဲ့ ဆေးဘက်ကျွမ်းကျင်(ဓာတ်မှန်) လိုအပ်ချက်တစ်ဦး၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်-၄ ဆေးစပ်တစ်ဦး၊ ဒု-လက်ထောက်စာရင်းအင်းမှူးတစ်ဦး၊ အစောင့်နှစ်ဦးစသည်ဖြင့် ဝန်ထမ်း ၃၄ ဦးမှာ ၉ ဦးသာ ခန့်ထားနိုင်ပြီး၊ ၂၅ ဦးလိုအပ်လျက်ရှိပါတယ်။ သို့ပါ၍ လိုအပ်လျက်ရှိတဲ့ရာထူးအလိုက် ဝန်ထမ်း အမျိုးအစား ၁၁ မျိုးအနက် လိုအပ်နေတဲ့ဝန်ထမ်းဦးရေ ၂၅ ယောက်ကို ဖြည့်စွက်ခန့်ထားနိုင်ရေး အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို မေးမြန်းပါသည်။
မေးခွန်းမှာပါတဲ့အတိုင်း ဒီ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ စာနဲ့ခွင့်ပြု ထားတာသည် ကျွန်တော်တို့ ဒီ ၂၀၀၈ ခုနှစ်က တစ်ခါ၊ ၂၀၁၀ ခုနှစ်က ဖွဲ့စည်းပုံတစ်ခါတိုးချဲ့ပြီးတော့ ခွင့်ပြုထားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရမှာ ဓနုဖြူမြို့နယ်ဆေးရုံမှာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးတစ်ဦး၊ လက်ထောက်ဆရာဝန်နှစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ အဲဒီတော့ လစ်လပ်တာကတော့ အဓိကအားဖြင့် ဓာတ်ခွဲဓာတ်မှန်နဲ့ အထွေထွေဝန်ထမ်းများပဲဖြစ်ပါတယ်။ ဒီလစ်လပ်နေတဲ့ဝန်ထမ်းများကို ဖြည့်ဆည်းခန့်ထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ဖြေကြားလိုပါတယ်။
