ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်သည် လွန်ခဲ့သောသုံးနှစ်ခန့်က ရာသီဥတုပူနွေးပြီး မိုးနည်းလာမှုများကြောင့် ဘေးဝဲယာ တစ်လျှောက်ရှိရွာများသည် ယခင်က နွေရာသီကာလများ၌ပင် လှေများဖြင့်လှော်ခတ်သွားလာ မောင်းနှင်ခဲ့သော်လည်း ရေများခန်းခြောက်ခဲ့စဉ်က ချောင်းလယ်တွင်လှေဖြင့်သွားလာနိုင်ရန်ခက်ခဲ ခြင်း၊ မော်တော်များမောင်းနှင်သွားလာနိုင်ရန်ခက်ခဲခြင်း၊ အချို့ရွာများတွင် လူသွားလမ်းအထိ လုံးဝရေများခြောက်ခန်းသည်အထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ ရေစစ်ကန်များ ကိုယ်ထူကိုယ်ထတူးဖော် ခဲ့သော်လည်း လုံလောက်သောသောက်ရေကန်များမရရှိခဲ့ပါ။ အချို့အဝီစိတွင်းများ တူးဖော်ကြ သော်လည်း အောင်မြင်မှုနည်းပါးခဲ့ပါတယ်။ ယခု ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် မိုးများကြီးစွာရွာသွန်းမှုကြောင့် ကန်အတွင်းရေများ များပြားလာပြီဖြစ်သော်လည်း သန့်ရှင်းမှုနည်းပါး ခြင်း၊ နောင်အခါတွင် ရေရှားပါးလာမည့်အရေး စိုးရိမ်မှုများရှိနေပါသည်။ သို့ဖြစ်ပါသောကြောင့် သဘာဝအလျောက်ထွက်ရှိနေသော ရေထွက်များမှ ဘေးဝဲယာတစ်လျှောက်ရှိ ကျေးရွာများသို့ သန့်ရှင်းသော ရေကောင်းရေသန့်များရရှိစေရေးအတွက် နိုင်ငံတော်မှ မည်သို့မည်ပုံဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ရေဝေရေလဲဒေသထိန်းသိမ်းရေးတို့ကို နိုင်ငံတော်က စနစ်တကျ စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ ဂျပန်နိုင်ငံအခြေစိုက် KARAMOSIA အဖွဲ့များနှင့်ပူးပေါင်းပြီး အင်းလေးကန်ရေဝေရေလဲထိန်း သိမ်းရေးဆိုင်ရာစီမံကိန်းလေးခု အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပြီးဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အင်းလေးကန် မိုင် ၂၀ ပတ်ဝန်းကျင်သစ်တော၊ ရေ၊ မြေ၊ သားငှက်ထိန်းသိမ်းရေး ငါးနှစ်စီမံချက်နှစ်ခုကိုလည်းပဲ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ ဆောင်ရွက် ပေးခဲ့ပြီဖြစ်ပါတယ်။ ယခုအခါ အာဆီယံဇီဝမျိုးစုံ၊မျိုးကွဲများဗဟိုဌာနနဲ့ ပူးပေါင်းပြီးအာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုအနေနဲ့ ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများကို နှစ်ရှည်စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိ ပါတယ်။ အင်းလေးကန်ရှိ ကျေးရွာများမှာလူဦးရေ၊ အိမ်ခြေတိုးတက်လာခြင်း၊ ဟိုတယ်၊ စားသောက် ဆိုင်များ၊ ဈေးဆိုင်များ၊ အိမ်တွင်းစက်မှုလုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများနဲ့ အညစ်အကြေးများစည်းမဲ့ကမ်းမဲ့စွန့်ပစ်ခြင်း၊ အင်းလေးကန်အတွင်း ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးနှင့်တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လာခြင်း၊ အင်းလေးကန်ရေပြင်ပမာဏ လျော့နည်းကျဆင်းလာခြင်းတို့ကြောင့် ရေအရည်အသွေးကျဆင်းပြီး ရေကောင်းရေသန့်ရှားပါးလာ တာကိုတွေ့ရှိရပါတယ်။
၂၀၁၀ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံအတွင်း ထူးကဲစွာအပူချိန်မြင့်မားမှုကြောင့် အင်းလေးကန် အတွင်း သောက်သုံးရေရှားပါးခြင်းနှင့် သွားလာရေးခက်ခဲခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။ နွေစပါးစိုက်ပျိုး ရန်အတွက် အင်းလေးကန်အတွင်းသို့ စီးဝင်သည့်ချောင်းများမှရေများကို ထုတ်ယူသုံးစွဲရခြင်း၊ အင်းလေးကန်တောင်ဘက်နမ့်ပန်ခုံကျေးရွာအနီးမှာ သဘာဝရေတားကျောက်တန်းတစ်ခုကို မိုးဗြဲဆည် အတွင်းရေဝင်ပမာဏ ပိုမိုများပြားလာစေရန်ရည်ရွယ်ပြီးတော့ ဖယ်ရှားခဲ့ခြင်း၊ အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများကိုခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေများ၊ ကျေးရွာမြေများအဖြစ် ပြောင်းလဲခြင်းများကြောင့် ရေထွက်များခန်းခြောက်လာခြင်း၊ တောင်ယာခုတ်ထွင်ရှင်းလင်းမှုနဲ့ မှားယွင်းသော ထွန်ယက်စိုက်ပျိုးခြင်းနည်းစနစ်များကြောင့် မြေဆီလွှာတိုက်စားကာ သဲနုန်းပို့ချမှု များပြားလာခြင်းဖြစ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကန်အတွင်းရေဝင်ရောက်မှုနှင့် ရေသိုလှောင်မှု ပမာဏလျော့နည်းခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ၂၀၁၀ ခုနှစ်၊ မေလတွင် အင်းလေးကန်အတွင်း ထူးကဲစွာရေလျော့နည်းခန်းခြောက်မှုအပေါ် ၁၁ ကြိမ်မြောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအစည်းအဝေးမှာ အင်းလေးကန်မတိမ်ကောစေရေး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး စီမံချက်တစ်ခုကို နိုင်ငံတော်အစိုးရထံသို့တင်ပြခဲ့ပါတယ်။ ထို့အပြင် သစ်တောရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး အစိုးရဌာနများ၊ တက္ကသိုလ်၊ ကောလိပ်များမှပညာရှင်များ၊ နိုင်ငံတကာနှင့်ပြည်တွင်းမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများပါဝင်တဲ့အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပခဲ့ပါတယ်။ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေ အနေများထိန်းသိမ်းရေး ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၁၀-၂၀၁၁ မှ ၂၀၁၄-၂၀၁၅ ခုနှစ်အထိ)ကို ရေးဆွဲပြီး အစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရယူကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အင်းလေးကန်ထိန်းသိမ်းရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ် (ယခုနိုင်ငံတော်သမ္မတကြီး) ကိုယ်တိုင် ၂၀၁၀ ခုနှစ်၊ သြဂုတ်လအတွင်းကွင်းဆင်းစစ်ဆေးပြီး လမ်းညွှန်ချက်အရ အင်းလေးကန်ရေရှည် တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေးကော်မတီကို ပြည်ထောင်စု အစိုးရက ၂၀၁၁ခုနှစ်၊ ဇွန်လတွင်ပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဒုတိယသမ္မတ(၂) မှလည်း အင်းလေးကန်ကိုကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းလမ်းညွှန်ချက် ၁၅ ရပ်ချမှတ်ပေးခဲ့မှုအပေါ် မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင်ရာဌာနများက အင်းလေးကန်ဒေသ အတွင်း ရေအရည်အသွေးကောင်းမွန်စေရေးအတွက် ဓာတုဗေဒဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံအသုံးပြုခြင်းမရှိစေရေးနှင့် စနစ်တကျအသုံးပြုရေး ထိန်းချုပ်ဆောင်ရွက်ခြင်း၊ သဘာဝ မြေသြဇာနည်းစနစ်များ Organic Farming လက်တွေ့ကျင့်သုံးစေရေး ဆောင်ရွက်ခြင်းနှင့်သရုပ်ပြ ပညာပေးခြင်း၊ အညစ်အကြေးများစွန့်ပစ်ခြင်းနှင့် ပတ်သက်ပြီး စည်းကမ်းများသတ်မှတ်ပေးခြင်း၊ စွန့်ပစ်ရန်နေရာများသတ်မှတ်ပေးခြင်း၊ ကန်ရေပြင်အတွင်း အညစ်အကြေးစွန့်ပစ်မှုများအား ကန့်သတ်တားမြစ်ခြင်း၊ ဇီဝမိလ္လာအိုးများသုံးစွဲစေခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း၊ ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုကန့်သတ်တားမြစ်ခြင်း၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများမှ ထွက်ရှိသောစွန့်ပစ်ပစ္စည်းများ၊ အမှိုက်များအားနေရာသတ်မှတ်၍ စွန့်ပစ်စေခြင်း၊ စည်းကမ်း သတ်မှတ်၍ ကြီးကြပ်စစ်ဆေးခြင်း၊ ကန်အတွင်းသွားလာလျက်ရှိသော စက်တပ်ရေယာဉ်များမှ စက်ဆီယိုဖိတ်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ရိုးရာဓလေ့ထုံးစံအရ သြင်္ဂိုဟ်မှုများကိုလည်း ရေကန်အတွင်းပြုလုပ်မှုအစား ပြင်ပသို့ သယ်ဆောင်သြင်္ဂိုဟ်နိုင်ရေးစီစဉ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ယခုအခါ အင်းလေးကန်ရေရှည်တည်တံ့ရေးနဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီးနှစ်ရှည်စီမံကိန်းများဆောင်ရွက်ရန် အသေးစိတ်အစီအမံများ ရေးဆွဲညှိနှိုင်းလျက်ရှိပါ တယ်။ အင်းလေးကန်ရေရှည်တည်တံ့ရေး ဘက်စုံထိန်းသိမ်းရန် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ ကို UN-HABITAT နဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့လ သြဂုတ်လ ၂၄ မှ ၂၅ ရက်နေ့အထိ နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အင်းလေးကန်ထိန်းသိမ်းရေးအတွက် ဒေသခံပြည်သူ လူထုနဲ့ပူးပေါင်းပြီး နှစ်ရှည်စီမံကိန်းတစ်ခုကိုလည်း နော်ဝေနိုင်ငံအစိုးရရဲ့ကူညီပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်ရန် စီစဉ်လျက်ရှိပါတယ်။ အင်းလေးကန်အတွင်း စီးဝင်သောရေပမာဏ၊ ရေမှတ်များကို အချိန်နှင့်အမျှ မှတ်တမ်းတင်ထားရှိကာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း မှတ်တမ်းများအရ ရေစီးဝင် နှုန်းနှင့် ရေလှောင်ပမာဏများ ယခင်ကထက် ပိုမိုထူးခြားစွာ တိုးတက်မှုရှိလာကြောင်းတွေ့ရှိရပါတယ်။ အင်းလေးကန် ရေရှည်တည်တံ့နိုင်မှသာ ရေပမာဏနှင့်ရေအရည်အသွေးများ ကောင်းမွန်ရေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဓိကတာဝန်ရှိကြတဲ့ ဒေသနေပြည်သူများအနေဖြင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ တစ်ခဏအကျိုးနှင့် ထာဝရအကျိုးကိုနှိုင်းဆကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးခံယူချက်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် တင်ပြမေးမြန်းပါသည်။
