သာစည်မြို့နယ် စမုံရေထိန်းတမံရဲ့ လက်ဝဲမြောင်းတစ်လျှောက် တပ်ဆင်ထားတဲ့ ရေထုတ်ပြွန် တံခါးများနှင့် DY မြောင်း ပျက်စီးကျိုးပြတ်နေတာနှင့်ပတ်သက်ပြီး ပြုပြင်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စမုံရေထိန်း တမံ ဟာသာစည်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်အကွာမှာတည်ရှိပါတယ်။ စမုံချောင်းအတွင်း စီးဆင်းရေများသာမက သာစည်မြို့နယ်ရဲ့အရှေ့ဘက် တောင်တန်းဆီမှ တောင်ကျရေများကိုပါ စုစည်း သိုလှောင်ရာရေထိန်းတမံဖြစ်ပါတယ်။ လက်ဝဲမြောင်း၊ လက်ယာမြောင်းများမှတစ်ဆင့် သာစည် မြို့နယ်အတွင်းရှိ ကျေးရွာတချို့နှင့်ဝမ်းတွင်းမြို့နယ်အတွက် စိုက်ပျိုးရေပေးဝေနိုင်ပါတယ်။ စမုံလက်ဝဲ မြောင်းတစ်လျှောက်မှာ တောင်သူများအား စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ရေထုတ်ပြွန် ၁၁ ခုရှိပါ တယ်။ အဆိုပါ ရေထုတ်ပြွန်များမှာ ရေတံခါးရွက်များတပ်ဆင်ထားကြောင်း သိရှိရပါတယ်။ ရေထုတ်ပြွန် ၁၁ ခုအနက် အမှတ်(၂)၊ (၃)၊ (၅)၊ (၆)၊ (၇)၊ (၈) စတဲ့ ရေထုတ်ပြွန်များဟာ ရေမြောင်း အတွင်း ရေမျက်နှာပြင်ရဲ့အထက်မှာ တည်ဆောက်ထားခြင်းကို တွေ့ရှိရပါတယ်။ ရေထုတ်ပြွန်ဟာ ရေမျက်နှာပြင်ရဲ့အထက်မှာ ရောက်နေတဲ့အတွက် ရေမထွက်နိုင်ဘဲ လယ်မြေများသို့ ရေပေးလို့ မရ ကြောင်း အဆိုပါရေထုတ်ပြွန်အနီး ရေမျက်နှာပြင်မီတဲ့နေရာမှ နောက်ထပ်အကူပြွန်များတပ်ပြီး ရေယူ ရတယ်လို့သိရပါတယ်။ အကူပြွန်ဖြစ်တော့ စိုက်ပျိုးရေလိုတဲ့အချိန်မှာ လိုသလောက်ရေကို အချိန်မီမရ နိုင်ဘဲ ကြန့်ကြာမှုရှိပါတယ်။ အဆိုပါရေထုတ်ပြွန် ရေတံခါးများဟာ စတင်တည်ဆောက်တပ်ဆင်ချိန် ကတည်းက ယခုအချိန်အထိ ရေထုတ်လို့မရနိုင်တဲ့အတွက် မည်သည့်အတွက်ကြောင့် တပ်ဆင် ထားခြင်းကို နားမလည်နိုင်ကြောင်း ဒေသခံတောင်သူများက ပြောကြပါတယ်။ ဒါ့အပြင် လက်ဝဲမြောင်း ပေါ်မှ DY လက်လွှဲမြောင်းမှာတော့ ရေထိန်းတံခါး ရွက်တပ်ဆင်ထားခြင်းမရှိပါ။ ရေထိန်းတံခါးရွက် တပ်ဆင်ထားခြင်းမရှိတဲ့အတွက် မိုးရွာရေများ၊ တမံမှရေထုတ်လွှတ်လိုက်တဲ့ရေများ အဆမတန် လျှံကျ စီးဆင်းမှုကြောင့် အဆိုပါ DY လက်လွှဲမြောင်းမှာ မကြာခဏ ကျိုးကျလေ့ရှိပြီး ထိုသို့ ကျိုးပြတ်တဲ့ နေရာကို ဒေသခံတောင်သူများက ပြန်လည်ဆည်ဖို့ရပါတယ်။ သို့ဖြစ်ပါ၍ သာစည်မြို့နယ် စမုံရေထိန်းတမံရဲ့ လက်ဝဲမြောင်းတစ်လျှောက် တပ်ဆင်ထားသော ရေထုတ်ပြွန်ရေတံခါးများနှင့် DY မြောင်း ပျက်စီးကျိုးပြတ်နေမှုများအား စနစ်တကျ ပြုပြင်ပေးရန်အစီအစဉ်ရှိ၊မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။
စမုံရေထိန်းတမံဟာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် အတွင်း စမုံမြစ်နှင့် အင်တိုင်းသာချောင်းကိုပိတ်ပြီးတော့ စမုံမြစ်ပေါ်တွင် ၁၉၉၀ ပြည့်နှစ်က တည်ဆောက် ခဲ့ပါတယ်။ စမုံရေထိန်းတမံဟာ လက်ယာမြောင်းမတော်နဲ့ လက်ဝဲမြောင်းမတော်ဟူ၍ ၂ ခုရှိပြီး လက်ဝဲမြောင်းမတော်အရှည် ၁၈ မိုင်နှင့် လက်ယာမြောင်းမတော်အရှည် ၆.၅ မိုင်ရှိပါတယ်။ ရေပေးမြောင်းမကြီး ၂ ခုဖြင့် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရေသောက်ဧရိယာ ၁၀၇၉၆ ဧကကို ရေပေးဝေရန် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ သာစည်မြို့နယ်မှ ၃၄၈၈ ဧက၊ ဝမ်းတွင်းမြို့နယ်မှ ၇၃၀၈ ဧက ဖြစ်ပါတယ်။
စမုံရေထိန်းတမံ၏ လက်ဝဲွမောင်းမကြီးတွင် မိုင်နာလက်ခွဲမြောင်း ၃၄ ခုရှိပြီး သာစည်မြို့နယ် အတွင်းတွင် မိုင်နာလက်ခွဲမြောင်း ၁၀ ခုနှင့် DY လက်ခွဲမြောင်းတစ်ခုရှိပါတယ်။ စမုံရေထိန်းတမံ၏ ရေသောက်စနစ်ရှိ တူးမြောင်းများဟာ သဲဆန်သောဧရိယာအတွင်း ဖြတ်သန်းဖောက်လုပ်ထားသော မြေသားမြောင်းများဖြစ်ပါတယ်။ တူးမြောင်းအလျား ရှည်လျားပြီး သဲဆန်သောဧရိယာအား ရေပေးဝေ ရခြင်းဖြစ်သဖြင့် ရေလှည့်စနစ်ဖြင့် စည်းကမ်းတကျစိုက်ပျိုးရေရယူရန် စီမံတည်ဆောက်ထားသော ကြောင့် စည်းကမ်းတကျရေရယူရန် လိုအပ်မည်ဖြစ်ပါတယ်။ သာစည်မြို့နယ် ရေသောက်ဧရိယာများသည် မြောင်းအရင်းပိုင်းတွင်ရှိ၍ စည်းကမ်းရှိရှိ စနစ်တကျ ရေယူမည်ဆိုပါက ရေရရန် အခွင့်အရေး ရာနှုန်းပြည့်ရရှိနိုင်သော ဧရိယာဖြစ်ပါတယ်။ သာစည်မြို့နယ်အတွင်းရှိ ရေသောက် ဧရိယာ ၃၄၈၈ ဧကအနက် လက်ယာမြောင်းမကြီးမှ ၁၈၅၂ ဧက၊ လက်ဝဲမြောင်းမကြီးမှ ၁၆၃၆ ဧက ရှိပါတယ်။ လက်ဝဲမြောင်းမကြီး၏ သာစည်မြို့နယ်အတွင်း ရေသောက်ဧရိယာ ၁၆၃၆ ဧကတွင် လယ်ွမေ ၉၅၀ ဧကနှင့် ယာမြေ ၆၈၆ ဧက ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှမေးမြန်းထားတဲ့ ရေထုတ်ပြွန်အမှတ် (၂)၊ (၃)၊ (၅)၊ (၆)၊ (၇)၊ (၈) ရေထုတ်ပြွန်များအား ရေပေးဝေသည့်စနစ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
တူးမြောင်းမကြီး ရေထုတ်ပြွန်များမှ လယ်မြေများသို့ မြင့်ရာမှနိမ့်ရာသို့ ရေစီးဆင်းသော စနစ် (Gravity Flow System) ဖြင့် ရေပေးဝေရာတွင် တူးမြောင်းအထက်ပိုင်းရှိ ရေထုတ်ပြွန်ပေါက် များသည် မြောင်းကြမ်းပြင်မှ ပိုမိုမြှင့်တင်၍ တည်ဆောက်ထားပြီး မြောင်းအဆုံးပိုင်းသို့ ရေထုတ်ပြွန် များကို တဖြည်းဖြည်းနှိမ့်ချ၍ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ သို့မှသာ မြောင်းအရင်းမှ မြောင်း အဖျားထိ စိုက်ပျိုးဧရိယာများအား မျှတစွာ ရေပေးဝေနိုင်မည်ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် တူးမြောင်းမကြီးအတွင်းရှိ ရေထုထည်စီးနှုန်း၊ ရေအနက်တို့ကိုမူတည်၍ မြောင်းခွဲ၊ လက်တံခွဲွမောင်း များ၏ ရေသောက်ဧရိယာအလိုက် ထုတ်ယူသုံးစွဲမည့် ရေပမာဏကို တွက်ချက်၍ လက်တံခွဲမြောင်း၊ လက်တံမြောင်းများတို့၏ ရေထုတ်ပေါက်အမြင့်နှင့် အကျယ်တို့ကို ဒီဇိုင်းတွက်ချက်၍ တည်ဆောက် ထားခြင်းဖြစ်ပါတယ်။ စမုံလက်ဝဲမြောင်းမကြီးတွင် သာစည်မြို့နယ်အတွင်း မိုင်နာမြောင်း ၁၀ ခုအနက် မိုင်နာမြောင်း (၁) မှ မိုင်နာမြောင်း (၃) အထိ မြောင်းမကြီး၏ ပေတိုင် ၁၂၆၀၀ တွင် တည်ဆောက် ထားသော ရေထိန်းရေမြင့် အဆောက်အဦမှ ရေမြှင့်တင်ပြီး ရေထုတ်ပြွန်များမှ ရေပေးဝေရပါတယ်။ မိုင်နာမြောင်းအမှတ်(၄)၊ (၅)၊ (၆)၊ (၇)၊ (၈) အတွက် မြောင်းမကြီး၏ ပေတိုင် ၂၁၅၀၀ တွင် တည်ဆောက်ထားသော ရေမြှင့်အဆောက်အဦမှ ရေမြှင့်တင်ပြီး ရေပေးဝေရပါတယ်။ ထိုကဲ့သို့ ရေထိန်းရေမြှင့် အဆောက်အဦများ အလှည့်ကျရေမြှင့်တင်၍ ရေပေးဝေရာတွင် ရေလှည့်အောက်ပိုင်း မှ တောင်သူများသည် ရေအလှည့်ကျချိန်မစောင့်နိုင်ဘဲ ညအချိန်တွင် ရေမြှင့်အဆောက်အဦ၊ ရေတားတုံး များကိုဖွင့်၍ ရေယူခြင်း၊ ရေလှည့်ကျသော အထက်ပိုင်းရှိ တောင်သူများအချင်းချင်းသည် စနစ်တကျ ရေယူရမည့်အစား သူ့ထက်ငါဦးအောင် သတ်မှတ်ရေထုတ်ပြွန်မှ ရေအလာကို မစောင့်ဘဲ ခိုးပြွန်များ တပ်ဆင်၍ စည်းကမ်းမဲ့ရေယူခြင်း၊ မြောင်းမကြီးအတွင်း စည်းကမ်းမဲ့ပင်းတားများပြုလုပ်၍ အချိန်ပြည့်ရေယူခြင်း စသည်တို့ကြောင့် ရေပိုသူက ပို၍ ရေလိုသူက လိုနေရကြောင်း စစ်ဆေးတွေ့ရှိ ရပါတယ်။
ဌာနတာဝန်ရှိသူများက မြောင်းတစ်လျှောက်စစ်ဆေးကြီးကြပ်ပြီး မလိုအပ်သည်များကို ဖယ်ရှား ရှင်းလင်း၍ စည်းကမ်းတကျ ဆောင်ရွက်ခဲ့ကြသော်လည်း တာဝန်ရှိသူများ မျက်ကွယ်ပြုသွားသည် နှင့်တစ်ပြိုင်တည်း စည်းကမ်းချိုးဖောက်မှုများကို ပြန်လည်လုပ်မြဲဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တူးမြောင်းဥပဒေများဖြင့် အရေးယူမည်ဆိုပါကလည်း မပြည့်စုံသူများဖြစ်၍ ၎င်းတို့၏ စားဝတ်နေရေး၊ မိသားစုအရေးတို့ကိုငဲ့ကွက်သောအားဖြင့် ဖျောင်းဖျစည်းရုံးခြင်းဖြင့်သာ ဆောင်ရွက်ခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ လက်ဝဲမြောင်း ၁၆၃၆ ဧကပေါ်တွင် လယ် ၉၅၀ ဧကအနက် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၈၃၅ ဧက၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ယခုမိုးစပါးရာသီက ၉၀၅ ဧကကို ရေပေးဝေ စိုက်ပျိုး နိုင်ခဲ့ပါတယ်။ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးသိလိုသော အဆိုပါ ရေထုတ်ပြွန်၊ ရေတံခါး များသည် စတင်တည်ဆောက်တပ်ဆင်ချိန်ကတည်းက ယခုအချိန်အထိ ရေထုတ်လို့မရနိုင်သည့် အတွက် မည်သည့်အတွက်တပ်ဆင်ထားွခင်းကို နားမလည်နိုင်ဖြစ်ရကြောင်း ဟူသော မေးမြန်းချက်ကို ဖြေကြားရမည်ဆိုပါက ရေတံခါးများကို စနစ်တကျ တွက်ချက်တပ်ဆင်ထားပါသည်။ သို့သော် ဒေသခံ တောင်သူများ သတ်မှတ်စည်းကမ်းကို လိုက်နာမှုအားနည်းခြင်းကြောင့် ဖြစ်ပါသည်ဟု နားလည်ရန် ရှင်းလင်းတင်ပြအပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးသိရှိလိုသော လက်ဝဲမြောင်းပေါ်ရှိ DY လက်ခွဲမြောင်း ကျိုးပြတ်ရခြင်းမှာ တမံထုတ်လွှတ်ရေများ အဆမတန် လျှံကျစီးဆင်း၍ မဟုတ်ပါ။ မိုးများ၍ တမံမှ ရေထုတ်လွှတ်သောအခါ တူးမြောင်းများအတွင်းသို့ ထုတ်လွှတ်ခြင်းမဟုတ်ပါ။ သဲထုတ်ရေတံခါး၊ ရေတံခါးတပ် ရေပိုလွှဲ၊ ပင်မရေပိုလွှဲတို့မှ ပိုလျှံရေများကို စမုံချောင်းအတွင်းသို့သာ ထုတ်လွှတ်ခြင်း ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ DY လက်ခွဲမြောင်းကျိုးပေါက်ရခြင်းမှာ ရေဆိုးထုတ်မြောင်း များအား တောင်သူများမှ ပိတ်၍ ငါးဖမ်းခြင်း၊ လယ်ယာများတိုးချဲ့လုပ်ကိုင်ခြင်း၊ အမှိုက်များစွန့်ပစ် ခြင်းတို့ကြောင့် ကွင်းအတွင်း ရေလျှံ၍ လက်ခွဲမြောင်းပေါင်အား ရေကျော်၍ ကျိုးပေါက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ကျိုးပေါက်သွားသော မြောင်းများအား စက်ဖြင့်ပြုပြင် ပေးလိုသော်လည်း စိုက်ပျိုးချိန်ဖြစ်၍ စက်များဝင်ရောက်ရန် အခက်အခဲရှိကြောင်း အချိန်မီ ရေပြန်လည်ပေးဝေနိုင်ရန် သက်ဆိုင်ရာမြောင်း၏ ရေသောက်တောင်သူများနှင့် ဆည်မြောင်းဌာန ဝန်ထမ်းများ ပူးပေါင်း၍ပြုပြင်ဆောက်ရွက်ကြရပါကြောင်း တင်ပြအပ်ပါတယ်။ DY လက်ခွဲ မြောင်းတွင် မူလကတည်းက ရေထိန်းတံခါးတပ်ဆင်ထားပါတယ်။ အဆိုပါရေတံခါးကို လက်ရှိပြုပြင် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၂-၂၀၁၃ နှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ပါတယ်။ စမုံရေထိန်းတမံနှင့် ဆည်ရေသောက်စနစ်မှာ တည်ဆောက်ခဲ့သည့် နှစ်ကာလကြာမြင့်ပြီးဖြစ်၍ တူးမြောင်းများအတွင်း သဲနုန်းပို့ချခြင်း၊ တူးမြောင်းပေါင်များ ဒီဇိုင်းပုံစံကျမရှိတော့ခြင်း၊ တူးမြောင်းအဆောက်အဦများ ယိုယွင်းပျက်စီးခြင်းတို့ ဖြစ်လျက်ရှိပါတယ်။ သို့ဖြစ်၍ စမုံရေထိန်းတမံ၏ ဆည်ရေသောက်စနစ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပြုပြင်မှု လုပ်ငန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်တွင် ပြီးစီးရန်စီမံလျက်ရှိပါကြောင်းလည်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။ ထိုသို့ ပြုပြင်မှုပြီးစီးသည့်တိုင်အောင် အဆိုပါစမုံရေထိန်းတမံမှ ရေပေးဝေ မှုနှင့်ပတ်သက်၍ တောင်သူလယ်သမားများမှ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြပါမှသာလျှင် လိုအပ်သောရည်မှန်းချက် ရရှိနိုင်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
