နိုင်ငံတော်သည် တစ်မျိုးသားလုံး၏ ပညာရည်မြင့်မားရေးနှင့် ကျွမ်းကျင်သော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နည်းပညာရှင်များ ပေါ်ထွန်းစေရေးအတွက် အဆင့်မြင့်ပညာမူဝါဒများတွင် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ သိပံ်ပနှင့်နည်းပညာဝန်ကြီး ဌာနသည်လည်း နိုင်ငံတော်အတွက် တိုးတက်ပြောင်းလဲလာသည့် သိပံ်ပနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှချမှတ်ထားသော ထောင်စုနှစ်၏ ရည်မှန်းချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံများပေါင်းစည်း အကောင် အထည်ဖော်ဆောင်ရွက်သည့်အချိန်၌ လိုအပ်လာမည့် နည်းပညာရှင်များ၊ အတတ်ပညာရှင်များ အဆင်သင့်ရှိနေစေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးရေးမူဝါဒများ ချမှတ်ပေးထားပါသည်။ ဒေသတစ်ခုချင်း တိုးတက်ဖွံ့ဖြိုးမှုရရှိစေရန်နှင့် မြို့ပြ၊ ကျေးလက်၊ ပြည်နယ်၊ ပြည်မမကွာဟစေဘဲ အဆင့်မြင့်ပညာများ သင်ယူခွင့်ရရှိစေရန်ဆိုသော ရည်မှန်းချက်များအရ တိုင်းနှင့်ပြည်နယ်အနှံ့တွင် တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် မိဘပြည်သူအားလုံးက ဝမ်းသာ လျက်ရှိပါတယ်။
နိုင်ငံတော်၏ ပညာရေးစနစ်တွင် စက်မှုကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါတယ်။ စက်မှုတက္ကသိုလ်ပညာရေးဟာ ကျောင်းသား ကျောင်းသူများနှင့် မိဘများက တက္ကသိုလ်ဝင်တန်းပညာရေးကတည်းက အင်နဲ့အားနဲ့ ရည်မှန်းချက် ကြီးစွာဖြင့် အဆိုပါပညာရေးကို အားထားခဲ့ကြပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ စက်မှု တက္ကသိုလ်အတွက် ပေါင်းကူးပေးသော နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများသည် ပထမနှစ်အောင်မြင်ခြင်း၊ ဒုတိယနှစ်အောင်မြင်ခြင်းတွင် B-Tech မမီသောကြောင့် A.G.T.I ဘဲှ့ဖြင့် ကျောင်းထွက်သွားကြရပါတယ်။ အချို့မှာ ရိုးရိုးတက္ကသိုလ်ဘွဲ့ရယူ၍ ကျောင်းပြင်ပသို့ ရောက်ရှိသွားကြပါတယ်။
ကျောင်းသူကျောင်းသားများနှင့် မိဘများက စက်မှု တက္ကသိုလ် B.E ဘွဲ့ကို မျှော်လင့်ချက်ကြီးစွာဖြင့် ရည်မှန်းချက်ထားခဲ့သော်လည်း B-Tech မမီလို့ ကျောင်းပြင်ပသို့ ရောက်သွားခဲ့ခြင်းဖြင့် မိဘများနှင့် ကျောင်းသူ ကျောင်းသားများမှ စိတ်မချမ်းမြေ့ ဖွယ်ရာခံစားရပါတယ်။ သို့ဖြစ်ပါ၍ စိတ်လေလွင့်မှုဖြင့် ပြင်ပသို့ ကျောင်းထွက်သွားကြသော ကျောင်းသားကျောင်းသူများ၏ အကျိုးအလို့ငှာ အောက်ပါကြယ်ပွင့်ပြမေးခွန်းများ ကို မေးမြန်းရ ခြင်းဖြစ်ပါတယ်။
မေးခွန်း(၁) နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားပြီး A.G.T.I ဘဲှ့ဖြင့် ကျောင်းထွက် သွားသော ကျောင်းသားကျောင်းသူများအား B.E ပညာသင်ကြားခွင့်ရရှိရေးအတွက် မည်သို့စီမံ ဆောင်ရွက်ထားပါသနည်း။ မေးခွန်း(၂) စက်မှုတက္ကသိုလ်ပညာသင်ကြားနိုင်ရန်အတွက် မည်သည့် အချိန်၊ မည်သည့်ကာလတွင် ဆောက်ရွက်ပေးရန် အစီအမံရှိပါသနည်း မေးမြန်းပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရာတွင် မရှိမဖြစ် လိုအပ်သည့် အင်ဂျင်နီယာများနှင့် နည်းပညာကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ် များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၌ အင်ဂျင်နီယာနှင့် ဗိသုကာအထူးပြုဘာသာရပ်များ သင်ကြားပို့ချလျက်ရှိပါတယ်။ ယခင် ၂၀၁၁-၂၀၁၂ ခု ပညာသင်နှစ်အထိ အင်ဂျင်နီယာနှင့် ဗိသုကာ ဘာသာရပ်များ လေ့လာသင်ယူရာ၌ A.G.T.I သင်တန်း ၂ နှစ် အောင်မြင်ပြီးဆုံးသည့်အချိန်တွင် A.G.T.I ဒီပလိုမာ လက်မှတ်ပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။ A.G.T.I ဒုတိယနှစ်တွင် သတ်မှတ် အရည်အချင်းပြည့်မီပါက B.Tech ပထမနှစ်သို့ ဆက်လက်တက်ရောက်ခွင့်ပြုပြီး ၂ နှစ် အောင်မြင် ပြီးမြောက်ပါက B.Tech ဘွဲ့ပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။ B.Tech ဒုတိယနှစ်သင်တန်းတွင် သတ်မှတ်အရည်အချင်းပြည့်မီ ပါက B.E တစ်နှစ်သင်တန်းသို့ တက်ရောက်ခွင့်ပြုပြီး အောင်မြင်ပြီး မြောက်ပါက B.E ဘွဲ့ပေးအပ် ချီးမြှင့်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ထောင်ရာ မှာ အင်ဂျင်နီယာပညာရှင်များသာမက နည်းပညာကျွမ်းကျင်သူ စက်မှုအတတ်ပညာရှင်များနှင့် စက်မှု ကျွမ်းကျင်လုပ်သားများပါ လိုအပ်လျက်ရှိရာ A.G.T.I ဒီပလိုမာ လက်မှတ်ရသူများသည် စက်မှု ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ B.Tech ဘွဲ့ရရှိသူများသည် အလယ်အလတ်အဆင့် နည်းပညာကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ B.E ဘွဲ့ရရှိသူများသည် အင်ဂျင်နီယာပညာရှင်များ အဖြစ်လည်းကောင်း သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင်ဝင်ရောက်လုပ်ကိုင်တာဝန် ထမ်းဆောင်နိုင်ရန် အတွက် အဆင့်အလိုက် သင်ရိုးညွှန်တမ်းများ ရေးဆွဲပြဋ္ဌာန်းထားပါသည်။ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်မှာ နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ သို့ လျှောက်ထားရာတွင် A.G.T.I မှ B.Tech ၊ B.Tech မှ B.E သို့ သတ်မှတ်အရည်အချင်းပြည့်မီ မှသာအဆင့်ဆင့် ပေါင်းကူးတက်ရောက် ခွင့်ပြုမည်ကို နှစ်စဉ်ပုံမှန်ဖော်ပြခဲ့ရာ တစ်ဆင့်မြင့် ပေါင်းကူး သင်တန်းများသို့ တက်ရောက်ခွင့်သည် အလိုအလျောက်ရရှိမည်မဟုတ်ဘဲ ကြိုးစားအားထုတ်ရန် အခွင့်အလမ်းပေးထားခြင်းဖြစ်ပြီး A.G.T.I ဒီပလိုမာလက်မှတ်သည် အသက်မွေးဝမ်းကျောင်း အတတ် ပညာဆိုင်ရာ ဒီပလိုမာလက်မှတ်ဖြစ်သည့် အားလျော်စွာ သတ်မှတ်အရည်အချင်းမကိုက်ညီသဖြင့် ပေါင်းကူးတက်ရောက်ခွင့် မရရှိသူများအနေဖြင့် နည်းပညာကျွမ်းကျင်သူများအဖြစ် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများရရှိပါတယ်။
ယခု ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်မှစတင်ပြီး အင်ဂျင်နီယာပညာရေးစနစ်နှင့် စက်မှု ပညာရေးစနစ်ကို သီးခြားစီ ပီပြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့ကို အဆင့်မြင့်နည်းပညာ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်၍ အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ ၆ နှစ် ပြီးမြောက် အောင်မြင်ပါက သက်ဆိုင်ရာအထူးပြုဘာသာရပ်အလိုက် အင်ဂျင်နီယာဘွဲ့ B.E ပေးအပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာတက္ကသိုလ်များအဖြစ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ သော ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) တို့မှအပ အခြား နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ် A.G.T.I ပထမနှစ်သင်တန်းတက်ရောက်ခွင့်ပြုပြီး စာတွေ့ရော လက်တွေ့ပါ ကျွမ်းကျင် တတ်မြောက်သည့် နည်းပညာကျွမ်းကျင်သူ (Technician) များအဖြစ် လေ့ကျင့် မွေးထုတ်ပေးနိုင်ရန် စက်မှုပညာရေးသင်ရိုးညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲသင်ကြားပေးလျက် ရှိပါတယ်။
A.G.T.I ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရရှိသည့် ကျောင်းသားကျောင်းသူများအား A.G.T.I သင်တန်းအောင်မြင်ပြီးဆုံးပါက A.G.T.I လက်မှတ်ရ နည်းပညာကျွမ်းကျင်သူများအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ စာတွေ့ရော လက်တွေ့ပါ ကျွမ်းကျင် တတ်မြောက်သည့် Technician များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးကို ရည်မှန်းချက် ထား လေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ တစ်ဆင့်မြင့် သင်တန်းများသို့ သတ်မှတ်သည့် အရည်အချင်းထိုက်တန်စွာ ပြည့်မီမှသာ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာ တက္ကသိုလ်များ ဖွင့်လှစ်ပြီး အင်ဂျင်နီယာပညာရေးစနစ်ကို သီးခြားအကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ရာ တစ်ဆင့်မြင့်သင်တန်းများသို့ တက်ရောက်ခွင့်မှာ ရပိုင်ခွင့်မဟုတ်ဘဲ ကြိုးစားရန် အခွင့်အလမ်းပေးထားခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ တစ်ဆင့်မြင့် သင်တန်းများသို့ တက်ရောက်ရန် သတ်မှတ်ထားသည့် ရမှတ်ရရှိပါက တက်ရောက်ခွင့်ပြုခြင်းဖြစ် ကြောင်း၊ တစ်ဆင့်မြင့်သင်တန်းများသို့ တက်ရောက်ရန်မှာ သတ်မှတ်အရည်အချင်း ပြည့်မီထူးချွန်ရန် လိုအပ်ကြောင်းနှင့် ရည်မှန်းချက်ထားရှိပါက အောင်မြင်အောင်ကြိုးစားနိုင်မည် ဖြစ်ကြောင်းကို ကျောင်းသားကျောင်းသူများ သိမြင်နားလည်စေရန် သက်ဆိုင်ရာ ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးများ နှင့် ဌာနမှူးများမှ ရှင်းလင်းပြောကြားဆောင်ရွက်လျက် ရှိပါတယ်။ ယခင်က A.G.T.I မှ B.Tech ၊ B.Tech မှ B.E သို့ အဆင့်ဆင့်ပေါင်းကူး စနစ်ကျင့်သုံးသည့် စာသင်နှစ်များတွင် တစ်ဆင့်မြင့်သင်တန်း များသို့ ပေါင်းကူးတက်ရောက်ခွင့်ပြုရာတွင် လူဦးရေဖြင့် ကန့်သတ်သတ်မှတ်ခြင်းမဟုတ်ဘဲ တစ်ဆင့် မြင့်သင်တန်းသို့တက်ရောက်ရန် သတ်မှတ်ထားသည့် ရမှတ်ပြည့်မီသူများအားလုံးကို တက်ရောက်ခွင့် ပြုသည့် စနစ်ကျင့်သုံးခြင်း ဖြစ်ပါတယ်။ ပေါင်းကူးအရည်အချင်းမပြည့်မီသဖြင့် တစ်ဆင့်မြင့်သင်တန်း များသို့ တက်ရောက်ခွင့်မရရှိသူများအတွက် ပေါင်းကူးအရည်အချင်းစစ်စာမေးပွဲများကို လိုအပ်ချက်အရ အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ A.G.T.I အောင်မြင်ပြီး တစ်ဆင့်မြင့်သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့် မရရှိသူများသည် ဆက်လက်ပညာရေးကဏ္ဍတွင် အဆင့်မြင့်ပညာဆည်းပူး လိုပါက အဝေးသင်တက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ဘာသာတွဲအလိုက် ခွင့်ပြု ထားသော အထူးပြုဘာသာရပ် သင်တန်းများတွင် တတိယနှစ်မှ စတင်တက်ရောက်နိုင်သည့် အခွင့်အလမ်း ရရှိပါတယ်။ ယခုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ဈေးကွက် စီးပွားရေးစနစ်ကို ပိုမိုပီပြင်စွာ ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်လာကြရာ တိုးတက်ဖွံ့ဖြိုးလာသော စက်မှုလုပ်ငန်းများနှင့် နည်းပညာအခြေပြု ဝန်ဆောင်မှုလုပ်ငန်းများအတွက် အင်ဂျင်နီယာများသာမက နည်းပညာ ကျွမ်းကျင်သူများပါ ပိုမိုလိုအပ်လာမည်ဖြစ်ရာ A.G.T.I ဒီပလိုမာလက်မှတ်ရရှိသူများအတွက် နည်းပညာကျွမ်းကျင်သူများအဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်း များ တိုးတက်ရရှိလာမှာဖြစ်ပါတယ်။
စက်မှုပညာရေးစနစ်နှင့် အင်ဂျင်နီယာပညာရေးစနစ်ကို စာသင်နှစ်အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါပညာရေးစနစ်နှစ်ခု သီးခြားစီပီပြင်စွာ ဆောင်ရွက်နိုင်ချိန်တွင် တစ်ဆင့်မြင့်သင်တန်းတက်ရောက်ရန် သတ်မှတ်အရည်အချင်း ပြည့်မီသူ များကို ပုံမှန်အတိုင်း သက်ဆိုင်ရာသင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ် အရည်အချင်းမပြည့်မီသူများကို အလုပ်အကိုင်အခွင့်အလမ်းနှင့် ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်မူတည်ပြီး လိုအပ်မှသာ ပေါင်းကူးဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲများ ကျင်းပစစ်ဆေး သွားမည်ဖြစ်ပါကြောင်းနှင့် ဝင်ခွင့်စာမေးပွဲကျင်းပပြုလုပ်ရန်ရှိပါက သတင်းစာများတွင် ကြိုတင် ထည့်သွင်း အသိပေးကြေညာသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
