ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရှမ်းပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်အထိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်းပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီး ထိုသို့ ဆောင်ရွက်ကြရာတွင် တောင်သူလယ်သမားများ၏ လယ်ယာမြေများကိုတူးဖော်၍ ပိုက်လိုင်းများချရန် ပြင်ဆင်ရမည်ဖြစ်ရာ တောင်သူလယ်သမားများနစ်နာမှုမရှိစေရန် ပျက်စီးသွားသော လယ်ယာမြေများ အတွက် ထိုက်တန်သောလျော်ကြေးငွေများပေးလျော်ခြင်းကို တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်ကုမ္ပဏီတို့ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများပြုလုပ်နေသည်ဟု ကြားသိရပါတယ်။ ယင်းပေးလျော်မည့် မြေတန်ဖိုးနှင့် ငါးနှစ်စာ သီးနှံတန်ဖိုးများကို နှစ်ဖက်ညှိနှိုင်းသဘောတူပြီးသည့်အခါ သတ်မှတ်လျော်ကြေးငွေတန်ဖိုး များကို အများပြည်သူသိရှိအောင် အစိုးရပိုင်သတင်းစာ၊ ရေဒီယိုတို့မှ ထုတ်ပြန်ကြော်ငြာပေးစေလိုပါ သဖြင့် ထိုသို့သော ပွင့်လင်းမြင်သာသည့် အစီအစဉ်ရှိ၊ မရှိကိုမေးမြန်းပါသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဒေဝူး E&P မြန်မာဦးဆောင်တဲ့ ရွှေစီမံ ကိန်းဝင်ကုမ္ပဏီများနဲ့ တရုတ်နိုင်ငံ CNPC ကုမ္ပဏီတို့အကျိုးတူပူးပေါင်းပြီးတော့ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို မြန်မာ-တရုတ် နယ်စပ်ထိ၊ ရခိုင်ကမ်းရိုးတန်း၊ ကျောက်ဖြူ ကနေ မြန်မာ-တရုတ် နယ်စပ်အထိ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီးတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအရှည်စုစုပေါင်း ၇၉၂.၅ ကီလို မီတာနှင့် ရေနံစိမ်းပိုက်လိုင်းအရှည် စုစုပေါင်း ၇၇၀.၅ ကီလိုမီတာ သွယ်တန်းဖို့ရှိပါတယ်။ ဒီလိုပိုက်လိုင်းတွေ တည်ဆောက်မယ့် အမြဲတမ်းပိုက်လိုင်းနယ်မြေ Right Of Way ကို ပိုက်လိုင်း တစ်လိုင်းတည်းဆိုရင် အကျယ်မီတာ ၂၀ အသုံးပြုမှာဖြစ်ပါတယ်။ ပိုက်လိုင်းနှစ်လိုင်း အပြိုင်ဖြစ်မယ် ဆိုရင်တော့ အကျယ်မီတာ ၃၀ အတွင်းမှာပဲ မြေအများအပြားအသုံးပြုခြင်းမှ ရှောင်ရှားနိုင်ရန် ပိုက်လိုင်းနှစ်လိုင်း အတတ်နိုင်ဆုံးအပြိုင်ဆွဲသွားမှာ ဖြစ်ပါတယ်။ အဲဒီပိုက်လိုင်း တစ်လျှောက်မှာ ပိုက်လိုင်းသွယ်တန်းမှုလမ်းကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လက်ခံစခန်း၊ ထိန်းချုပ် စခန်း၊ ရေနံ မောင်းနှင်စခန်းနှင့် ပစ္စည်းသိုလှောင်စခန်းတို့အတွက် ယာယီမြေအသုံးပြုရေးနှင့် အမြဲတမ်း အသုံးပြုရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းကြီး အကောင်အထည်ဖော်ဖို့အ တွက်စွမ်းအင်ဝန်ကြီးဌာနဟာ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ အစိုးရများနဲ့ဆက်စပ်ပြီးတော့ ဒီပိုက်လိုင်း ဖြတ်သန်သွားမယ့် တိုင်းဒေသကြီး၊ ပြည်နယ်လေးခု အတွင်းမှာရှိတဲ့ ဒေသများကမြေယာ၊ သီးနှံထိခိုက်ပျက်စီးမှု တွေ့ကြုံခဲ့ရတဲ့လယ်သမားတွေ၊ လုပ်သား ပြည်သူများအတွက် ထိုက်တန်တဲ့လျော်ကြေးပေးရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်ပါတယ်။ မြေယာရရှိရေးအဖွဲ့နဲ့ သီးနှံလျော်ကြေးပေးရေးအဖွဲ့ကို စွမ်းအင်ဝန်ကြီးဌာန၊ သက်ဆိုင်ရာဒေသရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ပိုက်လိုင်းလမ်းကြောင်းဖြတ်သန်းရာဒေသက ရပ်မိရပ်ဖနဲ့ ပိုက်လိုင်းလုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီက ကိုယ်စားလှယ်များပါဝင်တဲ့အဖွဲ့ဖြင့် အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သလောက်အနည်းဆုံး ဧရိယာပမာဏလောက်သာအသုံးပြုရေးကို ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ မြေယာရရှိရေးနှင့် သီးနှံလျော်ကြေးပေးရေးအဖွဲ့ဟာ ကျေးရွာတွေကိုကွင်းဆင်းပြီးတော့မှ မြေယာ ပိုင်ရှင်တွေကိုစိစစ်ပြီး မြေယာလွှဲပြောင်းအသုံးပြုရေးအတွက် ဆွေးနွေးညှိနှိုင်းပြီးတော့မှ မြေယာ ပိုင်ရှင်တွေက ပိုက်လိုင်းကုမ္ပဏီတွေရဲ့ လျော်ကြေးမူဝါဒတွေ၊ လျော်ကြေးနှုန်းထားတွေ ဖတ်ရှုသဘော ပေါက်ပြီးကြောင်း၊ သဘောတူကြောင်း၊ လုပ်ငန်းစတင်ရန်သဘောတူကြောင်း ဖော်ပြပါရှိတဲ့သဘော တူညီချက်ပုံစံမှာ လက်မှတ်ရေးထိုးကြပါတယ်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ မြေစာရင်းဦးစီးဌာန က ပုဂ္ဂိုလ်တွေ၊ မြေပိုင်ရှင်တွေရဲ့ရှေ့မှောက်မှာ ထိခိုက်နစ်နာသွားသော မြေ၊ သီးနှံ၊ သစ်ပင်တွေကို အမျိုးအစားခွဲခြားသတ်မှတ်ခြင်း၊ ကြီးရင့်မှု Maturity မှတ်တမ်းတင်ခြင်း၊ အပင်အရေအတွက် ရေတွက်ခြင်း၊ အသုံးပြုမည့်မြေအကျယ်အဝန်း တိုင်းတာသတ်မှတ်ခြင်းတို့ကိုပြုလုပ်ပါတယ်။ အဲဒီ နောက် ထိခိုက်နစ်နာသွားတဲ့ သီးနှံအမျိုးအစား၊ အရေအတွက်၊ အပင်ရဲ့ကြီးရင့်မှု အစရှိသည်တို့ကို မှတ်တမ်းဇယားတွင် ပိုင်ရှင်ကသဘောတူလို့ရှိရင် သဘောတူကြောင်း လက်မှတ်ရေးထိုးပါတယ်။ ကောက်ခံရရှိတဲ့ မှတ်တမ်းမှာဖော်ပြပါရှိတဲ့ သစ်ပင်၊ သီးနှံ၊ မြေအကျယ်အဝန်းတို့ရဲ့ လျော်ကြေးကို တွက်ချက်ပေးပါတယ်။ လျော်ကြေးပေးမယ့် မြေယာနှင့်သီးနှံပေါက်ဈေးနှုန်းတွေကို ဒေသအတွင်းမှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကိုစုံစမ်းလေ့လာခြင်း၊ ဒေသအာဏာပိုင်တို့သတ်မှတ်ထားတဲ့ ဈေးနှုန်းအတည်ပြုမှုများကို စုံစမ်းမေးမြန်းရယူခြင်း၊ ကာယကံရှင်ဖြစ်တဲ့ ြမေပိုင်ရှင်ထံမှ စုံစမ်းပြီးတော့ သူ့သဘောအရ တောင်းဆိုလိုတဲ့ဈေးနှုန်းများကိုမှတ်သားခြင်း ဒီအထဲကမှ အသင့်လျော်ဆုံးဈေးနှုန်းကို သတ်မှတ်ပါတယ်။ သီးနှံအထွက်နှုန်းတွေကိုလည်း စုံစမ်းလေ့လာအတည်ပြုပါတယ်။ ဒီလိုဆောင်ရွက် ပြီးမှ အမြဲတမ်းသိမ်းဆည်းမှုအတွက် သီးနှံတွေကိုလျော်ကြေးတွက်ချက်တဲ့နေရာမှာ သီးနှံဈေးနှုန်း၊ နောက်တစ်ခါ သိမ်းဆည်းမယ့်သီးနှံအမျိုးအစားအလိုက် အခင်းနဲ့စိုက်တာဆိုရင် ဧက သို့မဟုတ် နှစ်ရှည်ပင်အပင်ကြီးဆိုလျှင်တစ်ပင်အထွက်နှုန်း၊ ပျက်စီးထိခိုက်သွားတဲ့အကျယ်အဝန်း၊ ထိခိုက်နစ်နာ တဲ့အပင်အရေအတွက်၊ နောက်တစ်ခါ အပင်ရဲ့ကြီးရင့်ကိန်း ဒီဟာတွေကို အြခေခံပြီးတော့မှ အမြဲတမ်း သိမ်းဆည်းမှုအတွက် ၅ နှစ်စာတွက်ချက် ပေးလျော်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အပင်ကြီးရင့်ကိန်း တွက်ချက်မှုဟာ အရေးကြီးပါတယ်။ အပင်အမျိုးအစားတူသော်ငြားလည်းပဲ အပင်ကြီးရင့်ပြီးတော့ အထွက်နှုန်းအမြင့်ဆုံးမှာရှိနေတဲ့အပင်မျိုး၊ အကောင်းစားအထွက်နှုန်းရှိတဲ့အပင်၊ သာမန်အထွက်နှုန်း ရှိတဲ့အပင်၊ လုံးဝအသီးမသီးသေးတဲ့ပင်ပျို၊ ပင်ပေါက် စသည်အားဖြင့် ဒီလိုခွဲခြားပြီးမှ သတ်မှတ်ချက် တွေနဲ့အမှတ်ပေးပြီးတော့မှ အပင်ရဲ့ဈေးနှုန်းကိုတွက်ချက်ခြင်းဖြစ်ပါတယ်။ ယာယီြမေသိမ်းဆည်းမှု ဆိုရင်တော့ ရာသီအလိုက်သီးနှံများအတွက် လျော်ကြေးကိုတစ်နှစ်စာပေးပါတယ်။ ဥယျာဉ်ခြံမြေ ဆိုရင်တော့လျော်ကြေးကို သုံးနှစ်စာတွက်ချက်ပေးလျော်ပါတယ်။ ြမေအတွက်လျော်ကြေးတွက်ချက်တဲ့ နေရာမှာမြေဈေးနှုန်းနဲ့ပတ်သက်လို့ မြေစာရင်းဦးစီးဌာနကလည်းကောင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မှလည်းကောင်း၊ သက်ဆိုင်ရာဒေသခံများမှလည်းကောင်း တင်ပြတဲ့ပေါက်ဈေးအနက် အမြင့်ဆုံး ဈေးနှုန်းကိုယူပါတယ်။ နောက်တစ်ခါ မြေအမျိုးအစားကိုသတ်မှတ်တဲ့နေရာမှာ လယ်ဆိုရင်လည်း အကောင်းစားလား၊ ဒုတိယတန်းစားလား၊ အညံ့စားလား၊ ဥယျာဉ်မြေလား။ မစိုက်ပျိုးတဲ့မြေရိုင်းလား စသည်ဖြင့် မြေရဲ့အဆင့်အတန်းကိုဖြတ်ပါတယ်။ နောက်တစ်ခါ ြမေတည်နေရာအညွှန်းကိန်းဆိုတာ ကိုလည်း ထည့်ထားပါတယ်။ ြမေတည်နေရာအညွှန်းကိန်းဆိုတာကတော့ ြမေတစ်ဧကနဲ့ တစ်ဧက တည်နေရာအနေအထားအရတန်ဖိုးမတူပါဘူး။ ရန်ကုန်မှာရှိတဲ့ြမေတစ်ဧကနဲ့ တောထဲမှာရှိတဲ့တစ်ဧကနဲ့ မတူပါဘူး။ ဒါ့ကြောင့်ဒီမြေဟာ မြို့နားကမ်းနားမှာလား၊ ဝင်လမ်း၊ ထွက်လမ်းလွယ်သလား၊ ဝေးသလား စသည့်ဒီအချက်တွေကို အညွှန်းကိန်းတွေနဲ့ အမှတ်ပေးအကဲဖြတ်ပါတယ်။ နောက်တစ်ခါ ပိုင်ဆိုင်မှု ခိုင်မာခြင်း၊ အညွှန်းကိန်းဆိုတာလည်း ထည့်ပြီးတွက်ချက်ပါတယ်။ ပိုင်ရှင်ဟာ ဘယ်လောက်တောင် ခိုင်ခိုင်မာမာပြနိုင်သလဲ။ အခွန်ဆောင်ထားတာရှိသလား။ ဦးပိုင်ပေါက်ထားတာရှိသလား။ စသည် အားဖြင့် ဒီအပေါ်မှာမူတည်ပြီးတော့မှ နှုန်းထားတွေကိုသတ်မှတ်ခြင်းဖြစ်ပါတယ်။ နောက်ခြွင်းချက် ကိစ္စရပ်တွေဖြစ်တဲ့ မလွှဲသာမရှောင်သာ လယ်တဲတွေ၊ ယာတဲတွေ စသည်အားဖြင့် ဖယ်ရှားရတာတွေ ရှိပါတယ်။ ရေတွင်းရေကန်တွေ၊ ခြံစည်းရိုးတွေ ထိခိုက်ပျက်စီးသွားတာတွေရှိပါတယ်။ အဲဒီလို ထိခိုက် နစ်နာမှုမျိုးဖြစ်ရင်တော့ သီးခြားကိစ္စရပ်များအဖြစ် ဆုံးရှုံးနစ်နာတဲ့ပစ္စည်း၊ လုပ်အားခတွေကို ပိုင်ရှင်နှင့် ညှိနှိုင်းသတ်မှတ်ပြီးတော့ ကိစ္စရပ်တစ်ခုချင်းအလိုက် ပေးလျော်ပါတယ်။ နောက်တစ်ခါ ပိုက်လိုင်း အူကြောင်းဟာ ြမေကွက်တစ်ခုကိုဖြတ်သန်းသွားမယ်ဆိုရင် သိမ်းလိုက်တဲ့မြေကများပြီး ကျန်တဲ့ြမေဟာ မူလြမေပမာဏရဲ့ ၂၀ ရာခိုင်နှုန်းထက်နည်းရင် အဲဒီဟာအတွက်ကိုလည်းပဲ မိမိတို့မသုံးသော်ငြား လည်း ထည့်သွင်းပြီးတော့ပေးလျော်ပါတယ်။ နောက်တစ်ခါ ပိုက်လိုင်းလမ်းအူကြောင်း Right of Way မှာပိုက်လိုင်းမြေမြှုပ်ပြီးတာနဲ့မူလပိုင်ရှင်ဟာ ဒီအပေါ်မှာပြန်ပြီးတော့ ရာသီသီးနှံစိုက်ပျိုးခွင့်ရှိပါတယ်။ တင်ပြပါလုပ်ငန်းအားလုံးကို အထက်ကတင်ပြတဲ့ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်ဆောင်ရွက်သည့်အချိန်မှစပြီး ဒီနေ့ အထိ ပိုက်လမ်းလမ်းကြောင်း၊ လက်ခံစခန်း၊ ထိန်းချုပ်စခန်း၊ ပစ္စည်းသိုလှောင်စခန်းစသည်တို့ အတွက် ယာယီနှင့်အမြဲတမ်း ြမေသိမ်းဆည်းမှုတွေလုပ်ခဲ့တဲ့နေရာမှာ ၁၈၉၄ ခုနှစ် ြမေသိမ်းအက် ဥပဒေနှင့် အထက်/အောက်မြန်မာပြည် ြမေနှင့်အခွန်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ြမေနှင့်သီးနှံလျော်ကြေးများကို ြမေပိုင်ရှင်များကျေနပ်စေလောက်တဲ့ ဈေးနှုန်းဖြင့်ပေးလျော်ခြင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းစတင်တဲ့အချိန်ကနေ ဒီနေ့ထိ ပေးလျော်ပြီးခဲ့တဲ့ငွေကြေးပမာဏ များကို တိုင်းနဲ့ပြည်နယ်အလိုက် ခွဲခြားတင်ပြရရင်တော့ ရခိုင်ပြည်နယ်မှာ အားလုံး ၇၆၁၉၇၄၅၄ ကျပ်၊ မကွေးတိုင်းဒေသကြီးမှာ ၈၀၅၄၃၂၂၃၉ ကျပ်၊ မန္တလေးတိုင်းဒေသကြီးမှာ ၄၅၁၇၉၅၁၃၅ ကျပ်နဲ့ အမေရိကန် ဒေါ်လာ ၅၅၀၀၀၀ ၊ ရှမ်းပြည်နယ်မှာ ၉၁၁၁၄၄၆၁ ကျပ် ၆၂ ပြား၊ စုစုပေါင်းကနေ့အထိ ကျပ်သန်းပေါင်း ၂၉၃၀၂၁၂၂၆၉ ကျပ် ၆၂ ပြားနဲ့ အမေရိကန် ဒေါ်လာ ၅၅၀၀၀၀ ပေးလျော်ပြီးဖြစ် ပါတယ်။ ဆက်လက်ပြီးတော့လည်း သိမ်းဆည်းရေး၊ ပေးလျော်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီတော့ ဒီလောက်များပြားတဲ့လျော်ကြေးငွေတွေကို ကာယကံရှင်တွေက လက်ခံရယူ တဲ့နေရာမှာ ကြားကဖြတ်စားလာဘ်စား မလုပ်နိုင်အောင်လည်း ကာယကံရှင်များအနေနဲ့ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မည်သည့်အကြောင်းကြောင့်နဲ့မှ ဝန်ဆောင်ခ၊ သဒ္ဓါကြေးစသည်အားဖြင့်ပေး ရန်မလိုကြောင်း သက်ဆိုင်ရာကာယကံရှင်များ သိအောင်အသိပေးဖို့လည်း တရားဝင်ညွှန်ကြားချက် များ ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒီကြားထဲကမှ ငွေပေးလျော်မှုနဲ့ပတ်သက်လို့ မသမာမှုများ ရှိကြောင်း စစ်ဆေးပေါ်ပေါက်လာလို့ရှိရင်လည်း ကျွန်တော်တို့ရဲ့ စီမံကိန်းပျက်စီးရာပျက်စီးကြောင်း ဖြစ်စေတဲ့အတွက် ပြတ်ပြတ်သားသားအရေးယူသွားမှာဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်။ ဒါကြောင့် မြန်မာ-တရုတ် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ကြတဲ့ နေရာမှာ တောင်သူလယ်သမားများအား ပေးလျော်သည့်ြမေတန်ဖိုးနှင့် သီးနှံတန်ဖိုးများကို နှစ်ဖက် ညှိနှိုင်းသဘောတူပြီးတဲ့အခါမှာ ပိုင်ရှင်များလက်အရောက် မှတ်တမ်းအထောက်အထားတွေနဲ့ စနစ် တကျပေးချေသွားမယ်။ ပေးချေလျက်ရှိပါတယ်လို့တင်ပြလိုပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ြမေယာ လျော်ကြေး၊ ြမေယာနှင့်သီးနှံလျော်ကြေးလုပ်ထုံးလုပ်နည်းတွေအရ ြမေအတန်းအစား အကောင်း၊ အညံ့၊ သီးနှံအထွက်နှုန်းစတဲ့အချက်တွေဟာ ဒေသတစ်ခုနဲ့တစ်ခု၊ တစ်ရွာနဲ့တစ်ရွာ ဘယ်လိုမှမတူနိုင် သလိုပဲလျော်ကြေးပမာဏနှုန်းထားတွေဟာလည်း တစ်ပြေးညီမဖြစ်နိုင်ကြောင်းတွေ့ရပါတယ်။ ဒီထဲမှာ အခုချိန်ထိ နိုင်ငံတော်အစိုးရရဲ့ တိုင်းကျိုးပြည်ကျိုးလုပ်ဆောင်ချက်တွေအပေါ်မှာ ဖျက်လိုဖျက်ဆီး သွေးထိုးလှုံ့ဆော်မှုတွေဟာလည်းပဲ ရှိနေသေးတာဖြစ်တဲ့အတွက် ဒီပိုက်လိုင်းလမ်းတစ်လျှောက်မှာ ပေး လျော်တဲ့နှုန်းထားတွေကို အကျယ်တစ်ဝင့်ကြေညာလိုက်တာနဲ့မရသင့်တဲ့နှုန်းထားတွေရအောင်တောင်း ဆိုမြှောက်ပင့်သွေးထိုးမှုတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ ပြည်သူလူထု ထဲမှာလည်း စိတ်သဘောထားအမျိုးမျိုးရှိကြတော့ စီမံကိန်းအတွက် မြေတိုင်းတယ်လို့ ကြားကတည်း က ဖြတ်သန်းသွားဖွယ်ရာရှိသောနေရာမှာ မဖြစ်နိုင်တဲ့နှစ်ရှည်ပင်တွေကို စုပြုံပြီး စိုက်ပျိုးပြီးတော့မှ ဒီအပေါ်မှာ လျော်ကြေးတောင်းတတ်တဲ့သာဓကတွေလည်း ဓာတ်ပုံအထောက် အထားနဲ့ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှုကို အလေးပေးပြီးတော့ သတင်း ထုတ်ပြန်ခြင်း အဆိုး၊ အကောင်းဘက်နှစ်ဖက်ကိုလည်း ချင့်ချိန်စဉ်းစားဖို့လိုအပ်မယ်လို့ ယူဆတင်ပြ လိုပါတယ်။
နောက်တစ်ခါပိုက်လိုင်းနဲ့ အခုလိုရေနံနဲ့ သဘာဝဓာတ်ငွေ့စတဲ့ တင်ပို့ရောင်းချခြင်းဆိုင်ရာ စာချုပ်စာတမ်းများဟာ ရောင်းသူနဲ့ဝယ်သူအကြား သို့မဟုတ် ပိုက်လိုင်းကုမ္ပဏီနဲ့ ဒီပိုက်လိုင်းကို အသုံးပြုပြီး တင်ပို့သယ်ဆောင်တဲ့ပုဂ္ဂိုလ်များကြား လုပ်ငန်းစတင်ရမယ့်ရက်ကိုအတိအကျသတ်မှတ် ထားလေ့ရှိပါတယ်။ သတ်မှတ်အချိန်အတွင်းမှာ မဆောင်ရွက်နိုင်လျှင်ပျက်ကွက်သူက ပေးလျော်ရတဲ့ Take or Pay, Ship or Pay ဆိုတဲ့ အလျော်အစားထည့်သွင်းချုပ်ဆိုရတဲ့ ထုံးစံရှိတဲ့အတွက် အနှောင့်အယှက်၊ အဟန့်အတားအခက်အခဲပြဿနာအနည်းဆုံးနဲ့ လုပ်ငန်းအချိန်မီပြီးဆုံးရေးဟာ နှစ်ဖက်စလုံးအတွက် အလွန်အရေးကြီးတဲ့အချက် ဖြစ်ကြောင်းလည်းတင်ပြလိုပါတယ်။ ဒီလိုရှည်လျား တဲ့ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်မှာ ပိုင်ရှင်အရေအတွက်ဟာလည်းအများအပြားရှိသလို တစ်ဦး ချင်းအတွက်လျော်ကြေးတွက်ချက်မှုတွေ၊ သတင်းထုတ်ပြန်မှုတွေကိုလည်း အချိန်ယူရအုံးမှာဖြစ်ပါ တယ်။ ဒါကြောင့်တင်ပြခဲ့တဲ့ အခြေအနေများအရလည်းကောင်း၊ မြေယာသီးနှံလုပ်ထုံးလုပ်နည်းဟာ ပြည်သူများမနစ်နာအောင် စနစ်တကျပြင်ဆင်ဆောင်ရွက်ထားပြီး ကာယကံရှင်ကိုယ်တိုင်သဘောတူ လက်ခံမှ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်လည်းကောင်း၊ အခုအချိန်အထိ အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ အသေးစိတ်သတင်းထုတ်ပြန်ရေးအတွက် အခြေအနေအရပ်ရပ် သုံးသပ်ပြီး သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
