ယခုအခါစနစ်သစ်နှင့် အစိုးရသစ်အုပ်ချုပ်ရေးကာလ ၆ လ နီးပါးရှိပြီဖြစ်ပါတယ်။ ယနေ့အထိ ပြည်တွင်းပြည်ပ၏ရင်းနှီးမြှုပ်နှံမှုအခြေအနေတိုးတက် ဖြစ်ထွန်းမှုရှိ၊ မရှိကိုယခင်ကာလများနှင့်နှိုင်းယှဉ်သိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ပါဝင်တဲ့ကော်မတီဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေနဲ့လည်း ပြည်ထောင်စုဝန်ကြီးဌာနများ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC တို့နှင့်ပူးပေါင်း၍ ယခုအစိုးရသစ် လက်ထက်တွင် မိမိတို့နိုင်ငံနှင့် သင့်တော်ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်စေရေး အတွက် အပြုသဘောဆောင်တဲ့ ဥပဒေပြုရေးလုပ်ငန်း၊ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဟုတင်ပြမေးမြန်းပါသည်။
မေးခွန်းမှာ အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ ပထမပိုင်း ဖြစ်တဲ့ မေးခွန်းပထမအချက်က နိုင်ငံအတွင်းလက်ရှိလုပ်ကိုင်လျက်ရှိတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို မေးမြန်းထားပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေတို့ကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါ တယ်။ ၎င်းဥပဒေများအနက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကိုစတင်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ကနေစပြီး ၂၀၁၁ ခုနှစ်၊ သြဂုတ်လကုန်အထိ နိုင်ငံပေါင်း ၃၁ နိုင်ငံကနေပြီးလုပ်ငန်း အရေအတွက် ၄၅၄ ခု၊ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၆.၀၇၃ ဘီလီယံခွင့်ပြု ပေးခဲ့ပြီးဖြစ်ပါတယ်။ ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုများအနေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၄.၅၂ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၄၀.၂၈ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၃.၈၁ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၃၈.၃ ရာခိုင်နှုန်း၊ သတ္တု တူးဖော်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂.၇၉ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇.၇၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၄.၇၃ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂.၉၅ ရာခိုင်နှုန်း၊ အိမ်ယာဆောက်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂.၉၃ ရာခိုင်နှုန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၂၄.၃၅ သန်း၊ ရာခိုင်နှုန်းအားဖြင့် ဝ.၉ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၁၃.၂၇ သန်း၊ ရာခိုင်နှုန်းအားဖြင့် ဝ.၈၇ ရာခိုင်နှုန်း၊ စက်မှုဇုန် ထူထောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉၃.၁၁ သန်း၊ ရာခိုင်နှုန်းအားဖြင့် ဝ.၅၄ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၇၃.၁ သန်း၊ ရာခိုင်နှုန်းအားဖြင့် ဝ.၄၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၇.၇၆ သန်း၊ ရာခိုင်နှုန်းအားဖြင့် ဝ.၁ ရာခိုင်နှုန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများမှာ အမေရိကန်ဒေါ်လာ ၂၃.၆၈ သန်း၊ ရာခိုင်နှုန်းအားဖြင့် ဝ.၀၇ ရာခိုင်နှုန်းအသီးသီး ရင်းနှီးမြှုပ်နှံထားပြီး ဆက်လက်ဆောင်ရွက်ဆဲအနေနဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံက လုပ်ငန်းအရေအတွက် ၂၇၀ ခု၊ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၃.၉၆၁ ဘီလီယံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၉၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လကုန်အထိ လုပ်ငန်းပေါင်း ၈၀၇ ခု၊ ပမာဏအမေရိကန်ဒေါ်လာ ၂.၁၉ ဘီလီယံနဲ့ မြန်မာကျပ် ၁၄၂၄.၀၃ ဘီလီယံခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ ကျပ် ၆၁၅.၃၄ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၄၃.၂၁ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကျပ် ၂၄၃.၉၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁၇.၁၃ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ ကျပ် ၂၄၁.၈၆ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁၆.၉၈ ရာခိုင်နှုန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများမှာ ကျပ် ၁၄၄.၁၂ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁၀.၁ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာကျပ် ၆၇.၄၂ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၄.၇၃ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍမှာကျပ် ၅၃.၈၄ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၃.၈ ရာခိုင်နှုန်း၊ အဆောက်အဦဆောက်လုပ်မှုကဏ္ဍမှာကျပ် ၃၀.၀၈ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂.၁၁ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍမှာကျပ် ၁၅.၃၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁.၀၈ ရာခိုင်နှုန်း၊ ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍမှာကျပ် ၁၀.၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ဝ.၇၄ ရာခိုင်နှုန်း၊ စက်မှုဇုန်ထူထောင်မှုကဏ္ဍမှာကျပ် ၁.၀၁ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ဝ.၀၇ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာကျပ် ၅၄၇.၉ သန်း၊ ရာခိုင်နှုန်း အားဖြင့် ဝ.၀၄ ရာခိုင်နှုန်းရှိပြီး ဆက်လက်ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်း ၆၀၄ ခု၊ ပမာဏ အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလီယံနဲ့ ကျပ် ၁၄၁၀ ဘီလီယံဖြစ်ပါတယ်။ ဦးဝင်းဦးရဲ့မေးခွန်း ဒုတိယအချက်ဖြစ်တဲ့ အစိုးရသစ်ကာလ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးတက်ဖြစ်ထွန်းမှု အခြေအနေကိုတင်ပြရလျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောင်ရွက်ဆဲလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၉.၃ သန်းတိုးမြှင့်ဆောင်ရွက်ခဲ့ပြီး၊ တိုင်းရင်းသားရင်းနှီးမြှုပ်နှံမှုတစ်ခု ပမာဏကျပ် ၆.၁၅ ဘီလီယံ ထပ်မံခွင့်ပြုခဲ့ပါတယ်။ ဆောင်ရွက်ဆဲ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ကျပ် ၁၃.၄၁ သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကိုလည်း စတင်အကောင်အထည်ဖော်လျက်ရှိပါတယ်။ နိုင်ငံအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး လွှတ်တော်အသီးသီးကနေတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် စီစဉ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုကိစ္စများဆောင်ရွက်ရန်အတွက် စိတ်ဝင်စား တဲ့နိုင်ငံခြားသားရင်းနှီးမြှုပ်နှံလိုသူ အများအပြားရှိနေပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစပြီး စက်တင်ဘာလ ၉ ရက်နေ့အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လာရောက်တွေ့ဆုံတဲ့ အဖွဲ့ပေါင်း ၂၀ ခန့်နဲ့ လူဦးရေ ၂၀၀ ကျော်ခန့်ရှိပါတယ်။ ၎င်းတို့ဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေလုပ်ထုံးလုပ်နည်းများကို ပိုမိုဖြေလျှော့ပြင်ဆင်မယ်ဆိုတဲ့အခြေအနေကို သိရှိတဲ့အတွက် ကြောင့်လည်း ထိုအခြေအနေကို စောင့်ဆိုင်းပြီးတော့မှ ရင်းနှီးမြှုပ်နှံရန်စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ မြေကိစ္စနှင့်ငွေကိစ္စများ အဆင်ပြေပိုမိုချောမွေ့စေရန်အတွက် ယခုအခါ အစိုးရအဖွဲ့ကိုတင်ပြဆောင်ရွက်လျက်ရှိပါတယ်။ သို့ပါ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ လုပ်ထုံး လုပ်နည်းများပြီးဆုံးပြီး ထုတ်ပြန်ကြေညာပြီးသည့်နောက်ပိုင်းတွင် စောင့်ဆိုင်းနေသည့် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ ဝင်ရောက်လာမှာဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုဟာ မောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ ကုန်သွယ်မှု အပိုင်းမှာလည်း မိမိတို့နိုင်ငံမှာရှိတဲ့သယံဇာတ အရင်းအနှီးများကို ကုန်ကြမ်းအတိုင်းတင်ပို့တဲ့ အခြေ အနေက ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ကာ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ခြင်း၊ သွင်းကုန်အစား ထိုးလုပ်ငန်းများနှင့် လုပ်သားအင်အားအခြေပြုကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနဲ့ မိမိတို့ နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာခြင်း၊ အရင်းအနှီးနဲ့နည်းပညာ လိုအပ်သည့် လုပ်ငန်းများအတွက် နိုင်ငံခြားသားများနှင့်ဖက်စပ်လုပ်ငန်း ထူထောင်ဆောင်ရွက်ခြင်းဖြင့် နည်းပညာ များရရှိနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာနဲ့ အရင်းအနှီးကြီးမားစွာဆောင်ရွက်တဲ့ လုပ်ငန်းများအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်း စသည် တို့ကို ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ဖြစ်ပေါ်စေရေးအတွက်ကိုလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်ခွင့်ပြုဆောင်ရွက်ရာတွင် အမျိုးသားအကျိုး စီးပွားမထိခိုက်ရေး၊ နိုင်ငံတော်၏ဂုဏ်သိက္ခာမထိခိုက်ရေး၊ အချုပ်အခြာအာဏာမထိခိုက်ရေး၊ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေး၊ ဒေသခံပြည်သူများ၏လူမှုစီးပွားမထိခိုက်ရေးအတွက် အလေးထား ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကြီးမှလည်း လမ်းညွှန်ဆောင်ရွက်စေလျက်ရှိပါကြောင်း ဖြေကြားပါသည်။
