ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ပြည်ထောင်စုဖွားဒေသခံမြန်မာမွတ်စလင်ပြည်သူများသည် များသောအားဖြင့် ပညာမဲ့များ၊ အလုပ်လက်မဲ့များနှင့် ဆင်းရဲနွမ်းပါးသူများဖြစ်ပါသဖြင့် အခက်အခဲမျိုးစုံ နှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ယနေ့အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှုများပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေပါသဖြင့် ၎င်းဒေသရှိ ပြည်ထောင်စုဖွားမဲဆန္ဒရှင်ပြည်သူများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပအလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ခွင့်ရရှိရေး ဖန်တီးပေးနိုင်မည်ဆိုပါက နိုင်ငံတော် အတွက်တစ်ဖက်တစ်လမ်းမှ အခွန်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်ပြီး ယင်းဒေသရှိ ပြည်ထောင်စုဖွား ဒေသခံမဲဆန္ဒရှင်ပြည်သူများအတွက်လည်းအကျိုးဖြစ်ထွန်းလာမည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း ဖြည့်ဆည်း ပေးရာရောက်ပါတယ်။ ကျွန်တော် ဖြည့်စွက်တင်ပြလိုသည်မှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က မောင်တော ခရိုင်မှလှေစီးရွှေ့ပြောင်းလုပ်သားအများအပြား တရားမဝင်ရေကြောင်းခရီးဖြင့်သွားကြ၍ အခြားနိုင်ငံ များသို့ရောက်ရှိခဲ့ပါတယ်။ ယင်းနိုင်ငံများက လှေစီးရွှေ့ပြောင်းလုပ်သားများကို တလွဲအသုံးချကာ ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံရေးအရ သိက္ခာကျအောင်လုပ်ခဲ့သည်ကို သတိရမိပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟုပင် စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်များ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ရရှိပါက အုပ်ချုပ်ရေးပိုင်းမှာလည်း ကောင်းမွန် လာပြီး ဒေသခံပြည်သူများ၏ မိသားစုဘဝလည်းပြေလည်လာမှာဖြစ်ပြီး လူနေသိပ်သည်းမှုလျော့နည်း စေမှာဖြစ်ကြောင်းရိုးသားစွာယုံကြည်မိပါတယ်။ ကျွန်တော် မေးမြန်းလိုသည့်မေးခွန်းမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ပြည်ထောင်စုဖွားဒေသခံပြည်သူများသည်ပညာရေးနိမ့်ကျပြီး လူနေထူထပ် ၍အလုပ်လက်မဲ့များပြားလွန်းသည့်အပြင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ခွင့်လည်းမရရှိသဖြင့် ယင်းဒေသတွင်ပြဿနာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။ ပြည်ပအလုပ်အကိုင်များသွားရောက် လုပ်ကိုင်ခွင့်မရရှိသည်ကို နိုင်ငံတော်အစိုးရအနေဖြင့် သိရှိခြင်း ရှိ၊ မရှိ နှင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ ဖွင့်လှစ် လျက်အလုပ်ရှာဖွေသူများအား ပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းများတွင် အလုပ်အကိုင် ရရှိအောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊သံတွဲ၊ကျောက်ဖြူ၊အမ်းနှင့် ကျောက်တော်မြို့များတွင် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများကို ဖွင့်လှစ်ထားရှိပါတယ်။ ပြည်ပအလုပ်အကိုင်ကိစ္စရပ်များကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှာသာမက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကလည်း ဝန်ဆောင်မှုပေးလျက်ရှိကြပြီး အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် ကြော်ငြာခြင်း၊ သတင်းစာနှင့်ဂျာနယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာခြင်းနှင့် အလုပ်သမားဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်တွင်ကြော်ငြာခြင်းတို့ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာရှိ ပြည်ပအလုပ်အကိုင်လုပ်ကိုင်လိုသူများကို အသိပေးလျက်ရှိပါတယ်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ စေလွှတ်လျက်ရှိပြီး တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့တွင် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများကလည်း ထိုင်းနိုင်ငံသို့ အလုပ်သမားများကို စိစစ်စေလွှတ်ပေးလျက်ရှိပါတယ်။ ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် သတင်းစာနှင့် ဂျာနယ်ကြော်ငြာများတွင်ပါရှိသော အလုပ်အကိုင် အခွင့်အလမ်းများအပေါ် မိမိတို့ကြိုက်နှစ်သက်ရာ ပြည်ပအလုပ်အကိုင်အခွင့်အလမ်း တွင်လိုအပ်သော နိုင်ငံကူးလက်မှတ်အပါအဝင် အထောက်အထား၊ စာရွက်စာတမ်းများဖြင့် စာရင်း သွင်းမှတ်ပုံတင်ခြင်း၊ အလုပ်ရှင်၏ရွေးခြယ်မှုကိုခံယူခြင်း၊ ၎င်းအလုပ်တွင် လုပ်ကိုင်ရန်ဆုံးဖြတ်ပါက အလုပ်ရှင်နှင့်သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ CallingVisa ကိုစောင့်၍ပြည်ပသို့ထွက်ခွာခြင်းလုပ်ငန်း စဉ်များကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဘူးသီးတောင်နှင့်မောင်တောတို့တွင် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများမရှိသေးသဖြင့် ကြော်ငြာများအား ဘူးသီးတောင်နှင့် မောင်တော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ပေးပို့၍ ကြော်ငြာပေးသွားမည်ဖြစ်ပါတယ်။ ၎င်း ဒေသတွင် ပြည်ပအလုပ်အကိုင်ရှာဖွေသူများ တိုးတက်များပြားလာပါက အစိုးရအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးဖွင့်လှစ်ပေးခြင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ ခွင့်ပြုပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဖြေကြားပါသည်။
