(စ)-ဧရာဝတီမြစ်ပြုပြင် ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာ ရှေ့အလားအလာ များနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၃.၃.၂၀၁၃)

 

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဧရာဝတီမြစ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ဦးစီး ပြီးတော့ ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ မီဒီယာများနှင့် တွေ့ဆုံပြီးတော့ ဧရာဝတီမြစ်ကြီး ကို မည်သို့မည်ပုံ တိုးတက်အောင်ဆောင်ရွက်သွားမည်ကို ရှင်းလင်းပြောကြားတဲ့ အစည်းအဝေး တစ်ရပ်လုပ်ခဲ့ပါတယ်။ ထို့အတူပဲ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာလည်း ၎င်းအစည်းအဝေး နှင့်အလားတူ အစည်းအဝေးတစ်ရပ်ကို နေပြည်တော်မှာရှိတဲ့ ပို့ဆောင် ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အခြားဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဝန်ကြီးများ တက်ခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်များလည်းတက်ခဲ့ပါတယ်။ နိုင်ငံခြားသားပညာရှင်များလည်း တက်ခဲ့ပါတယ်။ လိုအပ်ချက်များကို ဆွေး‌နွေးပါတယ်။ အဲဒီအစည်းအဝေး ၂ ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အမှာစကားပြောကြားတဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးမှ ဧရာဝတီမြစ်ကြီးကို သားစဉ်မျိုးဆက် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး တန်ဖိုးမြင့်သုံးစွဲနိုင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အကျိုးရှိစွာအသုံးချနိုင်ရေးတို့ကို ဖြစ်နိုင်ချေများ စူးစမ်းလေ့လာပြီး ပတ်ဝန်းကျင် ဒေသအတွင်း နိုင်ငံခြားကို ရင်ပေါင်တန်းနိုင်ရေးအတွက် ဆောင်ရွက်သင့်သော အစီအမံများကို ဖော်ထုတ်ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း လမ်းညွှန်ခဲ့ပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင်မှာလည်း ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ကြီးပေါ်မှာ မြစ်ဖြတ်ရေတားတမံ အသေး (Low Head Dam)  ပေ ၃၀ အမြင့်များကို တည်ဆောက်နိုင်ပါတယ်။ အဲဒီလို တည်ဆောက်မယ်ဆိုလို့ရှိရင် ရေကြောင်း သွားလာမှုမှာ ရေကြောင်းရေနက်မှု ပိုမိုရရှိပြီး ရေကြောင်းသွားလာမှု ပိုမို ချောမွေ့လာပါမယ်။ သောက်သုံးရေလုံလောက်စွာ ရရှိလာပါမယ်။ စိုက်ပျိုးရေအလုံအလောက် ဖြန့်ဝေပေးနိုင်ပါမယ်။ လျှပ်စစ်ဓာတ်အားလည်းထုတ်နိုင်ပါမယ်။ ဒါ့အပြင်မှာ အထူးစီးပွားရေးဇုန်များကို ဖွံ့ဖြိုးလာစေဖို့ အတွက် အထောက်အကူပြုနိုင်ခြင်းစတဲ့ ရလဒ်ကောင်းများ ရရှိနိုင်မှာဖြစ်ပါတယ်လို့ ဆွေးနွေးသွားတာ ကြားသိရပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက် များဟာ ကျွန်တော်တို့နိုင်ငံအနာဂတ်တည်ဆောက်ရေးအတွက် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာအထောက်အကူပြုနိုင်မယ့် စီမံကိန်းတစ်ရပ်ဖြစ်သည့်အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုရပါတယ်။

မြစ်ဖြတ်ရေတားတမံအနိမ့်စားများဟာ အခုမှ ကျွန်တော်တို့နိုင်ငံမှာ ဆောက်ဖို့စီစဉ်တုန်းပဲ ရှိပါသေးတယ်။ ဥရောပနိုင်ငံမှာပဲဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံ မှာပဲဖြစ်ဖြစ် တည်ဆောက်ပြီး ဖြစ်နေကြပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဒင်းညုမြစ်ဖြတ်သန်း စီးဆင်း တဲ့ သြစတြေးလျနိုင်ငံမှာ ဒီလို ရေတားတမံ ၉ ခုကို ၁၉၅၉ ခုနှစ်ကစပြီးတော့ ဆောက်ခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ ထို့အတူပဲ အမေရိကန်နိုင်ငံမှာရှိတဲ့ မစ္စစ္စပီမြစ်ရဲ့ အထက်ပိုင်းမှာ မြစ်ဖြတ် အနိမ့်စားရေတားတမံ ၂၇ ခုကို ၁၉၃၀ ခုနှစ်က စတင်ပြီးတော့ တည်ဆောက်ခဲ့တယ်ဆိုတာ ကိုလည်း လေ့လာတွေ့ရှိရပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံဟာ မြစ်များနဲ့ ပတ်သက်ပြီး တော့ အလွန်အင်မတန်ကံကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်မြစ်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြစ်ရေကိုခွဲဝေသုံးစွဲစရာမလိုပါဘူးခင်ဗျား။ အခြားနိုင်ငံဘက်မှာ ဒီအခက်အခဲတွေနဲ့ များစွာ ပြဿနာဖြစ်ရပါတယ်။ ထို့အတူပဲ ကျွန်တော်တို့မြစ်များဟာ အရှေ့ကနေ အနောက်ကိုကြည့်မယ်ဆိုရင် သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ကုလားတန်မြစ်ဆိုပြီးတော့ မြစ်များရှိကြပါ တယ်။ သွားရေးလာရေးလည်း အသုံးတည့်ပါတယ်။ အဲဒီထဲမှာမှ ထူးခြားတာကတော့ ဧရာဝတီမြစ် ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ မေခမြစ်၊ မလိခမြစ် ပေါင်းဆုံတဲ့ မြစ်ဆုံကနေပြီးတော့ ပင်လယ်ဝအထိ မိုင်ပေါင်း ၁၃၀၀ ကျော်ကို ဖြတ်သန်းစီးဆင်းနေပါတယ်။ အမြင့်ကနေ အနိမ့်ကိုစီးတဲ့အတွက်ကြောင့် မြစ်ဆုံကနေ ပင်လယ်ဝအထိ အနိမ့်အမြင့် ကွာခြားချက်ဟာ ၄၉၂ ပေရှိပါတယ်။ အဲ့ဒီတော့ ပေ ၃၀ အမြင့် မြစ်ဖြတ်ရေတားတမံဆည်များကို တည်ဆောက်မယ်ဆိုရင် ၁၅ ခုခန့်အနည်းဆုံး တည်ဆောက် နိုင်တဲ့အနေအထားရှိပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်ဟာ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်း ရတဲ့အတွက်ကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခုကို အကျိုးပြုသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပါတယ်။ ထို့အပြင် ဧရာဝတီမြစ်ကြီးဟာ မေခမြစ်၊ မလိခမြစ်ပေါင်းဆုံပြီးတော့ မြစ်ဆုံကနေစီးခဲ့တဲ့နောက်မှာ ချင်းတွင်းမြစ်ဆီကိုဝင်ရောက်ပါ တယ်။ ဒါ့အပြင်မှာ ချင်းတွင်းမြစ်မှအပ ကျန်တဲ့မြစ်ငယ် ၃၁ စီးဟာ ဧရာဝတီမြစ်ထဲကို ဒေသအပိုင်း အခြားအလိုက် စီးဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရေအရင်းအမြစ် ပေါလျှံပေါများမှုဟာလည်း အံ့မခန်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဧရာဝတီမြစ်ကြီးကို ကျွန်တော်တို့ စနစ်တကျသာ သုံးစွဲနိုင်မယ်ဆိုရင် ကျွန်တော်ျတို့နိုင်ငံအတွက် ပိုမိုပြီးတော့ အကျိုးတွေဖြစ်ထွန်းမယ်လို့ မှတ်ယူရပါတယ်ခင်ဗျား။ ဒါကြောင့်မို့လို့ တန်ဖိုးကြီးတဲ့ သဘာဝအမွေအနှစ်ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို အကျိုးရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် EIA, SIA စတဲ့ ဘေးထွက်ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ပြီး Water Management System ကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းနဲ့ဆောင်ရွက်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးက တန်ဖိုးကြီးမားသော ရလဒ်များ ပြန်လည်ပေးနိုင်စွမ်းရှိပါတယ် ခင်ဗျား။ ဒါကြောင့်မို့လို့ ဒီဧရာဝတီမြစ်ကြီးနှင့်ပတ်သက်လို့ မေးခွန်းကိုတော့ ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ကျွန်တော်မေးမြန်းလိုပါတယ်။ ဒါကတော့ ဧရာဝတီမြစ်ကြီး ပြုပြင်ထိန်းသိမ်းရေး ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်မယ့် စီမံကိန်းဆိုင်ရာ ရှေ့အလား အလာများနှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်တဲ့ကိစ္စရပ်များကို ပြည်သူတစ်ရပ်လုံးသိရှိနိုင်ရန် ရှင်းလင်း ပေးစေလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

မြန်မာနိုင်ငံဟာ ရေအရင်းအမြစ်ကြွယ်ဝပြီးတော့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်စတဲ့ မြစ်ကြီး များကြောင့် ရေကြောင်းသွားလာရေးအတွက် အလားအလာကောင်းများရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီ မြစ်ကြီးတွေအနက် ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအလယ်မှာဖြတ်သန်းပြီးတော့ မြောက်ကနေ တောင်ကို စီးဆင်းပြီးကုန်စည်ပို့ဆောင်ရေး၊ ကူးသန်းသွားလာရေးနှင်‌့ စိုက်ပျိုးရေးတို့အတွက် အဓိက ကျတဲ့ ပင်မရေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ မြစ်ကြီးနားကနေ ရန်ကုန်အထိ စုစုပေါင်း ကီလိုမီတာ ၂၀၀၀ ခန့်ရှည်လျားပြီးတော့ ရေလမ်းကြောင်းအသုံးပြုနိုင်တဲ့ ပမာဏကတော့ ဗန်းမော်ကနေ ရန်ကုန်အထိကို ၁၃၃၀ ကီလိုမီတာခန့်ရှိပါတယ်။ ဧရာဝတီမြစ်အတွင်းမှာ မိုးရာသီ ရေများချိန်များနဲ့ နွေရာသီရေနည်းချိန် ရေမျက်နှာပြင်ကွာခြားချက်ကတော့ အနည်းဆုံး ၇ မီတာ (ပေ ၂၀) ခန့်ကနေ အများဆုံး ၁၃.၅ မီတာ (ပေ ၄၀) ခန့်အကြားမှာရှိပါတယ်။ မြစ်တို့ရဲ့ သဘာဝ မြစ်ကြောင်း ပြောင်းလဲမှုများကြောင့်လည်းကောင်း ရေဝေရေလဲဒေသအတွင်း သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် မြစ်အတွင်းသို့ စီးဝင်တဲ့ ရေထုထည်ပမာဏ နည်းပါးလာခြင်းကြောင့် လည်းကောင်း၊ မြစ်ကြောင်းအတွင်း အနယ်ပို့ချမှုများပြားလာခြင်းကြောင့်လည်းကောင်း နွေရာသီ ရေနည်းကာလတွေမှာ ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာရေးအတွက် ရေကြောင်းကျပ်တည်း မှုများဖြစ်ပေါ်ခဲ့ပြီးတော့ မြစ်ကြောင်းထိန်းသိမ်းရေးနှင့် မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း တွေ့ရှိလာရပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဧရာဝတီမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်မြောက်လာမှုအခြေအနေ လေ့လာရေးစီမံကိန်းတွေကို ၁၉၈၆ ခုနှစ်ကတည်းက စတင်ပြီးတော့ UNDP နှင့် World Bank တို့ရဲ့ ထောက်ပံ့မှုနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီဖြစ်မြောက်နိုင်မှု လေ့လာရေးလုပ်ငန်းတွေ့ရှိချက် အစီရင်ခံစာအရ ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းတဲ့ နေရာတွေမှာ မြစ်ကြမ်းပြင်ပြုပြင်ထိန်းသိမ်းရေးနည်းစနစ် (Bed Regulation Method) ဖြင့် ထိန်းသိမ်းရန် နယ်သာလန်နိုင်ငံ Royal Haskoning ConSultants များမှ အကြံပြုခဲ့ပါတယ်။ ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြစ်ကြမ်းပြင် ပြုပြင်နည်းစနစ် (Bed Regulation Method) နဲ့ ကျွန်တော်တို့ ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ ဧရာဝတီမြစ်အတွင်းမှာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေအတွက် စုစုပေါင်းငွေ ၇၈၃.၅၇ သန်း ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စုစုပေါင်း ၁၉၉၃.၉၅၄ သန်း စုစုပေါင်း ၂ ခု ပေါင်း ၂၇၁၇.၅၂၄ သန်း သုံးစွဲပြီးတော့ မြေထိန်းနံရံ ၃၀၅၅ မီတာ မျှောတိုင်တန်း ရေကာ ၁၂၃၇၀ မီတာ၊ မျှောတိုင်တန်း ကျောက်ဖြည့်ရေကာ ၁၅၄၀ မီတာ၊ ကျောက်စီရေကာ ၁၄၉၃၀ မီတာ၊ မျောကရစ်တန်း ၅၆၂ စတုရန်းကီလိုမီတာ၊ သဲမွေ့ယာ ၇၃၄ စတုရန်းကီလိုမီတာ၊ သောင်ထိန်း လုပ်ငန်း ၂၅၇၈ မီတာ၊ သောင်တူးလုပ်ငန်း ၇၀၈၀၄၅ ကုဗမီတာ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာတော့ ငွေလုံးငွေရင်းခွင်‌့ပြုငွေ ကျပ်ပေါင်း ၃၉၀.၉၇ သန်းဖြင့် ဗန်းမော် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ လက်ဆောင်ယူရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မကွေးမြို့ကမ်းရင်း ကျွန်းရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ ဖလံရုံအဆင်း ရေလမ်းအတွင်း၊ ရုံးဆိပ်ကျွန်း ရေလမ်းကောင်း မွန်ရေးလုပ်ငန်း၊ ရွှေတောင်မြို့နယ် ကွေ့မယင်းမူကုန်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ တောင်သာ မြို့နယ် ဆင်မင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ လောကနန္ဒာဘုရားရင်ပြင်တော် အောက်ခြေရေ လမ်းပိုင်းပြုပြင်ရေးလမ်းပိုင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများမှာ မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို မြစ်ကြမ်းပြင်ပြုပြင်ရေးနည်းစနစ်အပြင် မြစ်ရေပြင် ထိန်းချုပ်သော နည်းစနစ် Water Level Control ဖြင့်ဆောင်ရွက်ကြကြောင်းကိုလည်း လေ့လာ တွေ့ရှိရပါတယ်။ ခုနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဖေတင်ပြသွားသလိုပဲ ကမ္ဘာပေါ်မှာ ရှိတဲ့ ထင်ရှားတဲ့မြစ်ကြီးများဖြစ်ကြတဲ့ မစ္စစ္စပီမြစ်၊ ဒင်းညုမြစ်တို့တွေမှာ မြစ်ရေပြင်ထိန်းချုပ်တဲ့ နည်းစနစ်နဲ့ Weir တွေ Navigation Lock တွေတွဲဖက်တည်ဆောက်ပြီးတော့ ရေကြောင်းသွားလာ ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေ ရရှိရေးအစရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဧရာဝတီမြစ်ပေါ်မှာလည်း အထက်ပါမြစ်များကဲ့သို့ ဆောင်ရွက်ရန် မြစ်ရေလမ်းကြောင်း ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်နိုင်ရေးကို ကနဦးလေ့လာ ဆောင်ရွက်ခဲ့ပါတယ်။ ဧရာဝတီမြစ်ပေါ်မှာ မြစ်ရဲ့သဘာဝ Slope ကွာခြားချက်ပေါ်မူတည် ပြီးတော့ မြစ်ကြီးနား ကနေ ဟင်္သာတအထိ ရေတားတမံ အနိမ့် (Weir) ၁၆ ခုတည်ဆောက်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဧရာဝတီမြစ်ပေါ်မှာ ရေတားတမံ အနိမ့် (Weir) တွေ အဆင့်ဆင့် တည်ဆောက်နိုင်မယ်ဆိုရင် ရေကြောင်းသွားလာမှုအဆင်ပြေချောမွေ့ခြင်း၊ သန့်စင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်စွာရရှိနိုင်ခြင်း၊ ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြေလာနိုင်ခြင်း၊ ရာသီဥတုတိုးတက်ကောင်းမွန်နိုင်ခြင်း၊ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်ခြင်း အစရှိတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းဆောင်ရွက်ဖို့အတွက်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လကတည်းက စပြီးတော့ သက်ဆိုင်ရာများကိုလည်း တင်ပြပြီးတော့ နိုင်ငံခြားကျွမ်းကျင်ပညာရှင်တွေ လိုအပ်တဲ့အတွက်ကြောင့် မို့လို့ ဂျပန်နိုင်ငံ၊  ဥရောပကနိုင်ငံတွေနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အခါမှာ ကျွန်တော်တို့ ဖလန်းဒါး ပြည်နယ်အစိုးရကနေပြီးတော့ ကျွန်တော်တို့ ညှိနှိုင်းကူညီဖို့တွေရရှိခဲ့ပါတယ်။ ဒါကြောင့် မို့လို့ ဖလန်းဒါးပြည်နယ်အစိုးရ ဝန်ကြီးချုပ် Mr Kris Peeters ရဲ့ ဖိတ်ကြားချက်အရ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ဦးဆောင်တဲ့ မြန်မာကျွမ်းကျင် ကိုယ်စားလှယ် အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံကို သွားရောက်ပြီးတော့ ဖလန်းဒါးပြည်နယ်အတွင်းမှာရှိတဲ့ Navigation Lock နှင့် Flood Protection Project များအပါအဝင် ရေကြောင်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း တွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေ့လာခဲ့ပါတယ်။

          ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ SBE Nv Engineering Co.Ltd မှ Consultant များတွေကလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ ဧရာဝတီမြစ်အတွင်း ဘက်စုံရေစီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရေး ဖြစ်မြောက်မှုအခြေအနေ လာရောက် ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်းမှာ ဧရာဝတီမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြည်ထောင်စုဝန်ကြီးများ စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် SBE Nv Engineering Co.Ltd တို့မှ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက် ပြီးရှင်းလင်းတင်ပြခဲ့ပါတယ်။ ဧရာဝတီမြစ်မှာ ဘက်စုံရေစီမံခန့်ခွဲမှုဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ချေ လေ့လာမှုအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် SBE Nv Engineering Co.Ltd တို့အကြား နားလည်မှုမှတ်တမ်း ရေးထိုးနိုင်ရေးအတွက် အဆင့်ဆင့်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးတော့ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ နားလည်မှုမှတ်တမ်း ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဖြစ်နိုင်ချေလေ့လာမှုအတွက် မန္တလေးတိုင်းဒေသကြီး၊ ရန္တပိုရွာအနီး သို့မဟုတ် သင့်တော်တဲ့နေရာတွေမှာ ဆောင်ရွက်သွားရန် သဘောတူညီထားပါ တယ်။ ဖြစ်နိုင်ချေလေ့လာရေးအတွက် အချိန်ကာလအားဖြင့် ၆ လခန့်ကြာမြင့်မှာဖြစ်ပြီးတော့ ခန့်မှန်း ကုန်ကျစရိတ်က ယူရို ၈ သိန်းဖြစ်ပါတယ်။ ယူရို ၈ သိန်းအနက် ယူရို ၄ သိန်းကို ဘယ်လ်ဂျီယန်နိုင်ငံ ဖလန်းဒါးပြည်နယ်အစိုးရက ထောက်ပံ့ကူညီပေးမှာဖြစ်ပြီးတော့ ကျန်တဲ့ ယူရို ၄ သိန်းကိုတော့ SBE ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဖြစ်နိုင်ချေလေ့လာမှုကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ကတည်းက စတင်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို မတ်လ ၁၁ ရက်နေ့မှာဆောင်ရွက် မယ်လို့ ကျွန်တော်တို့သတ်မှတ်ထားခဲ့ပေမယ့် လိုအပ်တဲ့အချက်အလက်တွေ ရရှိရေးအတွက်ကို ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဘယ်လ်ဂျီယန် SBE Co.Ltd တို့အကြားမှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက အပြန်အလှန် ဆက်သွယ်ပြီးတော့ အချက်အလက်တွေဖလှယ်ပြီးတော့ စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဧရာဝတီ မြစ်ပြုပြင်ထိန်းသိမ်းရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖြစ်နိုင်ချေ လေ့လာမှုဆောင်ရွက်ရန်အတွက် နားလည်မှုမှတ်တမ်းရေးထိုးပြီးတော့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တာဟာ ဧရာဝတီမြစ်ရဲ့မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက်သာမကဘဲနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ရေကြောင်း သွားလာမှုစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ကျန်တဲ့ မြစ်တွေမှာလည်း ဒီရဲ့နမူနာကိုယူပြီးတော့ နည်းပညာအသုံးချပြီးတော့ ဆက်လက်ဆောင်ရွက်သွားနိုင် မှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။