ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်း နတ်တလင်းမြို့၏ အနောက်ဘက် ၈ မိုင်၊ ၆ ဖာလုံခွဲအရှည်ရှိလမ်းကို လွတ်လပ်ရေးမရခင် ကာလအတွင်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၉-၁၉၆၀ ခုနှစ်တွင် District Council လက်ထက်မှာ ကတ္တရာလမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီ အစိုးရနှင့် နိုင်ငံတော်ကောင်စီအစိုးရလက်ထက်တွင် ပြုပြင်မှုရှိသော်လည်း ထိန်းသိမ်းမှုအားနည်းခဲ့ ပါတယ်။ လမ်းအနေဖြင့်လည်း နတ်တလင်းမှ တာပွန်အထိ အသုံးမပြုနိုင်သည်အထိ ပျက်စီးခဲ့ပါတယ်။ ၁၉၈၉-၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဂဝံကျောက်လမ်းအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပျက်စီးယိုယွင်းသွားပြီး သွားလာရေးအခက်အခဲများကြောင့် နေ့စဉ်အသုံးပြုနေသော ကျေးလက် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများနှင့်ကြုံတွေ့ရခြင်းနှင့် ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မလိုအပ်ဘဲကြီးလေးခြင်းစသည်တို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကျိုးငှာလည်းကောင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် နတ်တလင်း-တာပွန်လမ်း ဂဝံကျောက်လမ်းပျက် အစား ယခင်ကတ္တရာလမ်းအဖြစ် ပြန်လည် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်။ အစီအစဉ်မရှိပါက မည်သည့် အကြောင်းကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ နတ်တလင်းမြို့နဲ့ တာပွန်ရွာ ကို ဆက်သွယ်ထားတဲ့လမ်းဟာ ၁၀ မိုင်ရှိပါတယ်။ နတ်တလင်း-တာပွန်လမ်းပိုင်းဟာ နတ်တလင်း-မယင်းငယ်-မိုးညို-ထိန်တော-တော်လဿလမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ မိုင်တိုင် ဝ/၀ မှ မိုင်တိုင် ၁ မိုင်နဲ့ ၁ ဖာလုံခွဲ၊ လမ်းအရှည် ၁မိုင်၊ ၁ ဖာလုံခွဲကို နတ်တလင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ၁ မိုင်နဲ့ ၁ ဖာလုံခွဲမှနေပြီးတော့ ၁၀ မိုင်အထိ လမ်းမိုင်အရှည် ၈ မိုင်နဲ့ ၆ ဖာလုံခွဲကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ တာဝန်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့ လမ်းအြခေအနေကတော့ အမာခံလမ်း ၈ မိုင်နဲ့ ၆ ဖာလုံခွဲ ဖြစ်ပါတယ်။ နတ်တလင်း-တာပွန်လမ်းဟာ သာယာဝတီခရိုင်၊ ဒီစတြိတ်ကောင်စီအဖွဲ့ကနေ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နတ်တလင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူထိန်းသိမ်း ခဲ့တဲ့လမ်းဖြစ်ပါတယ်။ ၂၅-၇-၂၀၀၈ ခုနှစ်ကစပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အင်ဂျင်နီယာအဖွဲ့ကနေတာဝန်ယူ ထိန်းသိမ်းရတာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာခွဲဝေရရှိတဲ့ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင် အင်ဂျင်နီယာမှူးကြီးအဖွဲ့နဲ့ နတ်တလင်းမြို့နယ်၊ အင်ဂျင်နီယာအဖွဲ့မှ အောက်ပါ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းက ၈ မိုင်နဲ့ ၆ ဖာလုံခွဲ၊ ပျက်စီးနေသောဂဝံလမ်းအပိုင်းအား ဂဝံထပ်ပိုးလွှာတင်ခြင်းနဲ့ အမာခံလမ်းခင်းခြင်းက ၅ မိုင်၊ တံတားအမှတ် ၁/၆၀၊ တံတားအမှတ် ၃/၆၀၊ တံတားအမှတ် ၁/၆၈ သစ်သားတံတားများကို ယက်မ၊ ကြမ်းခင်းဘီးလမ်းများ လဲခြင်းက ၃ စင်းတို့ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ နတ်တလင်း-တာပွန်လမ်းအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေများတောင်းခံပြီး လမ်း-တံတားတိုးတက်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
