(ဃ)-လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်စေရန် လိုအပ်သောလျှပ်စစ်ဓာတ်အားကို ပြည်ပမှ ဝယ်ယူပြီး ပြည်တွင်းတွင်ဖြန့်ဖြူးရောင်းချရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၃.၃.၂၀၁၃)

 

လျှပ်စစ်မီးရရှိရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက်လိုအပ်တဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုနဲ့သာဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးများကိုဆောင်ရွက်ရာမှာ နှောင့်နှေး ကြန့်ကြာမှုများဖြစ်နိုင်ပါတယ်။ ဒီလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေဖို့အတွက် ပြည်တွင်းလျှပ်စစ်မီးလုံလောက်စွာရရှိရန် ပြည်ပမှလျှပ်စစ်မီး ဝယ်ယူ၍ ပြည်တွင်းမှာပြန်လည်ဖြန့်ဖြူးရောင်းချခြင်းမျိုးဆောင်ရွက်သင်‌့တယ်လို့ ထင်မြင်မိပါတယ်။ အိမ်နီးချင်း နိုင်ငံများမှာလည်း ဒီလိုဆောင်ရွက်မှုမျိုးများရှိပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းလျှပ်စစ်မီးလုံလောက်စွာရရှိစေရန် လိုအပ်သောလျှပ်စစ်ဓာတ်အားကို ပြည်ပမှဝယ်ယူပြီး ပြည်တွင်းမှာဖြန့်ဖြူးရောင်းချရန် ပြည်ထောင်စုအစိုးရတွင် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အားစနစ်တွင် ရေအားလျှပ်စစ်စက်ရုံများရဲ့ စက်တပ်ဆင်အင်အား ပမာဏမှာ ၇၄ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများရဲ့ သဘောသဘာဝအရ မိုးရာသီမှာ ဓာတ်အားအပြည့်အဝထုတ်လုပ်ပေးနိုင်သော်လည်း နွေရာသီမှာ ထုတ်လုပ်မှုလျော့နည်းလေ့ရှိပါတယ်။ ဓာတ်အားစနစ်အတွင်း နွေရာသီကာလတွင်သာ ဓာတ်အားမလုံလောက်မှုဖြစ်ပေါ်လေ့ရှိပြီး ၎င်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ဆောလျင်စွာ တည်ဆောက်လျက်ရှိနေပါတယ်။ ဆက်လက်ပြီး တိုးတက်တောင်းခံလာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို နှစ်အလိုက်လိုအပ်ချက်အပေါ်မူတည်၍ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း များကို တည်ဆောက်သွားခြင်းအားဖြင့် ဓာတ်အားလုံလောက်စွာဖြန့်ဖြူးနိုင်ရန် ရေရှည်အစီအမံ များချမှတ်ဆောင်ရွက်ထားပါတယ်။

          ပြည်ပနိုင်ငံများမှ ဓာတ်အားဝယ်ယူရေးဆောင်ရွက်ရာမှာ နိုင်ငံတော်ဓာတ်အားစနစ်နှင့် အိမ်နီးချင်းနိုင်ငံများရဲ့ ဓာတ်အားစနစ်ဖြင့်ချိတ်ဆက်၍ ဓာတ်အားဝယ်ယူခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသောနယ်မြေများတွင် အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူခြင်းဟူ၍ နည်းလမ်း ၂ မျိုးရှိနေပါတယ်။ လက်ရှိအခြေအနေအရ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အား လုံလောက်မှုမရှိတဲ့အတွက် ပြည်ပနိုင်ငံများမှဓာတ်အားဝယ်ယူရမည်ဆိုပါက ဓာတ်အားစနစ် အချင်းချင်းချိတ်ဆက်နိုင်ရန် မဟာဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံကြီးများတည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုများစွာလိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီလုပ်ငန်းကို ဆောင်ရွက်ရန်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။

ဒုတိယနည်းလမ်းအနေဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့ဆက်စပ်နေသော တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်ကျေးရွာ၊ ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့၊ ဘုရားသုံးဆူနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်တို့မှာ ထိုင်းနိုင်ငံမှဓာတ်အားဝယ်ယူပြီး သုံးစွဲလျက်ရှိပါတယ်။ အလားတူ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်စပ်နေသော ကျန်ဒေသများတွင်လည်း သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များအနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများမှ အိမ်နီးချင်းနိုင်ငံများရဲ့ဓာတ်အားကို ရယူကာ အ‌သေးစားနှင့် အလတ်စားဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်ရန်တင်ပြလာပါ ကလည်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။