(ဂ)-B.O.T စနစ်ဖြင့် လမ်းပိုင်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်ကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၇) ရက်မြောက်နေ့ (၁၉-၁၀-၂၀၁၁)

နိုင်ငံတော်မှ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်အရ တည်ဆောက်လုပ်ကိုင် လွှဲပြောင်းစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဒီစနစ်ဟာ အင်မတန်ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ သို့သော်လည်း ပျက်စီးနေတဲ့လမ်းပိုင်းတွေကို ပြုပြင်ရာမှာနှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ ဒီလိုနှောင့်နှေးကြန့်ကြာမှုတွေ မရှိအောင် အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်စေရန်အတွက် B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကကုမ္ပဏီများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မည်ကဲ့သို့စိစစ် ကြီးကြပ်ဆောင်ရွက်သွားမည်ဆိုတဲ့အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ B.O.Tစနစ်နဲ့ လမ်းတံတား လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို လမ်းအပိုင်းငါးပိုင်းကို ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်များအား ရှင်းလင်းတင်ပြပါမယ်။

(၁)     မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းအပိုင်းမှာ မိုင်တိုင် ၅၃ မိုင် ၄ ဖာလုံမှ ၁၁၆/၀ မိုင်အထိ ၆၂ မိုင် ၄ ဖာလုံကို တောင်ပေါ်ဒေသလမ်း ဖောက်လုပ်ရေး ကုမ္ပဏီကယူထားပါတယ်။

(၂)     မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းရဲ့ မိုင်တိုင် ၁၁၆/၀ မှ ၁၈၉/၀ မိုင် အထိ ၇၃ မိုင်ကို နေမင်းရောင်ကုမ္ပဏီက ယူထားပါတယ်။

(၃)     ရွှေညောင်-ညောင်ရွှေလမ်း ဝ/၀ မိုင်မှ ၈/၀ မိုင်ထိ ၈ မိုင်အထိကို Three Million Group က ယူပါတယ်။

(၄)     အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်း ဝ/၀ မိုင်မှ ၂၄/၀ မိုင်ထိ ၂၄ မိုင်ကိုလည်း Three Million Group က ယူထားတာ ဖြစ်ပါတယ်။

(၅)     ရွှေညောင်-ရပ်စောက်လမ်း ဝ/၀ မိုင် မှ ၃၆ မိုင်ကို အာရှမြန်မာကုမ္ပဏီကနေပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

B.O.T စနစ်နဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းများဟာ စတင်တည်ဆောက်ချိန်မှ  ၃ နှစ်ကာလ သတ်မှတ်ထားတာဖြစ်ပါတယ်။ တည်ဆောက်ချိန်ကာလအတွင်း လမ်းတံတားအင်္ဂါရပ်များ ပြည့်စုံ ကောင်းမွန်အောင် သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်ကုမ္ပဏီများမှ B.O.T စနစ်ဖြင့် လမ်းတံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန် လျှောက်ထားလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော ၂၁ ချက်နှင့် ပြည့်စုံမှသာ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ အဲဒီ ၂၁ ချက်ကို လိုက်နာမှသာလျှင်လည်း B.O.T ဆောင်ရွက်ပြီးတော့ ၎င်း ၂၁ ချက်မှာပဲ စိစစ် စစ်ဆေးကြပ်မတ်ခြင်းများလည်း ဆောင်ရွက် ထားတာရှိပါတယ်။ ၎င်း ၂၁ ချက်ကို ရှင်းပြရရင် -

(၁)     တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံချက်ပါရှိရမည်။

(၂)     တိုင်းဒေသကြီး/ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲ့ ထောက်ခံချက်ပါရှိရမည်။

(၃)     သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အင်ဂျင်နီယာမှူးကြီးများ၊ လုပ်ငန်းခွင်အတွင်းရှိ ခရိုင်အင်ဂျင်နီယာမှူးများ၊ မြို့နယ်လက်ထောက်အင်ဂျင်နီယာများနှင့် မြို့နယ်ခွဲ အင်ဂျင်နီယာများမှ မှန်ကန်ကြောင်း ထောက်ခံချက်များ ပါရှိရမည်။

(၄)     လုပ်ငန်းပိုင်းနှင့် ပတ်သက်၍ ငွေရေးကြေးရေးအထောက်အထားများ ဖော်ပြရမည်။

          (က)    ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊

          (ခ)     ဒါရိုက်တာစာရင်း၊

          (ဂ)     အစုရှယ်ယာစာရင်း၊

          (ဃ)    ဘဏ်စုဆောင်းငွေ၊

          (င)     မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်မှုနှင့် တန်ဖိုး၊

          (စ)     ဆောင်ရွက်လျက်ရှိသော အခြားစီးပွားရေးလုပ်ငန်းများဖြစ်ပါတယ်။

(၅)     ကုမ္ပဏီရဲ့သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းများပါရမှာဖြစ်ပါတယ်။

(၆)     လမ်းတံတားလုပ်ငန်းနှင့် ဆက်စပ်နေသော လက်ရှိစက်၊ ယာဉ်၊ ယန္တရားစာရင်း တင်ပြရမှာဖြစ်ပါတယ်။

(၇)     ကျောက်၊ သဲ၊ ကတ္တရာ၊ ဘိလပ်‌ြမေ၊ သံချောင်းစုဆောင်းထားရှိမှု တင်ပြရမှာဖြစ်ပါတယ်။

(၈)     လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် လက်ရှိလမ်းတံတားအင်ဂျင်နီယာအင်အား၊ ကျွမ်းကျင် ဝန်ထမ်းနှင့်လုပ်သားအင်အား စုဆောင်းထားရှိမှုနှင့် ဖွဲ့စည်းထားရှိမှုကို တင်ပြရမှာ ဖြစ်ပါတယ်။

(၉)     B.O.T စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံလိုသည့်လမ်းအပိုင်းရဲ့ မိုင်တိုင်ဘယ်လောက်မှ မိုင်တိုင်ဘယ်လောက်ထိ ဖော်ပြရမှာဖြစ်ပါတယ်။

(၁၀)    လမ်းတံတားအသုံးပြုခကောက်ခံမည့် စခန်းနေရာများ တိုးဂိတ်များကို ‌ြမေပုံနဲ့ ဖော်ပြရ ပါမယ်။ ၎င်းစခန်းတည်ဆောက်သည့်အခါတွင် တန်ချိန်ကတ္တားတပ်ဆင်ဆောင်ရွက်မည့် အကြောင်းလည်းပါရမှာ ဖြစ်ပါတယ်။

(၁၁)    လမ်းတံတားအသုံးပြုခကောက်ခံသည့် နှုန်းထားများအား ဌာနသတ်မှတ်ပေးထားသော နှုန်းထားအတိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

(၁၂)    အုပ်ချုပ်ရေးမှူးရုံးများ ဖွင့်မည့်နေရာ၊ လမ်းပြုပြင်ရေးစခန်းချမည့်နေရာ၊ ကျောက်ထုတ် စခန်းများ ဆောင်ရွက်မည့်နေရာ၊ မည်သည့်နေရာတွင် ကျောက်ခွဲစက်နှင့် ကျောက်ကျင်း ပြုလုပ်မည့်နေရာများကို ‌ြမေပုံနှင့်ပြီးပြည့်စုံစွာ တင်ပြရမှာဖြစ်ပါတယ်။ 

(၁၃)    ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီရဲ့ခွင့်ပြုချက်ရပြီးခုနှစ်ရက်အတွင်း လုပ်ငန်းခွင်ကိုစတင်ဝင်ရောက်မှာဖြစ်ပြီး နှစ်ပါတ်အတွင်း ကုမ္ပဏီဆိုင်းဘုတ်ထူထောင် ရမှာဖြစ်ပါတယ်။

(၁၄)    ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီရဲ့ ခွင့်ပြုချက်ရပြီး သုံးလအတွင်း မှာ B.O.T အဆိုပြုလွှာ သက်ဆိုင်ရာသို့အဆင့်ဆင့်တင်ပြနိုင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။

(၁၅)    B.O.T ယူပြီး လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုရှိပါက လမ်းကိုဘုတ်အဖွဲ့နှင့် စစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ကောင်းအောင်လုပ်ရန်နှင့် ကောင်းအောင်မလုပ်နိုင် ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး လမ်းကိုပြန်လည်သိမ်းပါမည်။နောက် သက်ဆိုင်ရာ နယ်မြေဒေသရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှ ဆက်လက် တာဝန်ပေးရန် မသင့် ကြောင်း အကြောင်းကြားလာပါက ၎င်းလမ်းအား ဘုတ်အဖွဲ့နှင့် စစ်ဆေးပြီး ပြန်လည်သိမ်းပစ်ပါမည်။ ၎င်းကဲ့သို့ဆောင်ရွက်ပြီးနောက် အသစ် ဆောင်ရွက်မည့် အသစ်ကုမ္ပဏီအား ထပ်မံပြီး ချမှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

(၁၆)    တာဝန်ယူထားသောလမ်းပိုင်းမိုင်သည် ရှည်နေပြီး လုပ်ငန်းလုပ်ရာတွင် မနိုင်မနင်း အခက်အခဲဖြစ်ပါက ၎င်းလမ်းအပိုင်းအား ပြန်လည်အပ်နှံပြီး ထပ်မံပိုင်းခြားကာ အခြား ကုမ္ပဏီသို့ လုပ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

(၁၇)    လအလိုက် လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များတင်ပြရမည်။

(၁၈)    လအလိုက် လုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းပြီးစီးမှုတင်ပြရမည်။

(၁၉)    လအလိုက် ပစ္စည်းစုဆောင်းမှု၊ သုံးစွဲမှုနှင့်လက်ကျန်များကို ဖော်ပြရမည်။ ဥပမာ- ကျောက်၊ သဲအမျိုးအစားအလိုက် ကတ္တရာ၊ ဘိလပ်မြေ၊ သံချောင်းဖြစ်ပါတယ်။

(၂၀)    လအလိုက် စက်ယာဉ်ယန္တရားရောက်ရှိသုံးစွဲမှုကို တင်ပြရမည်။

          (၂၁)    ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အထူးတာဝန်ပေးအပ်ထားသော အင်ဂျင်နီယာချုပ် များ၊ B.O.T လမ်းတည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ် အင်ဂျင်နီယာမှူးကြီးများ၊ လုပ်ငန်းခွင်အတွင်းရှိ ခရိုင်အင်ဂျင်နီယာမှူးများ၊ မြို့နယ်လက်ထောက်အင်ဂျင်နီယာ များနှင့် မြို့နယ်ခွဲအင်ဂျင်နီယာများမှ လုပ်ငန်းခွင်စစ်ဆေးခြင်း၊ အကြံပြုခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို လက်ခံရမည်။

          အခက်အခဲများကို တင်ပြရမည်ဆိုပြီးတော့ အချက် ၂၁ ချက်နှင့် ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီ၂၁ ချက်နှင့်ပတ်သက်လို့ ဖြည့်စွက် တင်ပြရရင် ယခင်က အပိုဒ် ၁ မှာ ယခုတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟာ ကစထမှူးများဖြစ်ပါတယ်။ အချက်နံပါတ်(၂)ရဲ့ လက်ရှိလမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဟာ ယခင်က တိုင်းမှူးများဖြစ်ပါတယ်။ ယခု B.O.T စနစ်နှင့် ပေးထားသောလမ်းပိုင်း အားလုံးသည် ယခင်က ကစထမှူး၊ တိုင်းမှူးများ သဘောတူမှပေးရန်ဖြစ်ပါတယ်။ ယခုလည်း B.O.T လမ်းပိုင်းများပေးတာသည် ဝန်ကြီးဌာနသဘောတူညီချက်ပေးတာ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာဒေသမှာ ရှိတဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ လက်ခံမှသာလျှင် B.O.T စနစ်ပေးကြောင်း ဖြည့်စွက်တင်ပြ အပ်ပါ တယ်။

          တိုင်းဒေသကြီး/ပြည်နယ်အတွင်း တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများမှ B.O.T စနစ်နှင့် ဆောင်ရွက်လျက်ရှိတဲ့ လမ်း-တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းတံတားစိစစ်ရေးအဖွဲ့ ၁၉ ဖွဲ့နဲ့ စိစစ်ကြပ်မတ်လျက် ရှိပါတယ်။ စိစစ်မှုအစီရင်ခံစာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာကုမ္ပဏီအဖွဲ့များသို့ တွေ့ဆုံညှိနှိုင်းပြီး သတိပေးခြင်း၊ အပြစ် ပေးခြင်း၊ အရေးယူခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းပိုင်းတွင် လမ်းအသုံးပြုခကောက်ခံရေးစခန်းအား ဖွင့်လှစ်ပြီး လမ်း-တံတား အသုံးပြုခများကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံခွင့်ပြုထားပါတယ်။ လမ်း-တံတားအသုံးပြုခများကို သတ်မှတ် ထားတဲ့နှုန်းထားထက် ပိုကောက်ပါက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရသို့တိုင်ကြားရမှာဖြစ်ပါတယ်။ ပိုမိုကောက်ခံကြောင်း စစ်ဆေးတွေ့ရှိပါက လမ်းအသုံးပြုခ ကောက်ခံခြင်းကို ပထမဦးစွာတစ်လပိတ်သိမ်းခြင်းနဲ့ ထပ်မံပြီးစည်းကမ်းဖောက်ဖျက်ပါက လမ်းအသုံး ပြုခကောက်ခံခွင့်ကို ရုပ်သိမ်းခြင်းအထိ အရေးယူအပြစ်ပေးလျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ B.O.T စနစ်နဲ့ဆောင်ရွက်လျက်ရှိသောလမ်းအပိုင်းများနဲ့ပတ်သက်ပြီး တိုင်းရင်းသား လုပ်ငန်းရှင်ကုမ္ပဏီများအား လမ်းချောမွေ့စွာသွားလာနိုင်ရေးအတွက် လမ်းတံတားတိုးတက်ပြုပြင်ခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်နှင့် လမ်းအဆင့်မြှင့်တင်လုပ်ငန်းများ ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တွန်းအားပေး၊ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။