မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ နှစ်ပေါင်းကြာရှည်စွာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပါတယ်။ နှစ်နိုင်ငံအကြား ဖြစ်ပွားတဲ့ ကိစ္စတွေအားလုံးကိုလည်းပဲ နှစ်နိုင်ငံ ခေါင်းဆောင်များ၊ နှစ်နိုင်ငံ ပြည်သူများက ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ပဲ ဖြစ်ပါတယ်။ သို့ရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပေါ်နေတဲ့ ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအမှုနဲ့ စပ်လျဉ်းပြီးတော့မှ ကျွန်တော်တို့ လေ့လာတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းတာနဲ့တင် မလုံလောက်ဘဲနဲ့ ဥပဒေကြောင်းအရဖြေရှင်းလိုကြောင်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က စတင်အဆိုပြု တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ရေရှည်တည်တံ့ ခိုင်မြဲတဲ့၊ နှစ်ဖက်မျှတတဲ့ ြဖေရှင်းမှုရှိဖို့အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုပြီးတော့မှ မြန်မာနိုင်ငံဘက်ကလည်းပဲ ဥပဒေအရ ြဖေရှင်းပေးရန် သဘောတူလက်ခံခဲ့ကြောင်း လေ့လာသိရှိ ရပါတယ်။ အဲဒီနှစ်နိုင်ငံ ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စကို ပင်လယ်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံး(ITLOS)မှာ ဖြေရှင်းတင်သွင်းရန် နှစ်နိုင်ငံသဘောတူခဲ့ကြပြီးတော့မှ တရားရေး လုပ်ငန်းစဉ်များကိုလည်းပဲ ဆက်လက်ပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါတယ်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှ ၂၄ ရက်နေ့အထိ ပင်လယ်ဥပဒေ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးတည်ရှိရာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ တရားသူကြီး ၂၁ ဦး ရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကရော၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကရော၊ ကြားနာမှုများ အဆိုတင်သွင်းမှုများ ပြုလုပ်ပြီး ဆက်လက်ပြီးတော့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့် မို့လို့ ကျွန်တော် မေးမြန်းချင်တဲ့ မေးခွန်းကတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံးနဲ့ ကြားနာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိတဲ့ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်နိုင်ငံ တို့အကြား ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စနဲ့ စပ်လျဉ်းပြီးတော့မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ဆောင်ရွက်ခဲ့မှုနဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သိရှိလိုပါကြောင်း ဖြေကြားပါသည်။
ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်ခဲ့မှုအြခေအနေနှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ြဖေကြားခွင့်ရရှိသည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ဘင်္ဂလားပင်လယ်အော်မှာ ပိုင်နက်ပင်လယ်၊ သီးသန့် စီးပွားရေးဇုန်၊ ကမ်းလွန်ရေတိမ်ပိုင်းစတဲ့ ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးနှင့်စပ်လျဉ်းလို့ ၁၉၇၄ ခုနှစ်တည်းက စတင်ပြီးတော့ ၂၀၀၉ ခုနှစ်အထိ နှစ်နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်သော Technical Team များဟာ အပြန်အလှန်စေလွှတ်ပြီးတော့ အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံအကြားတိကျသော၊ လက်ခံနိုင်သော သဘောတူညီချက် တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ဥပဒေကြောင်း အရ ဖြေရှင်းလိုကြောင်း စတင်တောင်းဆိုလာပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စတင်အဆိုပြုတောင်းဆို လာတဲ့ ကိစ္စနှင့်စပ်လျဉ်းလို့ ပြန်လည်ြဖေရှင်းဆောင်ရွက် နိုင်ရန် အစိုးရအဖွဲ့ရဲ့ ၂၉-၁၀-၂၀၀၉ နေ့စွဲပါ
အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၀၉ နဲ့ ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥက္ကဋ္ဌ။ ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဘာသာရပ်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများ ပါဝင်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ် အငြင်းပွားမှု ြဖေရှင်းရေးကိစ္စနှင့် ပတ်သက်လို့ အထူးလုပ်ငန်းဦးစီးအဖွဲ့ Special Task Force ကို စုစုပေါင်းအဖွဲ့ဝင် ၂၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ထိုစဉ်က ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင် အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူများအဖွဲ့၊ ဗိုလ်မှူးချုပ်မျိုးမြင့်သန်း၊ ဌာနချုပ်မှူး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ် အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်တဲ့ နည်းပညာကျွမ်းကျင်မှုအဖွဲ့၊ ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်သော အုပ်ချုပ်ထောက်ပံ့မှုအဖွဲ့တို့ကိုလည်း အမိန့်ကြော်ငြာစာဖြင့် စနစ် တကျဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အပြည်ပြည် ဆိုင်ရာ တရားရုံး ( ITLOS ) ခေါ်တဲ့ ခုံရုံးမှာ ယခုကိစ္စကို ြဖေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ITLOS မှ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲပါစာဖြင့် မြန်မာနိုင်ငံကိုလည်း အကြောင်း ကြားခဲ့ ပါတယ်။ မြန်မာနိုင်ငံကလည်း ITLOS သို့သွားရန် သဘောတူခဲ့ပါတယ်။ ယင်းသို့သဘောတူရခြင်းမှာ အငြင်းပွားမှုကို ဒေသတွင်းနိုင်ငံများရဲ့ ငြိမ်းချမ်းရေးကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ ငြိမ်းချမ်းစွာ ြဖေရှင်းရန် ယင်းပဋိညာဉ်စာတမ်း အခန်း(၆)မှာ ဖော်ပြထားတဲ့ အတိုင်းပဲ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ငြိမ်းချမ်းစွာြဖေရှင်းရန် တာဝန်ရှိတဲ့အလျောက် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ လက်ခံခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေ ကွန်ဗင်းရှင်း International United Nations Convention for the Law of the Sea မှာ အငြင်းပွားမှုများကိုငြိမ်းချမ်းစွာ ြဖေရှင်းတဲ့နည်းဟာ လေးနည်း ရှိပြီးတော့ ဤဥပဒေပုဒ်မ ၂၈၇ မှာ ဖော်ပြထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်တရားရုံးမှာ ြဖေရှင်းနည်းဟာ ဒီလေးနည်းထဲမှာ ပထမဆုံးနည်း ဖြစ်ပါတယ်။ အားသာချက်အနေဖြင့် ယင်း တရားရုံးမှာြဖေရှင်းပါက ငြိမ်းချမ်းစွာ ြဖေရှင်းနိုင်သည့်အပြင် တရားရုံးစရိတ်များအားလုံးကိုလည်း ကုလသမဂ္ဂက ကျခံခဲ့ပါတယ်။ သို့ဖြစ်၍ ITLOS တွင်ြဖေရှင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့ခြင်းအပေါ် မြန်မာနိုင်ငံကလက်ခံခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းသည့်နိုင်ငံအဖြစ် ကမ္ဘာကအသိအမှတ်ပြုခြင်းကို အကျိုးအမြတ်ခံစားခဲ့ရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ITLOS ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာခြင်းပြုခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား၊ ဘင်္ဂလားပင်လယ်ပြင်မှာ နှစ်နိုင်ငံပင်လယ်နယ်နိမိတ်ရဲ့ သတ်မှတ်ရေးကိစ္စနဲ့ပတ်သက်လို့ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာရှိတဲ့ ITLOS တရားရုံးကို အမှုအမှတ် ၁၆ ဖြင့် ဖြေရှင်းရန်ရောက်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အလျဉ်းသင့်၍ ဖော်ပြရလျှင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေတရားရုံးဟာ နိုင်ငံရေးကင်းပြီး တစ်ကမ္ဘာလုံးရှိ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ကျွမ်းကျင်သော နိုင်ငံအသီးသီးမှလာသည့် တရားသူကြီးများဖြင့် ဖွဲ့စည်းထားပါတယ်။ တရားသူကြီး ၂၁ ဦးပါဝင်ပြီး အငြင်းပွားသည့် နိုင်ငံနှစ်နိုင်ငံမှ Ad hoc judge ဟုခေါ်တဲ့ တရားသူကြီး တစ်ဦးစီကိုလည်းတင်ပြခဲ့ပါတယ်။ ထိုနှစ်ဦးဟာအမှုကို ဆုံးဖြတ်ရာမှာ အခြားတရားသူကြီးများနည်းတူ ရပိုင်ခွင့်များရှိကြပါတယ်။ ယခု တရားရုံးဥက္ကဋ္ဌဟာ ကာရစ်ဘီယန် ပင်လယ်ဒေသရှိ Cape Verde မှ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ဖြစ်ပါတယ်။ ဤရုံးဟာ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ၊ ကျွမ်းကျင်မှုဆိုင်ရာပညာနှင့် ရေကြောင်းတိုင်းတာရေးပညာတို့ကို သုံးပြီးတော့ အမှုကိုဆုံးဖြတ်လေ့ ရှိပါတယ်။ ယခုအမှုဟာ တရားရုံးမှာ ပထမဆုံးဖြစ်တဲ့ ပင်လယ်နယ်နိမိတ်သတ်မှတ်တဲ့ အမှုဖြစ်တဲ့ အတွက် တစ်ကမ္ဘာလုံးကနေ ပြီးတော့ စိတ်ဝင်စားပြီး တစ်ကမ္ဘာလုံးကို တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်များ ဆောင်ရွက်မှုများကို Website ကနေပြီးတော့ အစအဆုံးကမ္ဘာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ တစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွက် ဒီတရားရုံးကို သွားခြင်းဟာ ပထမဆုံးအမှုဖြစ်တဲ့အတွက် အားလုံးစိတ်ဝင်စားတဲ့ အမှုလည်း ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။ နိုင်ငံတော်မှ ထိုစဉ်က ရှေ့နေချုပ်ရုံး၊ ဒုတိယ ရှေ့နေချုပ်အား ဒီအမှုနဲ့ပတ်သက်လို့ နိုင်ငံတော်၏ ကိုယ်စားလှယ် Agent အဖြစ် ခန့်အပ်တာဝန် ပေးခဲ့ပြီး ဒုတိယကိုယ်စားလှယ် Deputy Agent နှစ်ဦးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဟာ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက် နေ့များမှာ ITLOS ဥက္ကဋ္ဌ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယကိုယ်စားလှယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှေ့နေများနှင့် ကိုယ်တိုင်ကိုယ်ကျ တရားရုံးရှေ့မှောက်မှာသွားပြီးတော့ ရှေ့နေလိုက်ပြီးတော့ အမှုနှင့်ပတ်သက်တဲ့ အစီအစဉ်များနှင့်ရုံးချိန်းများကို ရေးဆွဲသဘောတူညီမှုရရှိခဲ့ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ နည်းပညာကျွမ်းကျင်သူများအဖွဲ့၊ အုပ်ချုပ်ရေး ထောက်ပံ့မှုအဖွဲ့များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ITLOS အမှုကိစ္စမှာ လိုက်ပါဆောင်ရွက်ဖို့ ကမ္ဘာပေါ်ရှိ ဥပဒေစနစ်ကြီးသုံးရပ်ကို ကျွမ်းကျင်ပြီး ပင်လယ်ရေပြင်နယ်နိမိတ် သတ်မှတ်ရေးအမှုကိစ္စများမှာ အတွေ့အကြုံများစွာရှိတဲ့ နိုင်ငံပေါင်းစုံမှ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေပါရဂူများဖြစ်တဲ့ ပြင်သစ်နိုင်ငံမှ Prof. Alain Pellet, အင်္ဂလန်နိုင်ငံမှ Sir Michael Wood, ပြင်သစ်နိုင်ငံမှ Prof. Mathias Forteau, အမေရိကန် ပြည်ထောင်စုမှ Mr. Coalter Lathrop, ဂျာမဏီနိုင်ငံမှ Mr. Daniel Muller, ပြင်သစ်နိုင်ငံမှ Mr. Benjamin Samson, အစ္စရေးနိုင်ငံမှ Mr. Eran Sthoeger, ဥပဒေပညာရှင်အဖွဲ့နှင့် ပင်လယ်ပြင်တိုင်းတာရေး ကျွမ်းကျင်သူများဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံမှ Mr. Octavian Buzatu, နှင့် အမေရိကန်နိုင်ငံမှ Mr. David Swanson နှင့် Mr. David P. Riesenberg၊ အကြံပေးအဖြစ် အတ္တလန္တိတ် သမုဒ္ဒရာကျွန်းမှာရှိတဲ့ Faros ကျွန်းမှ ဥပဒေပါရဂူ Mr. Bjorn Kunoy တို့နှင့် အထောက် အကူပြုအဖွဲ့ရဲ့ ရှေ့နေနှစ်ဦးဖြစ်သော ပြင်သစ်နိုင်ငံမှ Ms. Heloise Bajer Pellet နှင့် Ms. Tessa Barsac တို့လည်း ငှားရမ်းဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် အဆိုပါညှိနှိုင်းသဘောတူညီချက်အရ တရားရုံး၌ အမှုရင်ဆိုင်ရာမှာ ပြည်တွင်းတရားရုံးများမှာ တရားမမှုများ စစ်ဆေးမှုနှင့် ပုံစံချင်းအတော် နီးစပ်တယ်ဆိုတဲ့အကြောင်း ဥပဒေပညာရှင်များ သိသာရန် တင်ပြလိုပါတယ်။ အမှုမှာ နှစ်ပိုင်း ရှိကြောင်း တွေ့ရှိရပါတယ်။ ပထမပိုင်းမှာ စာဖြင့်အဆိုပြုခြင်းဆိုတဲ့ Written Pleadings ဟုခေါ်သော တစ်ဘက်နဲ့ အဆိုလွှာ၊ အချေလွှာများ တင်ရပါတယ်။ ယင်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တင်ပြသော အဆိုလွှာလို့ခေါ်တဲ့(Memorial) တင်သွင်းခြင်း၊ မြန်မာနိုင်ငံဘက်မှချေလွှာလို့ခေါ်တဲ့ (Countery memorial)တင်သွင်းခြင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ကြားလွှာလို့ခေါ်တဲ့ (Reply)နှင့် နောက်ဆုံးမြန်မာဘက်မှ ပြန်လည်ချေလွှာလို့ခေါ်တဲ့(Rejoinder) တင်သွင်းခြင်းတို့ကို ဆောင်ရွက် ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံံဘက်မှ Memorialကို ၁-၇-၂၀၁၀ ရက်နေ့မှာ တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံဘက်မှ Counter Memorial ကို ၁-၁၂-၂၀၁၀ ရက်နေ့တွင်တင်သွင်းခဲ့ပါတယ်။ ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Reply ကို ၁၅-၃-၂၀၁၁ ရက်နေ့တွင် တင်သွင်းခဲ့ရာမှာ မြန်မာနိုင်ငံဘက်မှ Rejoinder ကို ၁-၇-၂၀၁၁ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ယင်းနောက် ဒုတိယပိုင်းကို ကူးြပောင်းသွားခြင်းပဲဖြစ်ပြီးတော့ ဒုတိယပိုင်းကို စတင်ခဲ့ပါတယ်။ ယခုသွားရောက်တဲ့ ခရီးစဉ်မှာ အမှုကြားနာစစ်ဆေးပြီး ကြိုတင်မှုများ ပြင်ဆင်ပြီးတော့ အမှုကြားနာစစ်ဆေးတဲ့ အချိန်ဟာ ၁၄ ရက် ဆက်တိုက်ကြာရှိခဲ့ပါတယ်။ ITLOS မှာ အမှုဖြေရှင်းနိုင်ရေးနှင့် စပ်လျဉ်းပြီးတော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများ၊ အစီအစဉ်များနှင့်အညီ မြန်မာနိုင်ငံဘက်မှ ၁-၁၂-၂၀၁၀ ရက်နေ့မတိုင်မီ Countery memorial ကိုတင်သွင်းခြင်း၊ ၁-၇-၂၀၁၁ ရက် နေ့မတိုင်မီ Rejoinder တင်သွင်းခြင်းတို့ကို ဥပဒေရေးရာကျွမ်းကျင်သူများ အဖွဲ့ခေါင်းဆောင် ဦးဆောင်တဲ့ မြန်မာအဖွဲ့နှင့် ပြည်ပရှေ့နေအဖွဲ့တို့ အကြိမ်ကြိမ်အသေးစိတ်ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ ဤသို့ဖြင့် စာဖြင့်အဆိုအချေပြုလုပ်ခြင်း Written Pleadings များပြီးဆုံးသွားတဲ့အခါမှာ နှစ်ဖက် လျှောက်လဲတဲ့ Oral Pleadings အပိုင်းကို ကူးပြောင်းသွားတာတွေ့ရပါတယ်။ ယခုအခါ ITLOS တရားရုံးရှေ့မှာ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာစစ်ဆေးပြီး ဖြစ်ပါတယ်။ ပထမအကြိမ် လျှောက်လဲချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၈-၉-၂၀၁၁ ရက်နေ့မှ ၁၃-၉-၂၀၁၁ ရက်နေ့ထိ လျှောက်လဲတင်ပြခဲ့ပြီး မြန်မာဘက်မှ အမှုအဖွင့်မိန့်ခွန်းကို ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့၍ ၁၅-၉-၂၀၁၁ မှ ၂၀-၉-၂၀၁၁ ရက်နေ့အထိ လျှောက်လဲခဲ့ပြီး ဖြစ်ပါတယ်။ ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေများက မြန်မာနိုင်ငံဘက်မှ ဥပဒေကြောင်းအရလည်းကောင်း၊ ကျွမ်းကျင်မှုဆိုင်ရာပညာပိုင်းမှ လည်းကောင်း၊ ပင်လယ်ရေကြောင်းတိုင်းတာရေးပညာ Hydrography ပိုင်းမှလည်းကောင်း၊ ဘူမိဗေဒပိုင်းဆိုင်ရာပညာပိုင်းမှလည်းကောင်း ခိုင်မာစွာလျှောက်လဲ တင်ပြခဲ့ပါတယ်။ ဒုတိယအကြိမ် လျှောက်လဲချက်ပြုခြင်းကို ဘင်္ဂလားဒေ့ရှ်မှတစ်ခါ Second Round လို့ခေါ်ပြီးတော့ Second Round ကို ၂၁-၉-၂၀၁၁ နှင့် ၂၂-၉-၂၀၁၁ ရက်နေ့များကိုလည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ အပြီးသတ် လျှောက်လဲချက်ကို ၂၄-၉-၂၀၁၁ ရက်နေ့မှာလည်းကောင်းတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ငှားရမ်းထားသော ပြည်ပရှေ့နေများဟာ ITLOS တရားရုံးရှေ့မှာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဆိုင်ရာ အထောက်အထားများ၊ ကျွမ်းကျင်မှုဆိုင်ရာ အထောက် အထားများ၊ ပင်လယ်ရေပြင်တိုင်းတာရေးပညာအထောက်အထားများ (Hydrography)နှင့် ဘူမိဗေဒ သိပ္ပံဆိုင်ရာအထောက်အထားများ (Geomorphology)တို့ကို ကိုးကားတင်ပြခဲ့ပါတယ်။ နှစ်နိုင်ငံ ကိုယ်စားလှယ်များက နိဂုံးချုပ်ပြောကြားပြီးတော့ ရှေ့နေများ ပြီးဆုံးတဲ့အခါမှာ ပြည်ထောင်စု ရှေ့နေချုပ်က အားလုံးကိုခြုံပြီးတော့ တရားသူကြီးများကိုတင်ပြခဲ့ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ နှစ်နိုင်ငံဘက်က ကိုယ်စားလှယ်များ နိဂုံးချုပ်များ ပြောကြားတဲ့အခါမှာ ဤသို့ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံအကြားတည်ရှိပြီးဖြစ်တဲ့ ချစ်ကြည် ရင်းနှီးမှုဟာ ပိုပြီးတော့မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း နှစ်နိုင်ငံမှာ ပါဝင်လာတဲ့ ကိုယ်စားလှယ်များက ပြောကြားခဲ့တာကိုမှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါအမှုကို ၂၀၁၂ ခုနှစ်၊ မတ်လမှာ ITLOS တရားရုံးမှသမာသမတ်ရှိပြီး တရားမျှတမှုရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေနှင့်ညီတဲ့ ရသောရလဒ်(Equitable Result)ကို ဖော်ထုတ်ဆောင်ရွက်မယ့် အမိန့် ချမှတ်မည်ဟု ယုံကြည်မျှော်လင့်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအနေနဲ့ဒီတာဝန်မှာ ပါဝင်ထမ်းဆောင်ခွင့် ရရှိတဲ့အတွက် အထူးပဲဂုဏ်ယူကြောင်း တင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားမှုမှာ တာဝန်ရှိသူများ အနေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ပင်လယ်ပြင်နဲ့ပတ်သက်လို့ ပင်လယ်ပြင်ဥပဒေပိုင်းမှာ သုံးပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းကို ကျွန်တော်တို့ပိုင်နက်ပင်လယ်လို့ခေါ်ပါတယ်။ ဒုတိယတစ်ပိုင်းကို ကျွန်တော်တို့ Continental Shelf လို့ခေါ်ပြီးတော့ တတိယတစ်ပိုင်းကို သူတို့စကားနဲ့ Economic Zone လို့ခေါ်တဲ့ သီးခြားစီးပွားရေးဇုန်လို့ခေါ်ပါတယ်။ ဒီသုံးပိုင်းရှိပြီးတော့ ပထမတစ်ပိုင်းမှာ ပိုင်နက် ပင်လယ်ပြင်ဟာ သာမန်အားဖြင့် ဥပဒေအရ ၁၂ မိုင်တည်ရှိပါတယ်။ ဒါပြီးတော့ Continental Shelf ဆိုတာလာပြီးတော့ တတိယတစ်ပိုင်းမှာတော့ မိုင်၂၀၀ ကျော်သွားလို့ရှိရင် ကမ်းဝေးပင်လယ်ပြင် လို့ခေါ်တဲ့ Economic Zone သဘောမျိုးသက်ရောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ဒီနေရာမှာတောင်းဆိုတဲ့အပိုင်းအနေနဲ့ကတော့ ကျွန်တော်တို့ သုံးတဲ့ပညာဟာ ကျွန်တော်တို့ ရေတပ် တိုင်းတာရေးကသုံးတဲ့ Hydrography လို့သုံးတဲ့နေရာမှာ ဘာခေါ်လဲဆိုရင် ဒါကိုသုံးတဲ့ Method ဟာ Equa-distance Method လို့ ကျွန်တော်တို့သုံးပါတယ်။ Equa-distance Method ကျွန်တော်တို့သုံးလို့ရှိရင် ကမ္ဘာမှာ Equa-distance Method နဲ့သုံးမှသာလျှင် ကျွန်တော်တို့တရားမျှ တမှုရှိပြီးတော့ Equa-distance Method မရှိမှသာလျှင် တခြားနည်းကို ကျွန်တော်တို့ သုံးလေ့ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ တောင်းဆိုတဲ့အချက်ကတော့ မြန်မာနိုင်ငံရဲ့ တောက်လျှောက် ရပ်တည်ချက်က Equa-distance Method ကိုသုံးဖို့ရှိတဲ့အတွက် ကျွန်တော်တို့ ရပ်တည်ခဲ့ပါတယ်။ ဒါကိုလည်း ပြည်တွင်းဥပဒေမှာ ပါဝင်တဲ့ရှေ့နေ အမြောက်အမြား လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး များထဲမှာရှိကြပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဥပဒေကို ကျွန်တော်တို့ အနေနဲ့ကိုးကားခဲ့ပါတယ်။ တစ်ခါ ဥပဒေပြီးတဲ့အခါမှာ ဒုတိယအနေနဲ့ အပြည်ပြည် ဆိုင်ရာကမ္ဘာ့တရားရုံးများက ချမှတ်တဲ့စီရင်ထုံး၊ ဖြတ်ထုံးများကိုလည်း ကျွန်တော်တို့ ကိုးကားခဲ့ ပါတယ်။ Equa-distance Method ကို ကျွန်တော်တို့ သုံးခြင်းအားဖြင့် နှစ်နိုင်ငံတရားမျှတတဲ့ နယ်နိမိတ်သတ်မှတ်ခြင်းများကို ရရှိနိုင်တယ်လို့ မူတည်ပြီးတော့ ကျွန်တော်တို့ဘက်ကလည်း နစ်နာမှုမရှိဘဲနဲ့ တစ်ဖက်ကလည်း တရားမျှတမှုရှိမယ်ဆိုတာကို ကျွန်တော်တို့ရှေ့နေများနဲ့ ညှိနှိုင်းပြီးတော့ တောက်လျှောက် ရပ်တည်ခဲ့ပါတယ်။ တစ်ဖက်က သုံးတာကတော့ သူတို့ပညာအရ Angle by Circle လို့ခေါ်တဲ့နည်းကို သုံးပါတယ်။ သုံးတဲ့အခါမှာ သူတို့သုံးပုံသုံးနည်းကို အကြောင်းပြတာ ကတော့ ဘာလဲဆိုလို့ရှိရင် ထူးခြားတဲ့ အခြေအနေရှိတဲ့အတွက် သူတို့ကိုပေးပါလို့ ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ထူးခြားတဲ့အြခေအနေ မရှိဘူးလို့ ငြင်းဆိုပါတယ်။ သူတို့အနေနဲ့ တောင်းတဲ့မျဉ်းနဲ့ ကျွန်တော်တို့ တောင်းတဲ့မျဉ်းနဲ့နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ တောင်းတဲ့မျဉ်းက Equa-distance Method အရတောင်းပြီးတော့ သူတို့ကတော့ Angle by Circle နည်းအရ တောင်းတဲ့မျဉ်းများ ဖြစ်ပါတယ်။
တရားရုံးရဲ့ လုပ်ရိုးလုပ်စဉ်အရ အခုလက်တွေ့မှာတွေ့ရတာ ဘာလဲဆိုတော့ တစ်ဖက် အမှုသည် တင်ပြတာကိုလည်း နားထောင်ပါတယ်။ နောက်တစ်ဖက်အမှုသည် တင်ပြတာကိုလည်း နားထောင်ပါတယ်။ နားထောင်ပြီးတော့ သူတို့ Expert၊ ကိုယ့် Expert များကို ရှင်းလင်းပြီးတဲ့အခါမှာ တရားရုံးအနေနဲ့ သီးခြားခေါ်တဲ့ တတိယ Expert တစ်ယောက်ကို တရားသူကြီး(၂၃)ယောက်စလုံးက ခေါ်ပြီးတော့ ကြားနာပါတယ်။ ကြားနာတဲ့အခါမှာ ဒီ Expert တွေရဲ့ တင်ပြတဲ့မျဉ်းများပေါ်မှာ မူတည်ပြီးတော့ နှစ်ဦးနှစ်ဖက်သူလည်းမသာ ကိုယ်လည်းမနာတဲ့ လမ်းကြောင်းကိုဆွဲမယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အခုလည်း ဒီအတိုင်းလုပ်ပြီးတော့ အခုတရားသူကြီးများအနေနဲ့ စဉ်းစားခန်းလို့ခေါ်တဲ့ Deliberation ကို အောက်တိုဘာလ (၁)ရက်နေ့ကနေ ကျွန်တော်တို့ စတင်တာ ဖြစ်ပါတယ်။ ဒီအတွင်းမှာ သူတို့ Expert တွေနဲ့ သူတို့ခေါ်ပြီးတော့ တရားမျှတတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ထုတ်ဖို့ရည်ရွယ်တယ်လို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ ဒီတရားရုံးမှာလည်း ကျွန်တော် တင်ပြခဲ့သလိုပဲ ဒီဟာကကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်ဆုံးဖြတ်တဲ့ ပင်လယ်နယ်နိမိတ် သတ်မှတ်တဲ့ အမှုဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကမ္ဘာကလည်း ဒါကို စူးစိုက်ပြီးတော့ တရားသူကြီးများဟာလည်း အထူးဂရုစိုက်ပြီးတော့ သမာသမတ်ရှိတဲ့ အမိန့်ထွက်ဖို့ လည်း ကြိုးစားလျက်ရှိကြောင်းဖြေကြားပါသည်။
