(ခ)-ဂုတ်ထိပ်မီးရထားလမ်း ပေါင်းကူးတံတားနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၄-၈-၂၀၁၁)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မ၊ဲ သီပေါ၊ လားရှိုးမြို့များသို့ မီးရထားလမ်းဂုတ်ထိပ် တံတားကြီးဟာ ၁၈၉၇ ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံးဟု ကျော်ကြား တဲ့ ချောက်ကမ်းပါးနှစ်ခုကို တစ်ခုနှင့်တစ်ခုဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတား၊ ပေါင်းကူးတံတားကြီး ဖြစ်ပါတယ်။ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့အတွက် စစ်ဆေးထိန်းသိမ်းပေးရန်ကိုလည်းတွေ့ရှိရပါတယ်။ သက်တမ်းအနှစ် ၁၀၀ ကျော်ကြာပြီဖြစ်တဲ့ ဂုတ်ထိပ်တံတားကြီးဟာ ပိုမို ဂရုစိုက် ထိန်းသိမ်းပေးရန်(က) အစီအစဉ် ရှိပါသလား။ (ခ) အဆိုပါ ဂုတ်ထိပ်တံတားကြီးအား အသစ်ပြန်လည် တည်ဆောက်ရန် အစီအစဉ်ရှိပါသလား။ (ဂ) အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အဖြေ

ဂုတ်ထိပ်တံတားဟာ ၁၉၀၃ခုနှစ်မှာ သံမဏိတိုင်စင် ၁၆ တိုင်ပေါ်မှာ သံဘောင်တင်ပြီးတည်ဆောက် ထားတဲ့တံတားဖြစ်ပါတယ်။ အလျားအားဖြင့် ၂၆၆၀ ပေရှည်လျားပါတယ်။ အမေရိကန်နိုင်ငံ (Pensylvania နဲ့ MaryLand Bridge and Construction Co.,Ltd)က လျှိုကြီးနှစ်ခုကို ဆက်စပ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အမြင့်ဆုံး သံမဏိတိုင်မှာ ပေ ၃၂၀ ခန့်မြင့်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်နှင့်ဂျပန်တို့ကြောင့် သံမဏိတိုင် ၆ တိုင်နှင့် ရက်မတန်း ၄ ခန်း ပျက်စီးခဲ့ပါတယ်။ စစ်ကြီးအပြီးမှာပြန်လည်ပြုပြင်ခဲ့ရာ ၁၉၅၁ ခုနှစ်မှာပြင်ဆင်ပြီးစီး၍ ရထားလမ်း များကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အဆိုပါတံတားကြီး၏ကြံ့ခိုင်မှုကို ပြန်လည်ဆန်းစစ်ရန်အတွက်၂၀၀၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ Japan International Co-operation Agency (JICA)နှင့် မြန်မာ့မီးရထားတို့ ပူးတွဲပြီးတော့စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက်များအပေါ်အခြေခံပြီးတော့ JICA က လက်ရှိ အခြေအနေတွင် တံတားအခြေအနေခိုင်ခန့်ကောင်းမွန်နေပါကြောင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်သွားပါ ကသက်တမ်းကြာမြင့်စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထောက်ခံချက်ပေးထားပါတယ်။

မြန်မာ့မီးရထားအနေဖြင့် နှစ်စဉ်ပုံမှန်စစ်ဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိရာ ယခုအချိန်အထိ ခိုင်ခန့်မှုအားကောင်းနေတဲ့အတွက် လားရှိုး-မန္တလေး စုန်/ဆန် ရထားများ သာမက ကုန်ရထားများကိုပါ နေ့စဉ်ပုံမှန်ဖြတ်သန်းပြေးဆွဲပေးလျက်ရှိပါတယ်။ လက်ရှိစစ်ဆေးပြုပြင် ထိန်းသိမ်းခြင်းစနစ်မှာ လုံလောက်နေပြီဖြစ်သော်လည်း တံတားသက်တမ်းပိုမို ကြာရှည်စေရန်ရထား များကိုတံတားပေါ်မှာ တစ်နာရီ ၅ မိုင်နှုန်းဖြင့်သာခုတ်မောင်းစေခဲ့ပါတယ်။ အခါအားလျော်စွာသီးခြား ပညာရှင်အဖွဲ့ဖြင့်လည်း စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။

ဂုတ်ထိပ်တံတားအား အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်သွားခဲ့လျှင် ရထား ပြေးဆွဲမှုမပြတ်တောက်စေရေးအတွက် လက်ရှိဂုတ်ထိပ်တံတား၏ အောက်ဘက်အနိမ့်ပိုင်းမှာ အရန် ရထားလမ်းအဖြစ် ရထားလမ်းတစ်လမ်းကိုလည်း ဖောက်လုပ်ထားခဲ့ပါတယ်။ အရင့်အရင် ရထား လမ်းကြောင်းသည် သံလမ်းမိုင် ၃.၀၇ မိုင်ရှည်လျားပြီးတော့ ကွေ့ဒီဂရီ ၁၇ ဒီဂရီ၊ ဆင်ခြေလျော ၄ ဒီဂရီတို့ဖြင့် ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်ကတည်းက ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

သို့ဖြစ်၍ လက်ရှိအနေအထားအရ ဂုတ်ထိပ်တံတားကြီးမှာ သက်တမ်းကြာမြင့်ပြီဖြစ်သော် လည်း ကောင်းမွန်ခိုင်ခန့်ပြီး အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ဆဲဖြစ်သဖြင့် မြန်မာ့မီးရထားအနေဖြင့် အသစ်ပြန်လည်တည်ဆောက်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် တံတားကြီးအန္တရာယ် ကင်းရှင်းပြီး သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်ရေးအတွက် နှစ်စဉ်ရန်ပုံငွေများ ခွဲဝေသတ်မှတ်လျက် ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။