(စ)-၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ (၂၅-၁-၂၀၁၃)

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဆိုတဲ့ မေးခွန်းကိုမေးရတာ ရည်ရွယ်ချက် ၂ ချက် ရှိပါတယ်ရှင်။ ပထမရည်ရွယ်ချက်တစ်ချက်ကတော့ ကျွန်မတို့မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော်ရှိတဲ့အနက် မြန်မာအမျိုးသမီးဦးရေကထက်ဝက် ကျော်ကျော်ရှိနေပါတယ်။ ဒီ့အတွက် ကျွန်မလည်း မြန်မာအမျိုးသမီးဖြစ်နေတဲ့အတွက် ထက်ဝက်ကျော် သောမြန်မာအမျိုးသမီး များရဲ့ အားလုံးထဲမှာမှ ပြည့်တန်ဆာဘဝနဲ့ခက်ခဲစွာဘဝကိုရပ်တည်နေရတဲ့ အမျိုးသမီးများရဲ့ဘဝကို တည်ဆဲဥပဒေအတွင်းမှာ သိက္ခာရှိရှိရပ်တည်စေချင်တဲ့ဆန္ဒနဲ့ နောက်တစ်ချက် အဲ့ဒီအမျိုးသမီးများရဲ့ ဘဝကို ကာကွယ်စောင့်ရှောက်ပေးချင်လို့ ဒီမေးခွန်းကိုမေးရခြင်း ရည်ရွယ်ချက် (၁) ဖြစ်ပါတယ်။ ရည်ရွယ်ချက် (၂) ကတော့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ HIV နှင့် AIDS ရောဂါတွေကို ကျွန်မတို့နိုင်ငံမှာ တစ်နေ့တခြားများပြားလာတာပါ။ ဒီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ ဖြစ်မှကုတာထက်စာရင် မပျောက်နိုင်တဲ့ဒီရောဂါကိုကာကွယ်ဖို့၊ တားဆီးဖို့အတွက် ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ လူသားတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဒီရောဂါဟာ အများဆုံးဖြစ်ပွားနေတဲ့ လိင်ဆက်ဆံရေးကနေ ကူးစက်နေတဲ့အတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်တစ်ဦးအနေနဲ့ရော၊ တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင်တစ်ဦးအနေနဲ့ရော ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေလို့ခေါ်တွင်စေသော ယခုမေးခွန်းကို မြန်မာအမျိုးသမီးများရဲ့အမျိုးဂုဏ်၊ ဇာတိဂုဏ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အလို့ငှာ အဲ့ဒီအပြင် မြန်မာနိုင်ငံမှာရှိသော တိုင်းရင်းသူ တိုင်းရင်းသားအားလုံး အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ အပါအဝင် Gender right လို့ခေါ်တဲ့ ကျား မ တရားမျှတစေဖို့ အခွင့်အရေးတွေရော၊ အပြစ်အရေးတွေရော တရားမျှမျှတတခံစားနိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယရည်ရွယ်ချက်အနေနဲ့ ဒီမေးခွန်းကိုမေးရခြင်း ဖြစ်ပါတယ်ရှင်။ ဒီမေးခွန်းဖြစ် ပေါ်လာတဲ့ အခြေခံအကြောင်းအရင်းလေးကိုလည်း ခုနအကြောင်းအရင်းလေးလိုပဲတင်ပြခွင့်ပြုပါရှင်။

တာမွေမြို့နယ် ကျွန်မရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံးကို ပြည့်တန်ဆာမှုနဲ့အဖမ်းခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးရဲ့မိခင်နှင့် အစ်မ လာရောက်ခဲ့ပါတယ်။ အဲ့ဒီ ကူညီတောင်းခံမှုကစပြီး ဒီမေးခွန်းဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါတယ်ရှင်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းဖြင့်ဆောင်ရွက်သူ အမျိုးသမီးများကို အရေးယူတဲ့နေရာမှာ   ၁၈ နှစ်အောက် အမျိုးသမီးငယ်အသက်မပြည့်သေးသူများ ပါဝင်လျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ အသက်မပြည့်သေးသူများကို အရေးယူဆောင်ရွက်တဲ့နေရာတွင် အသက်ပြည့်ပြီး အရွယ် ရောက်သူသဖွယ် အသက်ကိုစိစစ်ခြင်းမရှိဘဲ တရားစွဲဆိုပြီးပြစ်ဒဏ်ကျခံစေလျက် ထောင်ကျနေသူ များလည်းရှိကြောင်းသိရှိရပါတယ်။ အဲ့ဒီလို အရွယ်မရောက်သေးဘဲ ဥပဒေအရထောင်ဒဏ်ကျခံ နေရတဲ့ အမျိုးသမီးငယ်များကို အကျဉ်းထောင်များအတွင်း ပြန်လည်စိစစ်ပေးစေလိုပါတယ်ရှင်။ သို့ဖြစ်ပါ၍ ဝန်ကြီးရှင့်။ ပြန်လည်စိစစ်ရန် အကျဉ်းထောင်အတွင်းမှာအစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အကယ်၍အစီအစဉ်ရှိလို့ စိစစ်ပြီးပြီဆိုရင် အသက်မပြည့်သူပြည့်တန်ဆာအမျိုးသမီးငယ်များရှိပါက ထောင်မှ ၎င်းအမျိုးသမီးငယ်များကို ပြန်လွှတ်ပေးရန်အစီအစဉ်ရှိ၊ မရှိလည်းသိရှိချင်ပါတယ်။ အကယ်၍များ ပြန်လည်စေလွှတ်ပေးခဲ့မယ်ဆိုရင် ၎င်းအမျိုးသမီးငယ်များကို သိက္ခာရှိရှိနဲ့ ဘဝကို ဆက်လက်ရပ်တည်နိုင်ဖို့အတွက် မည်သို့မည်ပုံဆောင်ရွက်မလဲဆိုတာကိုလည်း သိရှိချင်ပါတယ်။ ဒါက ကျွန်မရဲ့မေးခွန်း(၁)ပါရှင်။

လွှတ်တော်ကိုယ်စားလှယ်များ နားနဲ့မနာ ဖဝါးနဲ့နာ တော်မူပါရှင်။ ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်စဉ် အမျိုးသမီးများနဲ့အတူ ဖမ်းဆီးရမိသော အမျိုးသားများအား နှစ်ဦးနှစ်ဖက်ဖမ်းဆီးပြီး အမှုစွဲတင်တရားစွဲတဲ့ နေရာမှာ တရားသူကြီးရဲ့ မေးမြန်း ချက်အပေါ်မူတည်ပြီး အဆိုပါအမျိုးသားက ထွက်ချက်ပေးတဲ့အခါမှာ အခကြေးငွေဘယ်လောက်ပေးပြီး ၎င်းနှင့်အတူညက အတူပျော်ပါးခဲ့သူမှာ ယခုရုံးခန်းထဲတွင် တရားရုံးခန်း ထဲတွင်ရှိသော ကျွန်တော့် ဘေးတွင်ရှိသော သို့တည်းမဟုတ် ကျွန်တော့်ရှေ့တွင်ရှိသော အဆိုပါမိန်းကလေး မှန်ကန်ပါသည်ဟု အတည်ပြုပြောဆိုမှုရှိခဲ့ပါရင် ထိုမိန်းကလေးပြည့်တန်ဆာပုဒ်မနဲ့ ထောင်ကျပါပြီ။ အနည်းဆုံး ၁ နှစ်တော့ ထောင်ကျခံရမှာပါ။ သို့သော် ထိုအမျိုးသား သားကောင့်သားကတော့ ပြစ်ဒဏ်မရှိ။ ထောင်ဒဏ် မရှိဘဲနဲ့ ပကတိလွတ်ငြိမ်းချမ်းသာခွင့် ရရှိတယ်လို့ သိရှိရပါတယ်။ ငွေပေးပြီးကာမကိုရယူတဲ့ ထိုအမျိုးသားသည် အစိုးရသက်သေဖြစ်သွားပြီဆိုရင် ၎င်းဥပဒေမှာ တရားမျှတမှုမရှိပါ။ တစ်နည်းအားဖြင့် ကာမကိုငွေနဲ့ရောင်းပြီး ကာမကိုငွေနဲ့ဝယ်သူ နှစ်ဦးစလုံးအပြစ်ရှိပါတယ်ရှင်။ ကျွန်မတို့မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကမ္ဘာက သိအောင် ကြွေးကျော်နေတဲ့ စကားရပ်တစ်ခုကတော့ အမျိုးသမီးနှင့် အမျိုးသားတန်းတူ အခွင့်အရေးရတယ်လို့ ကြွေးကျော်ခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီရှင်။ ဒါဆိုရင် ကျား မ တန်းတူဖြစ်စေဖို့ အခွင့်အရေးမှာ လည်းတန်းတူရှိရင် အပြစ်အရေးမှာလည်းတန်းတူရှိသင့်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေ အပြစ်အရေး တန်းတူကိုက်ညီမှုမရှိတာကိုတွေ့ရှိရပါတယ်ရှင့်။ ဒါကြောင့် ကာမကို ငွေနဲ့ဝယ်ယူသူ အမျိုးသားများအား သက်သေအဖြစ်မှတစ်ပါး ခဏထားပြီး အားပေးကူညီသူများအဖြစ်လည်း သတ်မှတ်နိုင်ပါသဖြင့် ကျွန်မမေးခွန်း(၂)ကို ဒီလိုမေးချင်ပါတယ်ရှင်။ ပြည့်တန်ဆာလုပ်ငန်းကို ဆောင်ရွက်စဉ်ပါဝင်သော အမျိုးသားများအား ပြည့်တန်ဆာလုပ်ငန်းကိုဆောင်ရွက်ခဲ့သော အမျိုးသမီး များကဲ့သို့ ပြစ်ဒဏ်ချခံရန်ရှိ၊ မရှိ။ ရှိသည်ဆိုပါက မည်သည့်အချိန်မှစ၍ ပြစ်ဒဏ်သတ်မှတ်မည်နည်း။ မရှိလျှင် ၁၉၄၉ ခုနှစ် ဥပဒေကိုပြင်ဆင်ရန်လို၊ မလို။ လိုပါက မည်သည်‌့အချိန်တွင်ပြင်ဆင်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်း ရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်းအပိုဒ်(၁)နှင့်စပ်လျဉ်းလို့ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အရ ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်နေသူအမျိုးသမီးများကို အရေးယူရာမှာ ၁၈ နှစ်အောက် အမျိုးသမီးငယ် အသက်မပြည်‌့သူများပါဝင်လျက်ရှိကြောင်း၊ အဆိုပါအသက်မပြည်‌့သူများကို အရေးယူဆောင်ရွက်ရာမှာ အသက်ပြည်‌့ပြီးအရွယ်ရောက်သူများသဖွယ် အသက်အရွယ်စိစစ်ခြင်း မရှိဘဲ တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်ဒဏ်ကျခံစေလျက်ထောင်ကျနေသူများ ရှိကြောင်းကိစ္စနှင့် ပတ်သက်လို့ အဆိုပါအက်ဥပဒေအရဖမ်းဆီးရာမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်များပါဝင် တတ်ပါတယ်။ သို့သော် ဖမ်းဆီးစဉ်ကာလအတွင်း မည်သည့်အမျိုးသမီးက အသက်မည်မျှရှိသည်ကို မည်သူမျှရုတ်ချည်းစိစစ်နိုင်မည်မဟုတ်ပါ။ ရဲစခန်းကိုရောက်ရှိပြီးမှသာ သူတို့ရဲ့ပြောကြားချက်များအရနှင့် နိုင်ငံသားစိစစ်ရေးကတ်အရ တိုက်ဆိုင်စစ်ဆေးရခြင်းဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)မှာ ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသောသူကိုဆိုလိုသည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၂ ပုဒ်မခွဲ(ခ)မှာ လူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ် မပြည့်သေးသောသူကိုဆိုသည်ဟုလည်းကောင်း ပြဋ္ဌာန်းထား ရှိပါ တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်တဲ့လူငယ်များရဲ့ အသက်နှင့်စပ်လျဉ်းပြီး ကလေး သူငယ်ဥပဒေပုဒ်မ ၆၈ အရ မွေးစာရင်း၊ ကျောင်းဝင်မှတ်ပုံတင်စာရင်းကောက်နုတ်ချက်မိတ္တူမှန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်၊ ကျန်းမာရေးဦးစီးဌာနနှင့် ဆရာဝန်ဆေးစာ၊ သန်းခေါင်စာရင်းမိတ္တူမှန်နှင့် အခြားခိုင်လုံတဲ့အထောက်အထားများကို စိစစ်ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် သက်သေအထောက်အထားများနှင့်အတူ အသက် ၁၆ နှစ်အောက်ကလေး များကို ကလေးသူငယ်တရားရုံးနှင့် အသက် ၁၆ ပြည့်ပြီး ၁၈ နှစ်မပြည့်သေးတဲ့လူငယ်များနှင့် အသက် ၁၈ နှစ်အထက် အရွယ်ရောက်သူများကို သက်ဆိုင်ရာတရားရုံးများကို တရားစွဲတင်ပို့ရပါတယ်။ ကလေးသူငယ်ဥပဒေပုဒ်မ ၄၇ အရ ကလေးသူငယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခြင်း မပြုသင့်တဲ့ ကလေးသူငယ်နှင့်စပ်လျဉ်းလို့ အမိန့်တစ်ရပ်ရပ်ကိုချမှတ်ရာမှာ ပုဒ်မ ၄၇ ပုဒ်မခွဲ(ဃ)မှာ ကျူးလွန် သောပြစ်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကလေးသူငယ်သည် အကျင့်စာရိတ္တပျက်ပြား နေသူဖြစ်လျှင်သော်လည်းကောင်း၊ အကျင်‌့စာရိတ္တပျက်ပြားခြင်းမရှိသေးသော်လည်း မိဘအုပ်ထိန်း သူမရှိသည့် ကလေးသူငယ်ဖြစ်လျှင်သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူရှိသော်လည်း ကလေး သူငယ်အား ဆိုဆုံးမခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်သော အခြေအနေမရှိလျှင်သော်လည်း ကောင်း၊ ထိုကလေးသူငယ်ကို အနည်းဆုံး ၂ နှစ်ဖြစ်စေ၊ အများဆုံးအသက် ၁၈ နှစ်ပြည့်သည့်နေ့အထိ သင်တန်းကျောင်းတစ်ခုခုသို့ ပို့အပ်နိုင်သည်လို့ ပြဋ္ဌာန်းထားသလို ပုဒ်မ ၇၁ မှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်မှာ မည်သို့ပင်ပါရှိစေကာမူ (က) လူငယ်ကိုသေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းဒဏ် ချမှတ်ခြင်းမပြုရ၊ (ခ) လူငယ်အားထောင်ဒဏ်ချမှတ်လျှင် အများဆုံးထောင်ဒဏ်ကာလသည် ၁၀ နှစ် ထက်မပိုစေရဆိုပြီး ပြဋ္ဌာန်းထားရှိပါတယ်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ခ)မှာ မည်သူမဆိုပြည်သူတို့နှင့်ဆိုင်သော လမ်းကိုသော်လည်းကောင်း၊ ပြည်သူတို့နှင့်ဆိုင်သောနေရာ၌ သော်လည်းကောင်း၊ ပြည်သူတို့ဝင်ထွက်သွားလာနေရာ၌သော်လည်းကောင်း ထိုလမ်း ထိုနေရာတို့မှ မြင်သာ ကြားသာအောင် အိမ်၊ အဆောက်အဦ၊ အခန်း၊ ရေယာဉ် သို့တည်းမဟုတ် ကုန်ယာဉ် အတွင်းကသော်လည်းကောင်း၊ အပြင်ကသော်လည်းကောင်း ပြည်‌့တန်ဆာအလို့ငှာ တစ်ဦး တစ်ယောက်သောသူအား မြှူခေါ်သွေးဆောင်ခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း သို့မဟုတ် အနီးအနားတွင် ရစ်ဝဲခြင်းပြုလျှင် ထိုသူကို အလုပ်ကြမ်းနှင့် ၁ နှစ်အောက်မနည်း ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်စီရင်နိုင်စေရမည်။ ပြစ်ဒဏ်စီရင်ခြင်းခံရသူသည် မိန်းမဖြစ်လျှင် ထိုမိန်းမကို သတ်မှတ် ထားသည့်နေရာ၌ တားဆီးထိန်းသိမ်းခြင်းအားဖြင့် ထောင်ဒဏ်ကျခံစေရမည်လို့ ပြဋ္ဌာန်းထား ရှိပါ တယ်။ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနအနေနဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဖြင့် ပြစ်ဒဏ်ကျခံရသူအမျိုးသမီးများ အကျဉ်းထောင်ကိုရောက်ရှိတဲ့အချိန်မှာ အကျဉ်းထောင် လုပ်ထုံး လုပ်နည်းအရ မှတ်တမ်းတင်ပြီး အကျဉ်းထောင်ဆရာဝန်နှင့် အသက်အရွယ်ကိုစစ်ဆေးခြင်းအပါအဝင် ကျန်းမာရေးစစ်ဆေးပြီး လက်ခံထိန်းသိမ်းထားရှိပါတယ်။ အကျဉ်းထောင်ကိုစတင်ရောက်ရှိစဉ် ကတည်းက အသက်အရွယ်ကိုစစ်ဆေးခြင်းအပါအဝင် ကျန်းမာရေးစစ်ဆေးခဲ့ပြီးတဲ့အတွက် အဲ့ဒီပြစ်ဒဏ်ကျအမျိုးသမီးများကို ပြန်လည်စိစစ်ပေးမည့်အစီအစဉ်မရှိကြောင်း တင်ပြအပ်ပါတယ်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (ခ)နဲ့ အကျဉ်းကျခံရတဲ့အသက် ၁၈ နှစ်အောက် ၁၆ နှစ်အထက် အမျိုးသမီးများကို အကျဉ်းဦးစီးဌာနကသတ်မှတ်ထားတဲ့ လျှော့ရက်နှုန်းထား အတိုင်းသာ အခြားအကျဉ်းသူ အကျဉ်းသားများနည်းတူ ခံစားခွင့်ရရှိနိုင်ပေမယ့်လည်း ပြန်လည် လွှတ်ပေးရန်အစီအစဉ်မရှိကြောင်းတင်ပြလိုပါတယ်။ အဲ့ဒီပြစ်ဒဏ်ကျ ပြည့်တန်ဆာအမျိုးသမီးများကို အကျဉ်းထောင်ဆရာဝန်နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့တို့နှင့် HIV ရောဂါပိုးရှိ၊ မရှိစစ်ဆေးပြီး HIV ပိုးတွေရှိတဲ့အကျဉ်းသူများကို မန္တလေးမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့တွေမှာရှိတဲ့ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစခန်းကို ပေးပို့စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဦးစီးဌာနက အကျဉ်းထောင်ကိုလာရောက်ပြီး အသိပညာပေးဟောပြောခြင်း၊ HIV ရောဂါပိုးရှိ၊ မရှိစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲ့ဒီအကျဉ်းသူများကို အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေစဉ် ကာလအတွင်း သူတို့ရဲ့ဘဝမှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အတွက် ဇာထိုးပန်းထိုးလုပ်ငန်းများ၊ စက်ချုပ်လုပ်ငန်းများ၊ မျက်တောင်တု လုပ်ငန်းများ၊ ဆံကေသာအလှပြင်သင်တန်း၊ မျက်နှာအလှပြင်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အကသင်တန်း၊ ဒီဇိုင်နာသင်တန်းနှင့် အသုံးလုံးသင်တန်းစတာတွေကို သင်ကြားပေးလျက်ရှိပါတယ်။

မေးခွန်းအပိုဒ် ၂ နှင့်စပ်လျဉ်းလို့ ပြည့်တန်ဆာလုပ်ငန်းဆောင်ရွက်စဉ် ငွေကြေးပေးပြီး ကာမကို ရယူသော အမျိုးသားများအား အားပေးကူညီသူအဖြစ် ပြစ်ဒဏ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်လို့ အဲ့ဒီ ပြည်‌့တန်ဆာလုပ်ငန်းဟာ နေအိမ်ဥပစာ၊ အဆောက်အဦအတွင်း မမြင်ကွယ်ရာမှာလုပ်ကိုင်တဲ့အတွက် သက်သေအထောက်အထားများနဲ့အတူ လက်ပူးလက်ကြပ် ဖမ်းဆီးရမိတရားစွဲတင်နိုင်ရေးမှာ လွန်စွာ ခဲယဉ်းပါသည်။ ဒါ့ကြောင့် ပြစ်မှုထင်ရှားသက်သေပြနိုင်ဖို့အတွက် အထောက်အထားပစ္စည်းများနဲ့ အတူ အသွင်ယူသူနဲ့ ငွေကြေးပေးပြီးကာမကိုရယူတဲ့အမျိုးသားများကို သက်သေအဖြစ်အသုံးပြုပြီး တရားစွဲတင်ပို့တာဖြစ်ပါတယ်။ ပြည်‌့တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၁၄ မှာ ရာဇဝတ်တရား သူကြီးမှာ ဤအက်ဥပဒေအရ တရားစွဲဆိုခံရသောသူများအနက် အဓိကစွဲဆိုခံရသူမဟုတ်သောသူကို ထိုအမှုဆိုင်ရာ အဖြစ်အပျက်အကြောင်းအချင်းအရာတို့နှင့်စပ်လျဉ်း၍ မိမိရှေ့၌သက်သေအဖြစ် စစ်ဆေးပိုင်ခွင့်ရှိသည်။ သို့ရာတွင် ထိုသူ၌ ထိုပြစ်မှုနှင့်စပ်လျဉ်း၍ မိမိသိရှိသမျှသော အကြောင်း အချင်းအရာအားလုံးကို စုံလင်မှန်ကန်စွာထုတ်ဖော်ပြောဆိုသည်‌့ လက္ခဏာရှိစေရမည်လို့ပြဋ္ဌာန်း  ထားသလို ပုဒ်မ ၁၅ မှာ ဤအက်ဥပဒေအရ ပြစ်မှုတစ်ခုတွင်ဖက်စပ်ပါဝင်သည်လည်းဖြစ်၍ ပုဒ်မ ၁၄ အရ ရာဇဝတ်တရားသူကြီးရှေ့၌ သက်သေအဖြစ်အစစ်ဆေးခံရသူလည်းဖြစ်၍ ထိုသို့စစ်ဆေး သောအခါ ထိုစစ်ဆေးသောအမှုတွင် သက်ဆိုင်ရာအကြောင်းအားလုံးကိုသိရှိသမျှ စုံလင်မှန်ကန်စွာ ထုတ်ဖော် ပြောဆိုသည်ဟု ရာဇဝတ်တရားသူကြီးက ထင်မြင်လောက်အောင်ထွက်ဆိုခဲ့သူလည်း ဖြစ်သောသူသည် ရာဇဝတ်တရားသူကြီးထံမှ ထိုကဲ့သို့ထွက်ဆိုကြောင်း သက်သေခံလက်မှတ်စာ ကိုရရှိစေရမည်။ ထိုသို့ ရရှိလျှင် ဤအက်ဥပဒေအရခံထိုက်သော ပြစ်ဒဏ်မှ ကင်းလွတ်စေရမည် လို့ပြဋ္ဌာန်းထားရှိပါတယ်။ ဒါကြောင့် အဆိုပါပြစ်မှုကို သက်သေထင်ရှားပြသနိုင်ဖို့အတွက် အကြောင်းအားလုံးကိုသိရှိသမျှစုံလင် မှန်ကန်စွာထုတ်ဖော်ပြောဆိုတဲ့ အမျိုးသားများကိုပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးထားပြီးဖြစ်တဲ့အတွက် အမျိုးသမီးများနှင့်အတူ ဖမ်းဆီးရမိတဲ့အမျိုးသားများကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၊ ၁၁၄ နှင့် ၁၀၉ တို့အရ အားပေးကူညီသူအဖြစ် တရားစွဲဆိုပြစ်ဒဏ် ချမှတ်နိုင်ခြင်းမရှိပါ။ ဒါပေမယ့်လည်း ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(၂)အရ ပြည့်တန်ဆာအဖြစ်ရရှိတဲ့ စီးပွားကိုမှီပြီး အသက်မွေးဝမ်းကျောင်းပြုသူ ပြည့်တန်ဆာအိမ်ကို သွားရောက်နေထိုင်ဖို့ သွေးဆောင်အနိုင်ကျင့်သူ၊ ပြည့်တန်ဆာအိမ်ထားရှိပြီး စီမံကြီးကြပ်သူ၊ စီမံကြီးကြပ်ရာမှာကူညီဆောင်ရွက်သူတို့ကို အလုပ်ကြမ်းနှင့်  ၁ နှစ် အောက်မနည်းတဲ့ ၃ နှစ်ထက်မပို တဲ့ ထောင်ဒဏ်စီရင်နိုင်စေရမည်ဆိုပြီး ပြည့်တန်ဆာလုပ်ငန်း ထူထောင်သူ၊ ဆောင်ရွက်သူ၊ သွေးဆောင်ပေးသူနှင့် အားပေးကူညီသူတို့ကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါ တယ်။ အဲ့ဒီအက်ဥပဒေမှာ ပြည့်တန်ဆာမှုများပပျောက်ရေးအတွက် အမျိုးသမီးများမှ အဓိကစတင် ဦးတည်ဖြစ်ပွားလာသည့် ပြည့်တန်ဆာမှုများကျူးလွန်သူအမျိုးသမီးများနှင့် အဲ့ဒီလုပ်ငန်းထူထောင်သူ၊ ဆောင်ရွက်သူ၊ သွေးဆောင်သူနှင့် အားပေးကူညီသူ မည်သူမဆို ပြစ်ဒဏ်ကျခံစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်လို့ ပြစ်မှုဖြစ်ပွားမှုအခြေအနေအပေါ်မူတည်ပြီး အမျိုးသမီး၊ အမျိုးသားတန်းတူ အခွင့်အရေး ရရှိရန်မှာမဖြစ်နိုင်ပါ။ အမျိုးသမီးကအလိုမတူဘဲ အတင်းအဓမ္မ ကာမဆက်ဆံလျှင်သော်လည်း ကောင်း၊ ပြည့်တန်ဆာအမျိုးသမီးဖြစ်သော်လည်း အလိုမတူလျှင်သော် လည်းကောင်း အဆိုပါကာမ ဆက်ဆံသူအမျိုးသားအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ မုဒိမ်းမှုနဲ့အရေးယူရန် ပြဋ္ဌာန်းထားပြီး ဖြစ်ရာ အမျိုးသမီးများအား အခွင့်အရေးပေးကာကွယ်ထားရှိပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ အဆိုပါတည်ဆဲ အက်ဥပဒေမှာ ပြည့်တန်ဆာမှုများပပျောက်ဖို့ပြဋ္ဌာန်းထားခြင်းဖြစ်ရာ ငွေကြေးပေးပြီး ပြည့်တန်ဆာနဲ့ ပျော်ပါးသူအမျိုးသားများကို ပြစ်မှုမှာသက်သေထင်ရှားပြသနိုင်ရေးအတွက် ပြစ်ဒဏ်မှကင်းလွတ်ခွင့် ပြဋ္ဌာန်းထားရှိပြီးဖြစ်လို့ အားပေးကူညီသူအဖြစ် ဥပဒေပြင်ဆင်ရန်မလိုအပ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။