ပြည်ထောင်စုအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက်ရှိတဲ့ မော်တော်ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံ လဲလှယ်ပြီး နိုင်ငံခြားမှ မော်တော်ယာဉ်အသစ်တင်သွင်းခွင့်ပြု ဆောင်ရွက်ခြင်းကြောင့် မော်တော်ယာဉ်အို၊ ယာဉ်ဟောင်း များမှာ အပ်နှံခဲ့ကြပြီး မော်တော်ယာဉ်အသစ်များမှာ နိုင်ငံတော်၏ လမ်းမများပေါ်မှာ သက်ဝင်လှုပ်ရှားသွားလာလျက်ရှိနေသည်ကို မြင်တွေ့နေကြရပြီဖြစ်ပါတယ်။ သို့သော်လည်း မော်တော်ယာဉ်လိုင်စင်သက်တမ်းလွန်၊ သက်တမ်းပြတ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနသည် ရှေးယခင်က သက်တမ်းတိုးဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သက်တမ်းတိုးရန် အခက်အခဲများကြုံတွေ့ခဲ့ရပြီး အကြောင်းအမျိုးမျိုးကြောင့် လိုင်စင်သက်တမ်းလွန်၊ သက်တမ်းပြတ်ခဲ့ရသော မော်တော်ယာဉ်အို၊ ယာဉ်ဟောင်းများ ကျန်ရှိနေသည်ကို တွေ့မြင်ကြား သိနေရပါတယ်။ ယာဉ်ပိုင်ရှင်များမှလည်း အပ်နှံလဲလှှယ်ရန် ဆန္ဒရှိနေကြပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ယင်းမော်တော်ယာဉ်ပိုင်ရှင်များအား ဂရုဏာစာနာထောက်ထားပြီး ဖြေလျှော့မှုများ ဆောင်ရွက်ပေးနိုင်ပါရန်အတွက် အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်။ ကျန်ရှိနေသည့် မော်တော်ယာဉ်အို၊ ယာဉ်ဟောင်းလိုင်စင်သက်တမ်းလွန်၊ သက်တမ်းပြတ်များကို သက်ဆိုင်ရာသို့အပ်နှံပြီး နိုင်ငံခြားမှမော်တော်ယာဉ်တင်သွင်းခွင့်ရရှိရန် မည်သို့စီစဉ်ဆောင်ရွက်ပေး မည်ကို ဖြေကြားပေးပါရန် မေးမြန်းပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီမှ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို လိုင်စင်သက်တမ်းလွန်၊ သက်တမ်းပြတ် သက်ဆိုင်ရာသို့အပ်နှံပြီး ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ကို မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းထားခြင်း ဖြစ်ပါတယ်။ အဆိုပါ သက်တမ်းကြာမြင့်ယာဉ်များ ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ် တင်သွင်းရေး ဆိုင်ရာကိစ္စနှင့် စပ်လျဉ်းပြီးတော့ ကြယ်ပွင့်မပြမေးခွန်းအဖြစ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ မေးမြန်းချက်ကို မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း ၅ နှစ်ကျော် နှစ်ပြတ် ဖြစ်နေတဲ့ ယာဉ်များအားအပ်နှံ၍ အစားထိုးလဲလှယ်ခွင့်ပြုမည်မဟုတ်ကြောင်း ဖြေကြားခဲ့ပြီး ဖြစ်ပါ တယ်။ သက်တမ်းလွန်၊ သက်တမ်းပြတ်ယာဉ်များအပ်နှံခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း ၅ နှစ်မကျော်သောယာဉ်များကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်းမှန်ကန်ပါက သက်တမ်းတိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်းအပ်နှံဖျက်သိမ်းခြင်းနှင့် အစားထိုးယာဉ်တင်သွင်း ခြင်းများကို စီမံချက်စတင်ချိန်မှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း ၅ နှစ်ကျော်နှစ်ပြတ်နေတဲ့ယာဉ်များဟာ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများ နည်းဥပဒေ ၇ (ဃ)အရ မှတ်ပုံတင်အသစ်လဲလှယ်ရန် ပျက်ကွက်နေသည့်ကာလသည် တစ်ဆက်တည်း ၅ နှစ်ဖြစ်လျှင် အဆိုပါ မော်တော်ယာဉ်၏ မှတ်ပုံတင်အလိုအလျောက်ပျက်ပြယ်စေရမည်ဟူ၍ လည်းကောင်း၊ နည်းဥပဒေ ၁၆(က)(၅) အရ မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံး၍ အသစ်လဲလှယ်ရန် ပျက်ကွက်နေသောကာလမှာ တစ်ဆက်တည်း ၅ နှစ်ပြည့်မြောက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်း ကို ဖျက်သိမ်းရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရှိပါတယ်။ သက်တမ်းပြတ်ယာဉ်များ နှင့်ပတ်သက် ၍ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များကို ရုံးများအားလုံးသို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးတော့ အဆိုပါ ၅ နှစ်ကျော် နှစ်ပြတ်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်း စီမံချက်မှာ ဖျက်သိမ်းအပ်နှံ၍ အစားထိုး လဲလှယ်ခွင့်မပြုကြောင်းကို ၃-၁-၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ များမှာ သတင်းအဖြစ်လည်းကောင်း၊ အခြားမီဒီယာဂျာနယ်များသို့ သတင်းဖြန့်ဝေ၍ ၃၀-၁၀-၂၀၁၁ ရက်နေ့နှင့် ၂၉-၂-၂၀၁၂ ရက်နေ့တို့မှာ အများပြည်သူသိရှိအောင် ထည့်သွင်းအသိပေးကြေညာခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မှတ်ပုံတင်သက်တမ်း ၅ နှစ် ကျော် နှစ်ပြတ်တဲ့အတွက်မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဉ် ၁၂၂၆၈ စီးရှိပြီးတော့ ယခုမေးမြန်းလာတဲ့ သက်တမ်းလွန်၊ သက်တမ်းပြတ်ယာဉ်အို ယာဉ်ဟောင်းများအပ်နှံပြီး နိုင်ငံခြားမှ မော်တော်ယာဉ် တင်သွင်းခွင့်ကိစ္စနှင့်ပတ်သက်ပြီး မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း ၅ နှစ် မပြတ်သောယာဉ်များ ကိုသာ ဆက်လက်သက်တမ်းတိုးပြီး ယာဉ်ပိုင်ရှင်ရဲ့ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း အပ်နှံ၍ ပြည်ပမှအစားထိုးယာဉ် တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်းနှင့် မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း ၅ နှစ်ကျော် နှစ်ပြတ်နေတဲ့ယာဉ်များကိုတော့ တည်ဆဲမော်တော်ယာဉ်ဥပဒေအရ မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်၍ ယာဉ်အို ယာဉ်ဟောင်းအပ်နှံအစားထိုးယာဉ်တင်သွင်းခြင်းကို ခွင့်ပြုနိုင် ခြင်းမရှိပါကြောင်း ဖြေကြားပါသည်။
