မော်တော်ယာဉ် လိုင်စင်ပြုလုပ်ရာမှာ ကညနမှ တစ်နှစ်တစ်ကြိမ်သက်တမ်းတိုး လိုင်စင်ပြုလုပ်ရသည့်အတွက် ယခုအခါမော်တော်ယာဉ်အစီးရေ များပြားလာသည်ကတစ်ကြောင်း မလိုလားအပ်သော ကုန်ကျငွေများ ရှိ၍လည်းကောင်း မော်တော်ယာဉ်ပိုင်ရှင်များအနေနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ဟာ မကြာလိုက်ခင်မှာပဲ နှစ်ပြည့်လာတဲ့အတွက် ကညနသို့လိုင်စင်သက်တမ်း တိုးရတဲ့အလုပ်ကို နှစ်တိုးပေးစေလိုတဲ့ ဆန္ဒရှိနေကြတဲ့ အတွက် ၂ နှစ်တစ်ကြိမ် သို့မဟုတ် ၃ နှစ်တစ်ကြိမ်အဖြစ်သို့ ပြောင်းလဲလိုင်စင် ဆောင်ရွက်ပေးစေလိုတဲ့ ဆန္ဒကိုယ်စီရှိနေကြပါတယ်။ အထူးသဖြင့် ကုန်တင် ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်ကြီးများက ပိုမိုပြီး ဆန္ဒပြင်းပြနေကြပါတယ်။ နှစ်တိုးသတ်မှတ်ပြီး ကောက်ခံမည်ဆိုပါကလည်း နိုင်ငံတော်ဝင်ငွေလျော့ကျ မသွားသလို ကျသင့်သော တာဝန်ကို ကျေပွန် အောင်ဆောင်ရွက်ပေးလိုစိတ် ယာဉ်ပိုင်ရှင်များမှာ တာဝန် ထမ်းဆောင်လိုစိတ်ရှိကြပါတယ်။ သို့ပါ၍ မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးခြင်း တစ်နှစ်တစ်ကြိမ်အစား ၂ နှစ်တစ်ကြိမ် သို့မဟုတ် ၃ နှစ်တစ်ကြိမ်သို့ပြောင်းလဲပြီး သတ်မှတ်၍လိုင်စင်ဆောင်ရွက်ခွင့်ပေးနိုင်၊ မပေးနိုင်နှင့် အကယ်၍ ခွင့်ပြုပေးနိုင်ပါက မည်သည့်ခုနှစ်တွင်ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း မေးမြန်းပါသည်။
မှတ်ပုံတင်သက်တမ်း တစ်နှစ်တစ်ကြိမ် အစား ၂ နှစ် တစ်ကြိမ် သို့မဟုတ် ၃ နှစ် တစ်ကြိမ်သို့ ပြောင်းလဲ သတ်မှတ်ရေး ကိစ္စနှင့်ပတ်သက်ပြီး တော့ အလားတူမေးခွန်းကို မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မော်တော်ယာဉ်များကို ၃ နှစ်တစ်ကြိမ် သက်တမ်းတိုးဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင်မေးမြန်းခဲ့ပြီးတော့ အဆိုပါမေးမြန်းချက်အပေါ်မှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ရာမှာ အခြားနိုင်ငံများ၌ ကျင့်သုံးနေသောစနစ်များနဲ့ များစွာကွာခြားမှုမရှိစေရေး နှင့် သက်တမ်းကြာမြင့်ယာဉ်များကို နှစ်စဉ်စစ်ဆေးခြင်းမပြုသဖြင့်ချို့ယွင်းမှုကြောင့် နိုင်ငံသားများ အပေါ်ကျရောက်လာနိုင်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကို ကာကွယ်နိုင်စေရေးအတွက် အဓိကမူတည်သုံးသပ်လျက် ဖြေလျှော့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပြီးဖြစ်ပါ တယ်။ ထိုစဉ်ကဖြေကြားခဲ့ရာမှာ Factory New ဖြင့်တင်သွင်းလာသော မော်တော်ယာဉ်များအတွက် ကနဦးမှတ်ပုံတင်ပြီးနောက် ၃ နှစ်အကြာတွင် ပထမအကြိမ်သက်တမ်းတိုး စစ်ဆေးမှုဆောင်ရွက် မည်ဟုဖြေကြားခဲ့ပါတယ်။ အလားတူပဲ နှစ်လဲမှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ယာဉ်အများစုရဲ့ သက်တမ်းဟာ ၁၀ နှစ်အောက်လျော့ကျသွားချိန်မှာ လက်ရှိကျင့်သုံးနေတဲ့ တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးစစ်ဆေးနေမှုအစား ဖြေလျှော့၍ ၂ နှစ် တစ်ကြိမ် သက်တမ်းတိုးစစ်ဆေးမှုအဖြစ် ပြောင်းလဲသတ်မှတ်ဆောင်ရွက်သွားမည်လို့ ဖြေကြားတင်ပြခဲ့တာဖြစ်ပါတယ်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ဖြစ်တဲ့အတွက်ကြောင့် ယာဉ်များအား လမ်းပေါ်တွင် အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိ၊ မရှိ၊ အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ခြင်းရှိ၊ မရှိ၊ တစ်နှစ် တစ်ကြိမ်ယာဉ်စစ်ဆေးပြီးတော့ Road Safety ကောင်းမွန်မှုရှိမှသာလျှင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရဲ့ကားလမ်းများ၊ မော်တော်ယာဉ်များနှင့် ယာဉ်ပြင်ဆင်မှုအလုပ်ရုံ (Work Shop) များရဲ့ အခြေအနေနှင့် အဆင့်မီမှုအရသွားလာအသုံးပြုနေတဲ့ မော်တော်ယာဉ်များဟာ လိုအပ်တဲ့အတိုင်း အတာအထိ ပြင်ဆင်ဖြည့်ဆည်းပေးနိုင်သော Safety and Road Worthiness အခြေအနေ နည်းပါး သေးကြောင်း၊ ချို့ယွင်းမှုများရှိနေသေးကြောင်း တွေ့ရှိနေရဆဲဖြစ်ပါတယ်။ ကားလမ်းများ အဆင့်အတန်းမြင့်မားလာခြင်း၊ ပြည်တွင်း၌အဆင့်မီယာဉ်များထုတ်လုပ်နိုင်ခြင်း၊ စီးပွားရေးအခြေ အနေအရ ယာဉ်အသစ်များဝယ်ယူတင်သွင်းနိုင်ခြင်းစတဲ့အခြေအနေများရှိလာပါက Road Safety ပိုရှိလာမှာဖြစ်ပြီးတော့ ယာဉ်သက်တမ်းတိုးခြင်းကိုလည်း သက်တမ်းတိုးမြှင့်ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေ၌အများစုဟာ Recondition အသုံးပြုပြီးယာဉ်များကိုသာ တင်သွင်း အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒါကြောင့်သာလျှင် Safety ကို အဓိကမူတည်ပြီး တစ်နှစ် တစ်ကြိမ် ပြန်လည်စစ်ဆေးမှတ်ပုံတင်ခြင်းဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ လက်ရှိတင်သွင်းနေတဲ့ Factory New ကိုယ်ပိုင်လူစီးယာဉ်ငယ်များကိုတော့ ကနဦးတင်ပြခဲ့တဲ့အတိုင်း ကနဦးယာဉ်စစ်ဆေးပြီးတဲ့ အချိန်ကစပြီးတော့ ယာဉ်စစ်ဆေးခြင်းသက်တမ်း ၃ နှစ်သတ်မှတ်ပေးခြင်းကိုတော့ ၁၅-၁၁-၂၀၁၂ ရက်နေ့မှစပြီးတော့မှ ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်း ဖြေကြားပါသည်။
ဥက္ကဋ္ဌ ။ ။ ရထားပို့ဆောင်ရေးဝန်ကြီးခင်ဗျား။ ပြီးခဲ့တဲ့ ၁၉-၁-၂၀၁၃ ရက်နေ့ နွားထိုးကြီး ခရီးစဉ်မှာ နွားထိုးကြီးမြို့ခံပြည်သူလူထုများ တင်ပြချက်တစ်ခုရှိပါတယ်။ ဒီတင်ပြချက်ကိုလည်း ပြည်ထောင်စုအစိုးရသို့ အကြောင်းကြားပြီးဖြစ်ပါတယ်။ ဝန်ကြီးသိအောင်ထပ်ပြီးတော့ ဒီအခြေအနေ လေးရှင်းလင်း ပြောကြား ပေးပါမယ်။ နွားထိုးကြီးရောက်ရှိစဉ် နွားထိုးကြီးက ပြည်သူတစ်ဦးက ယခုအခါမှာ တောရွာ၊ မြို့တွေပါမကျန် မော်တော်ဆိုင်ကယ်များစွာ အသုံးပြုလျက်ရှိတယ်။ ဒီမော်တော် ဆိုင်ကယ်များကို ယာဉ်လိုင်စင်လုပ်တဲ့နေရာမှာ ခရိုင်မြို့တွေသွားပြီးတော့ လုပ်နေရပါတယ်။ ဒီလို လုပ်နေတဲ့အတွက် တချို့နေရာတွေမှာဆိုရင် ၁ ညအိပ် ၂ ညအိပ်ထိစောင့်ပြီးလုပ်တဲ့အတွက် အချိန် ကုန်၊ အလုပ်ပျက်၊ ငွေကုန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမော်တော်ဆိုင်ကယ်များကို မြို့နယ်အလိုက် မှတ်ပုံတင်ရေးနှင့် မြို့နယ်အလိုက် လိုင်စင်လဲလှယ်ရေးကိစ္စ ဆောင်ရွက်ဖို့လိုကြောင်း ဒီလို တင်ပြတာ ရှိပါတယ်။ အဲ့ဒီနည်းတူပဲ ဆိုင်ကယ်များကိုတစ်နှစ်တစ်ကြိမ် သက်တမ်းတိုးလဲလှယ်မည့် အစား ၂ နှစ် တန်သည် ၃ နှစ်တန်သည် ဒီလိုလည်းဆောင်ရွက်ပေးနိုင်ရင် ဆောင်ရွက်ပေးဖို့တင်ပြထားတာရှိပါ တယ်။ ဒါကြောင့်မို့လို့ ဒါနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနကစဉ်းစားဆောင်ရွက်နိုင်ဖို့ လွှတ်တော်ကတစ်ဆင့် အကြောင်းကြားတင်ပြခြင်း ဖြစ်ပါတယ်။
ဦးဇေယျာအောင်(ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)။ ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမိန့်ကြားတဲ့ ဒီမော်တော်ဆိုင်ကယ်များသက်တမ်းတိုးခြင်းကိစ္စနှင့် နောက်မြို့နယ် အလိုက် ဆောင်ရွက်ပေးခြင်းကိစ္စကိုတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ကိုတင်ပြပြီးတော့မှ အဆုံးအဖြတ် ရယူပြီးတော့ ကျွန်တော်တို့ဆောင်ရွက်ဖို့တင်ပြပါ့မယ်။
