ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်ဟာ ရန်ကုန်-မော်လမြိုင် ၂ လမ်းသွားကားလမ်းပေါ်တွင်တည်ရှိပြီး အဆိုပါ လမ်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ သွင်းကုန်ထုတ်ကုန်များကို သယ်ယူ ပို့ဆောင်ရာ လမ်းမကြီးဖြစ်သည့်အပြင် မြဝတီနယ်စပ်မှ ပြည်တွင်းသို့ တင်သွင်းလာသော လူသုံးကုန် အမျိုးမျိုးသယ်ဆောင်ရာတွင် အသုံးပြုသောလမ်းမကြီး ဖြစ်ပါတယ်။ နေ့စဉ် ယာဉ်ကြီး ယာဉ်ငယ်မျိုးစုံ အဆက်မပြတ်သွားလာနေသော လမ်းမကြီးလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးစံပြကျေးရွာမှ မော်လမြိုင် လမ်းပိုင်းအထိ ဖောက်လုပ်ထားသော ၂ လမ်းသွားကားလမ်းကို ၄ လမ်းသွားကားလမ်းအဖြစ် တိုးချဲ့ ဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိသည်ဆိုပါလျှင် မည်သည့်အချိန်တွင် ဆောင်ရွက်ပါ မည်နည်း။ အစီအစဉ်မရှိလျှင် အဘယ်ကြောင့်ပါနည်းသိလို၍ မေးမြန်းပါသည်။
(ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ရွှေရဲ့ကိုယ်စား ဖြူးမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်က မေးမြန်းပါသည်။)
ရန်ကုန်-မော်လမြိုင်လမ်းမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးကျေးရွာကနေပြီးတော့ မွန်ပြည်နယ် မော်လမြိုင်အထိ လမ်းပိုင်းဟာ မိုင်တိုင် ၆၀ မိုင် ၄ ဖာလုံကနေပြီးတော့ ၁၈၈ မိုင် ၅ ဖာလုံအထိ စုစုပေါင်း မိုင် ၁၂၈ မိုင် ၁ ဖာလုံရှိတဲ့ အပိုင်းဖြစ်ပြီးတော့ ရွှေသံလွင်ကုမ္ပဏီကနေပြီးတော့ ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလမ်းရဲ့ မူလပိုင်ရှင်ကတော့ ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်တဲ့ အတွက် ဖြေကြား ပေးရခြင်း ဖြစ်ပါတယ်။ လမ်းများကို တည်ဆောက်တဲ့နေရာမှာ အခြေခံအချက်အလက်ပေါင်း များစွာ ရှိတဲ့အနက်မှာ အဓိကအခြေခံထားတဲ့ အချက် ၂ ချက်ကတော့ ပထမအချက်က ဒီလမ်းများပေါ်မှာ ယာဉ်များ များပြားစွာဖြတ်သန်းသွားလာတဲ့အခါမှာ အန္တရာယ်မဖြစ်စေရေးအတွက် လမ်းကိုချဲ့ပေး ရတာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လမ်းများပေါ်မှာ ဖြတ်သန်းသွားတဲ့ ယာဉ်များရဲ့အလေးချိန် ဟာ များပြားလာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ လမ်းရဲ့အထူကို မြှင့်ပေးရတာဖြစ်ပါတယ်။ ဒီအခြေခံ အချက်အလက်များအရ ကျွန်တော်တို့မှာ လမ်းချဲ့ဖို့အတွက် စံနှုန်းများသတ်မှတ်ထားတာ ရှိပါတယ် ခင်ဗျား။ အဲ့ဒီစံနှုန်းများကတော့ AADT လို့ခေါ်တဲ့ Annual Average Daily Travis ဆိုပြီးတော့ ကောက်ယူရတာဖြစ်ပါတယ်။ အဲ့ဒီလို ကောက်ယူတဲ့အခါမှာ ယာဉ် ၅၀ တစ်နေ့ ဖြတ်သန်း တဲ့ကားများအတွက် လမ်းအကျယ်ဟာ ၁၂ ပေ သတ်မှတ်ပါတယ်။ ယာဉ်ပေါင်း ၅၀ ကနေပြီးတော့ ၅၀၀ အထိ သတ်မှတ်တဲ့လမ်းတွေအတွက်ကို ၁၈ ပေ သတ်မှတ်ပါတယ်ခင်ဗျား။ တစ်ဖန် ယာဉ် ၅၀၀ ကနေပြီးတော့ ၂၅၀၀ အထိ ဖြတ်သန်းတဲ့လမ်းတွေအတွက်ကို ပေအကျယ် ၂၄ ပေ သတ်မှတ်တာ ဖြစ်ပါတယ်။ ယာဉ် ၂၅၀၀ အထက်သတ်မှတ်တဲ့ လမ်းတွေကိုတော့ လမ်းအကျယ် ၄၈ ပေ ၄ လမ်း သွားဆိုပြီးတော့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘုရားကြီးစံပြကျေးရွာကနေပြီးတော့ မော်လမြိုင်အထိ ဖြတ်သန်းသွားတဲ့ လမ်းတွေကို နှစ်ပိုင်းခွဲကြည့်မယ်ဆိုရင် ဘုရားကြီး-ကျိုက်ထို အပိုင်းမှာ ကျွန်တော်တို့ ကောက်ယူတဲ့စာရင်းအရ ယာဉ်ဖြတ်သန်းမှုဟာ တစ်နေ့မှာ ၁၁၉၅ စီး ဖြတ်သန်းလျက်ရှိတာကို တွေ့ရှိရပါတယ်။ ဒီ့အပြင် ကျိုက်ထို-သထုံ-မော်လမြိုင် အပိုင်းမှာလည်း ယာဉ်စီးရေကို ကောက်ခံတဲ့အခါမှာ တစ်နေ့ကိုပျမ်းမျှယာဉ်အစီး ၉၀၀ ဖြတ်သန်းလျက်ရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေအရ ကျွန်တော်တို့ကနေပြီးတော့ ရွှေသံလွင်ကုမ္ပဏီကို မူလ ၁၈ ပေလမ်းကနေပြီးတော့ ၂၄ ပေလမ်းအဆင့်အထိ တိုးချဲ့ပြီးတော့ ကတ္တရာလမ်းမဟုတ်ဘဲနှင့် နိုင်လွန်ကတ္တရာလမ်းအထိ တိုးချဲ့ ဆောင်ရွက်သွားဖို့ဆိုပြီး ညွှန်ကြားတဲ့အတွက် ဒီလမ်းကို ၂၀၀၉ ခုနှစ် ကပဲ တည်ဆောက်ခဲ့ပြီး ဖြစ်ပါ တယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ ဘုရားကြီးမှ မော်လမြိုင်အပိုင်းဟာ လက်ရှိ တစ်ရက်ပျမ်းမျှယာဉ်ဦးရေစာရင်း နည်းနေသေးပါတယ်။ အကယ်၍ ယာဉ်ဦးရေစာရင်းဟာ ၂၅၀၀ အထက်ကို ရောက်ရှိလာတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ ၂၄ ပေကတ္တရာလမ်းကနေပြီးတော့ ၄ လမ်းသွား ၄၈ ပေအကျယ် ကတ္တရာလမ်းအထိ ဆောင်ရွက်သွား ဖို့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီကို ညှိနှိုင်းဆောင်ရွက်အကြောင်းကြားမှာ ဖြစ်ပါတယ်ခင်ဗျား။ အထူး သဖြင့် ဝေါမြို့နယ်ဟာ ပဲခူးတိုင်းဒေသကြီးအတွင်းပါဝင်ပြီးတော့ မြို့တွင်းလမ်းအကျယ်ဟာ လုံလောက် တဲ့ ၂၄ ပေ ပြည့်မီပါသော်လည်း မြို့ကွက်အနေအထားအရ ဈေး၊ ကျောင်းစတဲ့ အဆောက်အဦတွေဟာ လမ်းမတန်းပေါ်မှာ တည်ရှိနေတဲ့အတွက် မူလကပင် လူသွားလမ်းရှုပ်ထွေးတဲ့မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီမြို့တွင်းပိုင်းမှာ ကျရောက်နေတဲ့ မိုင်တိုင် ၇၀ ကနေပြီးတော့ ၇၂ အတွင်း ၂ မိုင်ကို လည်းပဲ တစ်ဖက် ၃ပေစီ အကျယ်ချဲ့ပြီးတော့ ကျောက်ကတ္တရာခင်းပေးဖို့ ရွှေသံလွင်ကုမ္ပဏီကို ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း ဥက္ကဋ္ဌကြီးရဲ့ခရီးစဉ်မှာ ညွှန်ကြားခဲ့တဲ့ အတွက် ၂၀၁၃ ခုနှစ်၊ မတ်လအပြီးဆောင်ရွက်ဖို့အတွက် ရွှေသံလွင်ကုမ္ပဏီကပဲ တာဝန်ယူပြီးစတင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့အပြင် ဘုရားကြီးကနေပြီးတော့ မော်လမြိုင်လမ်းတစ်လျှောက်မှာရှိတဲ့ မြို့ကြီးများကိုလည်းပဲ ဝေါမြို့ကိုချဲ့သလိုပဲ လမ်းတစ်လျှောက်မှာ တစ်ဖက် ကို ၃ ပေစီ တိုးချဲ့ပြီးတော့ နောက်ထပ်အမာခံလမ်း ၃ ပေစီနဲ့ တစ်ဖက် ၆ ပေစီတိုးချဲ့ပြီးတော့ မြို့တွင်းအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းလည်း တင်ပြအပ်ပါတယ်။
ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီကနေပြီးတော့ အခု ၂၄ ပေ ကတ္တရာဆောင်ရွက်ခဲ့သော်လည်းပဲ ယာဉ်တစ်စီးနဲ့ တစ်စီးရှောင်တိမ်းရခက်တဲ့ အန္တရာယ်ရှိတဲ့ နေရာတွေဖြစ်တဲ့ လမ်းအကွေ့နေရာများမှာတော့ ဒီလမ်းတွေကို အန္တရာယ်ကင်းရှင်းရေးအတွက် ချဲ့ပေးဖို့ စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီ့အပြင် လမ်းသိပ်ကျဉ်းတဲ့နေရာတွေမှာလည်း လမ်း တာပေါင်ကို ချဲ့ပေးဖို့ဆိုပြီးတော့ ထပ်မံညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေသံလွင် ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ ညွှန်ကြားထားတဲ့အတိုင်း လမ်းအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက် နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်း ဖြေကြားပါသည်။
