(ခ)-လာမည့် ဘတ်ဂျက်နှစ်တွင် ဝန်ထမ်းများအား လစာတိုးပေးမည်ဟု ကတိပေးထားပြီးဖြစ်ရာ လစာ တိုးပေး ပြီးနောက် ငွေကြေးဖောင်းပွမှုမဖြစ်စေရန် မည်သည့် အစီအမံများ ချထားဆောင်ရွက်နေသည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၁.၂၀၁၃)

ပထမဦးစွာ ပြောကြားလိုတာက ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကျွန်တော်တို့ လွှတ်တော်ပြီးခဲ့တဲ့ ဘတ်ဂျက်အစည်းအဝေးမှာ ကျွန်တော်တို့ လွှတ်တော်ကနေပြီးတော့  ဝန်ထမ်းတွေ လစာမလုံလောက်တဲ့အတွက် လစာတိုးပေးဖို့ တောင်းဆိုခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့ နိုင်ငံတော်သမ္မတကြီးက လစာတွေတိုးပေးလို့ရှိရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီးတော့ ငွေကြေးဖောင်းပွမှုဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီဘတ်ဂျက်နှစ်မှာ မတိုးပေးနိုင်သေးဘဲ နောက်ဘတ်ဂျက်မှာ တိုးပေးပါ့မယ်လို့ ကတိပြုထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီး တော့ လွှတ်တော်ထဲကို အခုရောက်ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်အသစ်များလည်း သိရှိနိုင်ရန် အတွက် ကျွန်တော့်ရဲ့မေးခွန်းကို ပြည့်ပြည့်စုံစုံကျွန်တော်ဖတ်ကြားပါ့မယ်။ ဌာနဆိုင်ရာတာဝန်များကို ထမ်းဆောင်နေကြသော အစိုးရဝန်ထမ်းများသည် ရရှိသည့်လစာလွန်စွာနည်းပါးခြင်း၊ ချထားပေးသည့် ရုံးအသုံးစရိတ်နှင့်အခြားစရိတ်များ မလောက်ငှခြင်း၊ မိမိတို့ဌာနဆိုင်ရာ အထက်အရာရှိများ တာဝန် အရဖြစ်စေ လာရောက်လည်ပတ်လျှင် ဧည့်ခံစရိတ်ထောင်းခြင်းနှင့် အရည်အချင်းအလိုက်ရာထူး တိုးတက်မှုမရှိဘဲ အထက်သို့ လာဘ်ငွေပေးနိုင်သူများ၊ အကပ်ကောင်းသူများကသာ နေရာကောင်းရ ခြင်း၊ ရာထူးတိုးခြင်း၊ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်၍ အတိုင်အတောခံရလျှင် အထက်အဖွဲ့အစည်း သို့ သွားရောက်ထုချေရှင်းလင်းရသည့်အခါတွင်လည်း ငွေကြေးမြောက်မြားစွာကုန်ကျခြင်းစသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသဖြင့် ရိုးသားသော ဝန်ထမ်းအများစုမှာ စိတ်ဓာတ်ကျဆင်းလျက်ရှိ ကြောင်း သိရှိရပါသည်။ နိုင်ငံတော်သမ္မတကြီးသည် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု  လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ပြည်သူ လူထုကို ပြောကြားကတိပေးထားပြီး ဖြစ်ပါသည်။ သန့်ရှင်းသော အစိုးရဖြစ်စေရေးကိစ္စတွင် ပမာဏ ကြီးမားများပြားစွာ အလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်နေသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မှသာ အမြန်ထိရောက်မှု ရှိပါလိမ့်မည်။ ဥပမာအားဖြင်‌့ သွင်းကုန်၊ ထုတ်ကုန် များကို မမှန်မကန်စာရင်းပြမှု၊ လုံးဝအခွန်ရှောင်ကာ လာဘ်ပေးလာဘ်ယူပြုလျက် ကုန်သွယ်နေမှု၊ စီမံကိန်းကြီးများကို လုပ်ပိုင်ခွင့်ချထားပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုကုန်ကျနေခြင်း သို့မဟုတ် အရည်အသွေး ပြည့်မီ မှုမရှိခြင်းစသည့် ပြဿနာများကို ဆိုလိုပါသည်။ ထို့အပြင် ပြည်သူလူထုက ပေးဆောင်နေရ သော်လည်း နိုင်ငံတော်၏ဘဏ္ဍာတိုက်ထဲသို့ မရောက်ရှိသည့် အခွန်အခများမှာလည်း များစွာရှိနေ ပါသည်။ ဥပမာအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလုပ်ဆောင်ခကို ၆ ကျပ်သာသတ်မှတ်ထား သော်လည်း အမှန်တကယ်လုပ်ဆောင်သည့်အခါ ထို့ထက်မက အဆပေါင်းများစွာ ပေးနေရခြင်းမျိုး၊ မြေဂရန် သက်တမ်းတိုးရာတွင် အစိုးရသို့ ပေးဆောင်ရငွေမှာ ထောင်ဂဏန်းမျှသာရှိသော်လည်း အမှန်တကယ်ကုန်ကျငွေမှာ သိန်းဂဏန်းဖြစ်နေခြင်းမျိုး ဖြစ်ပါသည်။ ထိုသို့သော ယိုပေါက်များကို ကောင်းစွာ ပိတ်ဆို့ပြီး ရသင်‌့ရထိုက်သည့်အခွန်အခများကို ရအောင်ကောက်နိုင်မှသာလျှင် အစိုးရ ဘတ်ဂျက်တွင် ရငွေတိုးလာပြီး ဝန်ထမ်းများကို လုံလောက်သော လစာများ တိုးပေးခြင်း၊ ရုံးသုံးကုန်ကျ စရိတ်များကို အမှန်တကယ်ကုန်ကျသည့်အတိုင်း ချထားပေးနိုင်ခြင်း စသည့်ကိစ္စများကို ငွေကြေး ဖောင်းပွမှုမဖြစ်စေဘဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်စေရန်အတွက်လည်း အရည်အချင်းနှင့် ကျွမ်းကျင်မှုအလိုက် ရာထူးတာဝန်တိုးပေးသည့် စနစ်ကို တိတိကျကျလိုက်နာကျင့်သုံးခြင်းသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါသည်။ လာမည့် ဘတ်ဂျက်နှစ်တွင် ဝန်ထမ်းများအား လစာတိုးပေးမည်ဟု ကတိပေးထားပြီးဖြစ်ရာ ကျွန်တော် မေးမြန်း လိုသည်မှာ (၁) လစာတိုးပေးပြီးနောက် ငွေကြေးဖောင်းပွမှုမဖြစ်စေရန် မည်သည့်အစီအမံများ ချထား ဆောင်ရွက်နေသည်ကို သိရှိလိုပါသည်။ (၂) ကြီးကြီးမားမား အကျင့်ပျက်ခြစားမှုများ အဂတိလိုက်စား မှုများပပျောက်စေရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
အဖြေ

ငွေကြေးဖောင်းပွမှုကို မည်ကဲ့သို့အစီအမံများချမှတ်ပြီး ဆောင်ရွက်နေတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ လာဘ်ပေးလာဘ်ယူကိစ္စကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ မဆိုင်တဲ့အတွက်ကြောင့် ကျွန်တော်ပထမအချက်ကိုပဲ ဖြေသွားပါမယ်။ ပထမအချက် ဖြစ်တဲ့ ငွေကြေး ဖောင်းပွမှုကို မည်ကဲ့သို့ အစီအမံများ ချမှတ်ဆောင်ရွက်နေပါသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ လုပ်တဲ့လုပ်ထုံးလုပ်နည်းတွေ အတိုင်းပါပဲ။ ငွေကြေးဖောင်းပွမှုကို  နည်းလမ်းနှစ်မျိုးနဲ့ ဆောင်ရွက်နေပါတယ်။ ပထမနည်းလမ်းကတော့ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ နည်းလမ်းဖြစ်ပြီးတော့ ဒုတိယနည်းလမ်းကတော့ ငွေကြေးမူဝါဒဆိုင်ရာနည်းလမ်းဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာမူဝါဒအနေ နဲ့ အသုံးစရိတ်တွေ ဖြတ်တောက်တာ။ အခွန်တွေကို နှုန်းထားမမြှင့်ဘဲနဲ့ တိုးမြှင့်ရရှိအောင် ကောက်ခံ တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။  ဒီနည်းလမ်းကို ဆောင်ရွက်တဲ့အခါမှာလည်းပဲ သတိကြီးစွာ ထားပြီး ဆောင်ရွက်ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင် အခု အမေရိကန်နိုင်ငံမှာ ဘတ်ဂျက်လိုငွေတွေ ဖြတ်တောက်တာနဲ့ အခွန်တိုးမြှင့်ကောက်ခံတာကို ဥပဒေတွေပြဋ္ဌာန်းပြီး ဆောင်ရွက်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာ ဒီဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုဟာ ၁ ရက်ထဲသွား ဖြစ်တဲ့အတွက်ကြောင့် တစ်ပြိုင်နက်တည်းမှာ အမေရိကန်စီးပွားရေးမှာ လှည့်ပတ်သုံးစွဲနေတဲ့ ငွေတွေ ထဲကနေပြီးတော့ GDP ရဲ့ ၃.၅ ရာခိုင်နှုန်းလောက် လျော့သွားမှာ ဖြစ်တဲ့အတွက်ကြောင့် စီးပွားရေး နှောင့်နှေးမှုတွေ ဖြစ်တော့မယ်ဆိုပြီးတော့မှ ဘဏ္ဍာရေးချောက်ကမ်းပါးထဲကျတော့မယ် ဆိုပြီးတော့ ပွက်လောရိုက်သွားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို ဆောင်ရွက်တဲ့နေရာမှာလည်း သတိကြီးစွာ ထားပြီးတော့ ဆောင်ရွက်ရပါတယ်။ ငွေရေးကြေးရေးနည်းလမ်းအနေနဲ့ကတော့ (၁) က အတိုးနှုန်း တွေကို ထိန်းညှိတဲ့နည်းလမ်း၊ (၂)ကတော့  ဈေးကွက်ရဲ့ အ‌ခြေအနေလုပ်ဆောင်မှုကို ထိန်းညှိတဲ့ နည်းလမ်းနဲ့ (၃)က‌တော့ အရံရန်ပုံငွေတွေကို ထိန်းညှိတဲ့နည်းလမ်းကို သုံးပြီးတော့ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ အတိုးနှုန်းနဲ့ ပတ်သက်လို့လည်းပဲ နိုင်ငံတော်ရဲ့စီးပွားရေးအ‌ွခေအနေ ပေါ်မူတည်ပြီး တော့  အတိုးနှုန်းတွေကို ထိန်းညှိသတ်မှတ်ပေးပြီးတော့ ဆောင်ရွက်ပေးပါတယ်။ ဒီမှာလည်းပဲ သတိကြီးစွာထားပြီးတော့ ဆောင်ရွက်ရပါတယ်။ ခုန ကျွန်တော် တင်ပြခဲ့တဲ့အတိုင်းပဲ အဲဒီ စီးပွားရေး အကြီးဆုံးဆိုတဲ့ နိုင်ငံကြီးမှာပဲ ငွေဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းထားဖို့ဆိုပြီးတော့ အတိုးနှုန်းတွေကို    ၀ ရာခိုင်နှုန်းနီးပါး လျှော့ချတဲ့အခါမှာ စီးပွားရေးနောက်ကျမှု ဖြစ်မယ်ဆိုပြီးတော့ တလောက သတင်းတွေမှာ ပါလာပါတယ်။ ဒုတိယနည်းလမ်းဖြစ်တဲ့ ဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိန်းညှိတဲ့  နည်းလမ်းကိုလည်းပဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ  ချေးငွေအပ်ငွေတွေကို လေလံစနစ်နဲ့ လုပ်ဆောင်လာအောင် ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှစပြီးတော့  ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အရံရန်ပုံငွေနဲ့ပတ်သက်လို့ကတော့ ရန်ပုံငွေရဲ့ရည်မှန်းချက် ပမာဏ ကို သတ်မှတ်တာ၊ ငွေဖြစ်လွယ်မှုကိုသတ်မှတ်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုပြီးတော့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေဟာ တဖြည်း‌ဖြည်းလျော့ကျနေတဲ့အနေအထားကိုလည်း တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ဘတ်ဂျက်လိုငွေဟာ ၄.၉ ရာခိုင်နှုန်းက GDP နဲ့ ဘတ်ဂျက်လိုငွေ အချိုးဟာ ၄.၉ ရာခိုင်နှုန်းရှိတာက‌နေပြီးတော့မှ ၂၀၁၂-၂၀၁၃ မှာ ၃.၂ ရာခိုင်နှုန်းအထိ ကျဆင်း သွားတာကို တွေ့ရပါတယ်။ ကုန်ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင်လည်း ကုန်ဈေးနှုန်းတွေဟာ တန့်နေတဲ့သဘောများ တွေ့ရပါတယ်။ ဓာတ်ဆီဈေးနှုန်းလည်း တက်သွားတာကို မတွေ့ရပါဘူး။ ထို့အတူပဲ နိုင်ငံခြားငွေလဲလှယ်တဲ့နှုန်းတွေလည်း တန့်နေတဲ့သဘောကို တွေ့ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျော့နည်းအောင်  ဆောင်ရွက်တဲ့ အစီအမံ တွေဟာ တစ်စုံတစ်ရာသော အတိုင်းအတာအထိ ထိရောက်မှုရှိတယ်လို့တော့ သုံးသပ်နိုင်ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။

 ဦးရဲထွန်း(သီပေါမဲဆန္ဒနယ်)။               ။ ဒုတိယဝန်ကြီးက အခုလို ရှင်းလင်းပြသွားတဲ့အတွက် ငွေကြေးဖောင်းပွမှုပြဿနာနဲ့ပတ်သက်လို့တော့ သဘောတရားရေးရာအရ ဒါ ကျွန်တော်တို့ နားလည် သဘောပေါက်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထူးခြားချက်အနေနဲ့ ဒီသဘောတရားကို လက်တွေ့ ဘယ်လိုကျင်‌့သုံးမလဲဆိုတဲ့ အပိုင်းကို ဖြေကြားသွားတာ မရှိသေးပါဘူး။ နောက်တစ်ချက်အရေးကြီးတာ ဖြေကြားသွားတာမရှိသေးတဲ့အတွက် ကျွန်တော်ဖြေပါလို့ မတောင်းဆိုလိုပါဘူး။ သို့သော် နောက်တစ်ချက်အရေးကြီးတာက ကျွန်တော်တို့ အခုတင်ထားတဲ့ ဘတ်ဂျက်ထဲမှာ ဝန်ထမ်းတွေ အတွက် လစာတိုးပေးဖို့ ဆွဲထားတာများ ပါပါသလား။ ပါတယ်ဆိုရင်လည်း ဘယ်လောက်အတိုင်း အတာအထိ ကျွန်တော်တို့ တိုးပေးဖို့ စီစဉ်ထားပါသလဲဆိုတာ ဖြေကြားပေးပါခင်ဗျား။

 ဒေါက်တာမောင်မောင်သိမ်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။    ။ ကျွန်တော် ခုနက တင်ပြသွားတာကတော့ သဘောတရားတင်မကဘူး။ လက်တွေ့မှာလည်း အဲဒီအတိုင်းပဲ ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ ခုနက ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ဘတ်ဂျက်မှာပါ၊ မပါ ဆိုတာကတော့ အခုထက်ထိတော့ ဘတ်ဂျက်ထဲမှာ မပါပါဘူးခင်ဗျား။ ဆိုတော့ နောက်လုပ်မယ့် အစီအစဉ်ကိုတော့ ကျွန်တော်လည်း မသိပါဘူး။ သို့သော် လောလောဆယ်ဆယ်မှာတော့ မပါသေး ကြောင်း ရှင်းလင်း ဖြေကြားပါသည်။