(က)-စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ (၃) ခု နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၁.၂၀၁၃)

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် အမှတ် ၄၁၅/၄ အနီးရှိ လယ်မြေပေါ်တွင် မြေဂရန် သို့မဟုတ် လ/န ၃၉ မရှိဘဲ စက်သုံးဆီ အရောင်းဆိုင်ဆောက်လုပ်ဖွင့်လှစ် သိုလှောင်ရောင်းချနေသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သိပါသလား။ ယခင်ကလည်း အခြားနေရာများရှိ လယ်မြေပေါ်တွင် သက်ဆိုင်ရာရဲ့ခွင့်ပြုချက်မရဘဲ ကြိုတင်ဆောက်လုပ်ခဲ့ပြီး ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်များအား ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင်ရောင်းချရေးကော်မတီအနေဖြင့် ယခုအချိန်ထိ စစ်ဆေးအရေးယူ ပိတ်သိမ်းခြင်းမပြုဘဲရှိနေသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့် သိပါသလား။ ထို့ကြောင့် တရားဝင်ခွင့်ပြုချက်ရရှိပြီး စည်ပင်ခွန်၊ သိုလှောင်ခွန်၊ ရောင်းချခွင့်ခွန်၊ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် စသည်ဖြင့် အခွန်အခများပေးဆောင်လျက် တရားဝင်ရောင်းချ‌နေသည့် ဆိုင်များအနေဖြင့် ဈေးနှုန်း ယှဉ်ပြိုင်ရောင်းချရေးအတွက် အခက်အခဲများ ရှိနေသောကြောင့် ယင်းကိစ္စအပေါ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် မည်သို့အရေးယူ ဆောင်ရွက်ပေးပါမည်နည်းကို မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျွန်တော် ဦးထင်အောင်
အဖြေ

မေးခွန်း(က)နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၄၁၅/၄ အနီးရှိ လယ်မြေပေါ်တွင် မြေဂရန် သို့မဟုတ် လ/န ၃၉ မရှိဘဲ စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်ဖွင့်လှစ် သိုလှောင်ရောင်းချနေသည်ကို ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် သိပါသလားနှင့်ပတ်သက်၍ အဆိုပါနေရာတွင် စက်သုံးဆီအရောင်းဆိုင်သစ် တည်ဆောက်ဖွင့်လှစ်ဖို့ မည်သည့်ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီအဖွဲ့အစည်းကမှ စွမ်းအင်ဝန်ကြီးဌာန သို့ အဆိုပြုလျှောက်ထားခြင်းမရှိတဲ့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသိရှိပါ။ ယခုသိရှိချိန်တွင် အဆိုပါနေရာသို့ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာ Green Luck Trading Co.,ltd. မှ စက်သုံးဆီအရောင်းဆိုင် အသစ်တည်ဆောက်ဖွင့်လှစ်ဖို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြလျှောက်ထားဆဲဖြစ်ကြောင်းနှင့် ဝင်းခြံခတ်ပြီး အစပျိုးတည်ဆောက် မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး များမှာ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အသစ်များ တည်ဆောက်ဖွင့်လှစ်လိုပါက စွမ်းအင်ဝန်ကြီး ဌာနသို့ အောက်ပါအထောက်အထားများ ပူးတွဲပြီး အဆိုပြုလျှောက်ထားရပါတယ် -

(က)    သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊

(ခ)     မြေပိုင်ဆိုင်မှု အထောက်အထား၊

(ဂ)     စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်း၏ ထောက်ခံချက်၊ စာချုပ်စာတမ်း၊

ဒါ့ကြောင့် ဖော်ပြပါနေရာမှာ စက်သုံးဆီအရောင်းဆိုင်အသစ် တည်ဆောက်ဖွင့်လှစ်ဖို့ ဆောင်ရွက် နေခြင်းကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနမှ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

          ဆက်လက်ပြီး မေးခွန်း(ခ) ဖြစ်တဲ့ ယခင်ကလည်း အခြားနေရာများရှိ လယ်မြေ ပေါ်တွင် သက်ဆိုင်ရာရဲ့ခွင့်ပြုချက်မရဘဲ ကြိုတင်ဆောက်လုပ်ခဲ့ပြီး ဖွင့်လှစ်ရောင်းချနေတဲ့ စက်သုံးဆီ အရောင်းဆိုင်များကို ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်ရောင်းချရေးကော်မတီအနေဖြင့် ယနေ့အချိန်ထိ စစ်ဆေးအရေးယူပိတ်သိမ်းခြင်းမပြုဘဲရှိနေသည်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အနေနှင့် သိပါသလားနှင့် မေးခွန်း (ဂ) ဖြစ်တဲ့ ထိုသို့ခွင့်ပြုချက် တစ်စုံတစ်ရာမရှိသေးဘဲ တရားမဝင် ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကြောင့် တရားဝင်ခွင့်ပြုချက်ရရှိပြီး စည်ပင်ခွန်၊ သိုလှောင်ခွန်၊ ရောင်းချခွင့်ခွန်၊ ကုန်သွယ်ခွန်၊ ဝင်ငွေခွန်စသည့် အခွန်အခများပေးဆောင်လျက် တရားဝင်ရောင်းချနေသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းယှဉ်ပြိုင်ရောင်းချရေးတွင် အခက်အခဲများ ရှိနေသောကြောင့် ယင်းကိစ္စအပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် မည်သို့အရေးယူဆောင်ရွက် ပေးပါမည်နည်းတို့နှင့် ပတ်သက်လို့ စွမ်းအင်ဝန်ကြီးဌာနဟာ ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီကို ၁၁-၁၀-၂၀၁၁ ရက်နေ့မှစပြီး ဖွဲ့စည်းခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာလည်း ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီများကို ဆက်လက်ဖွဲ့စည်းကာ သက်ဆိုင်ရာဒေသအတွင်း တရားမဝင်စက်သုံးဆီအရောင်းဆိုင် တည်ဆောက် ဖွင့်လှစ်ရောင်းချနေတာကို စိစစ်စစ်ဆေးတွေ့ရှိပါက ရပ်ဆိုင်းပိတ်သိမ်းစေပြီးနောက် လိုအပ်သော ခွင့်ပြုချက်များကို စနစ်တကျတင်ပြလျှောက်ထားရယူစေပြီးမှသာ ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပမှ တရားမဝင်စက်သုံးဆီတင်သွင်းခြင်းနှင့် ပြည်တွင်းမှာ တရားမဝင်သယ်ယူသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းများကို တားဆီးထိန်းသိမ်းနိုင်ဖို့ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ စွမ်းအင်ဝန်ကြီးဌာနဟာ တည်ဆဲဥပဒေများဖြစ်တဲ့ ၁၉၃၄ ခုနှစ် ရေနံအက်ဥပဒေနှင့် ၁၉၃၇ ခုနှစ် ရေနံနည်းဥပဒေတို့ကို လက်ရှိအခြေအနေနှင့် ကိုက်ညီတဲ့ဥပဒေ နည်းဥပဒေများအဖြစ် ပြင်ဆင် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ဆဲဖြစ်ရာ အဆိုပါပြင်ဆင်တဲ့ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ပြီးပါက  တရားမဝင် ရောင်းချနေတဲ့ စက်သုံးဆီ အရောင်းဆိုင်များကိစ္စအပါအဝင် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ စနစ်တကျကြီးကြပ် ထိန်းသိမ်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

          ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။              ။ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ (ဃ)အရ ဆက်စပ်မေးခွန်းမေး ပါရစေ။ မေးခွင့်ပြုပါ။ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တစ်စုံတစ်ရာအရေးယူမှုတွေ ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်တွေကို သိရတဲ့အတွက် ကျေနပ်အားရမိပါတယ်။ ဒါပေမယ့် တစ်ကြိမ်ထဲမှာ ကျွန်တော်တို့ ဆက်လက်တင်ပြလိုတာက  ကျွန်တော် မေးခွန်းမေးတုန်းက ၄၁၅/၄ အနီးရှိ လယ်ယာ မြေပေါ်မှာ ရောင်းချတဲ့ တရားမဝင်ဆိုင်၊ ခုတော့ ကျွန်တော့်ဆီကို နောက်ထပ် ဓာတ်ပုံရောက်လာတာ က ၄၁၅/၄ ကို မပိတ်သိမ်းနိုင်သေးတဲ့အပြင် ၄၁၂ မှာလည်း လိုင်စင်မဲ့ ဇာမဏီစက်သုံးဆီဆိုင် ဖွင့်လှစ် ကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့ ပေးပို့လာပါတယ်။ အကယ်၍ ဒုတိယဝန်ကြီး အထောက်အထားများ ယူမယ်ဆိုပါကလည်း ကျွန်တော်ပေးပို့ရန် အဆင်သင့်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်ဆက်လက်မေးတဲ့ မေးခွန်းကတော့ ဒီ လ/န ၃၉ ခွင့်ပြုမိန့်မရှိဘဲနဲ့လည်း ဒီတစ်စုံတစ်ရာ အဆက်အသွယ်နဲ့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များကို နောက်ကြောင်းပြန်ပြီး ခွင့်ပြုမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကြီးမှာလည်း သက်ဆိုင်ရာကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းတဲ့အခါ မှာ တားဆီးပေးမယ်၊ အထက်ကိုတင်ပြပေးမယ်ဆိုပြီးတော့ မရေမရာတဲ့အဖြေတွေနဲ့ လုပ်ငန်းကြီး သမားများကို အကာအကွယ်ပေးနေတဲ့ကိစ္စကိုတော့ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဥပဒေပြင်ဆင်မှု မလုပ်ခင်ပင်လျှင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့ အစီအစဉ် ရှိပါသလား။ နောက်ထပ် ဆိုင်သစ် ၄၁၂ ကို ထပ်ဖွင့်တာကိုရော ဝန်ကြီးဌာနအနေဖြင့် သိပါသလားလို့ ရှင်းလင်း စေရန် မေးခွန်း မေးရခြင်းဖြစ်ပါတယ်။

          ဦးထင်အောင်(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)။             ။ ဦးသိန်းညွန့်ထပ်မံမေးကြားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့  မိုင်တိုင်အမှတ် ၄၁၂ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ခုန တင်ပြသွားသလိုပါပဲ။ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရတွေက ထောက်ခံချက်တွေ မြေပိုင်ဆိုင်မှုအထောက်အထားတွေနဲ့ စက်သုံးဆီရရှိနိုင်မယ့် ကုမ္ပဏီအဖွဲ့အစည်းထောက်ခံချက် စာချုပ်စာတမ်းတွေနဲ့ တင်ပြရပါတယ်။ ပထမပိုင်းမှာတော့ သူတို့ဟာသူတို့ သက်ဆိုင်ရာတိုင်းဒေသကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ မြေဘယ်နေရာမှာ ဆောက်ကြမယ် ဆိုတာကတော့ ဒါ တိုင်းဒေသကြီးအဆင့်မှာ ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးအနေနဲ့ ခွင့်ပြုနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို တင်ပြလာတဲ့အပေါ်မှာ စိစစ်ပြီးတော့၊ ကွင်းဆင်းစိစစ် ပြီးတော့ ခွင့်ပြုသင့်၊ မသင့်ဆိုတာကို ကျွန်တော်တို့ သိုလှောင်ခွင့်တို့၊ ရောင်းချခွင့်တို့စိစစ်ပြီးတော့ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တဲ့ ခွင့်ပြုမိန့်ကို ထုတ်ပေးပါတယ်။ နောက်ကြောင်း ပြန်ကိစ္စနဲ့ ပတ်သက်လို့လည်း  ပထမပိုင်းမှာ ပညာပေးကာလအနေနဲ့ အခုချိန်မှာတော့ ကျွန်တော်တို့ က အရေးယူတာကိုဦးစားမပေးဘဲနဲ့ စည်းရုံးပညာပေးခြင်းပုံစံနဲ့ နိုင်ငံတော်ကလည်း လိုအပ်နေတဲ့ စက်သုံးဆီအရောင်းဆိုင် နိုင်ငံတကာနဲ့ယှဉ်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်ဟာ အလွန်မှ နည်းပါးပါတယ်။ အဲဒါကိုလည်း ပိုမိုပြီးတော့ ပါဝင်ရောင်းချနိုင်အောင် ပြည်သူတွေလည်း အချိန်မရွေး၊ နေရာမရွေး၊ ဒေသမရွေးမှာ လွယ်လင့်တကူရောင်းချနိုင်အောင် စီမံ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ဥပဒေ၊ ရေနံဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ဆင်နေဆဲကာလမှာလည်း ကျွန်တော်တို့အနေနဲ့ အမိန့်ကြော်ငြာစာတစ်ရပ် ထုတ်ပြန်ပြီး တော့ အရေးယူဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒါကိုလည်း ဆောင်ရွက်နေပါတယ်ဆိုတဲ့အကြောင်း ရှင်းလင်းဖြေကြားပါသည်။