အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ နှစ်ရှည်စီမံကိန်းများဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။ နိုင်ငံတော်မှလည်း ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် ပြည်သူများကဏ္ဍစုံမှ ပူးပေါင်းပါဝင်လာနိုင်စေရန် ကောင်းမွန်သောမူဝါဒများချမှတ်ခဲ့ပါတယ်။ ယခုအခါအင်းလေးဒေသ တွင် သောက်သုံးရေသန့်ရရှိရေးအဖွဲ့၊ ချမ်းမြသာစည်ရပ် နဂါးပွက်ကျောင်း၊ အင်းလေးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ညောင်ရွှေ)၊ အဲဆားလူဂဲအဖွဲ့(ဂါလေး)၊ မေတ္တာရှင်နာရေးကူညီမှုအဖွဲ့(နန်းပန်)၊ မီးအိမ်ရှင်လူမှုကူညီရေးအဖွဲ့(သပြေပင်)စသည့် လူမှုရေးအဖွဲ့အစည်းများဖွဲ့စည်း၍ ဒေသအတွင်း အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိကြပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်မှုဖြင့်လည်း ပြည်သူ့ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဦးစီးအရာရှိများပါဝင်သော အင်းလေးဒေသလုံးဆိုင်ရာ ဒေသဖွံ့ဖြိုး ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်။ အင်းလေးကန်ထိန်းသိမ်းရေးအတွက် ဒေသခံ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နှစ်ရှည်စီမံကိန်းတစ်ခုကိုလည်း နော်ဝေနိုင်ငံအစိုးရရဲ့ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူ များရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးလိုတဲ့မေးခွန်းမှာ (၁) အင်းလေးကန် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေများကို မည်သို့သောအဖွဲ့အစည်းသို့ မည်ကဲ့သို့အတိုင်းအတာ ဖြင့်ချမှတ်၍ မည်သည့်နေရာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို ရှင်းလင်းစွာ သိလိုပါတယ်။ (၂) အင်းလေးကန်ဒေသအတွင်းရှိ လူမှုရေးအဖွဲ့များသို့ ရန်ပုံငွေတိုက်ရိုက်ချမှတ် သုံးစွဲနိုင်ခွင့်ရှိလျှင် မည်ကဲ့သို့သောစည်းမျဉ်း၊ စည်းကမ်းများဖြင့်ရန်ပုံငွေရရှိရေးကို လျှောက်လွှာ တင်သွင်းရမည်ကိုသိရှိလိုပါတယ်။ (၃) နိုင်ငံတော်၏မူဝါဒအရ ဗဟိုထိန်းချုပ်မှုလျှော့ချ၍ ဖွဲ့စည်း ထားရှိပြီးဖြစ်သော အင်းလေးဒေသလုံးဆိုင်ရာဒေသဖွံ့ဖြိုးရေးကော်မတီသို့ ရန်ပုံငွေအချို့ကို ခွဲဝေ သုံးစွဲခွင့်ပြုနိုင်၊ မပြုနိုင်သိရှိလိုပါကြောင်း မေးမြန်းပါသည်
အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ကုလသမဂ္ဂအစီအစဉ်ဖြင့် အမေရိကန်ဒေါ်လာ ၆ သိန်း၊ နော်ဝေနိုင်ငံအစိုးရမှအမေရိကန်ဒေါ်လာ ၂ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၆ သန်းဖြင့် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများအဖြစ် ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း၊ ရေနှင့် မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်း၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းဆိုင်ရာလုပ်ငန်းများစသည့်လုပ်ငန်းများကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စီမံချက်ကာလအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများကို ပင်းတယမြို့နယ်၌ကျေးရွာ ၁၇ ရွာ၊ ကလောမြို့နယ်၌ ၂၅ ရွာနှင့် ညောင်ရွှေမြို့နယ်၌ ၂၉ ရွာတို့တွင် ဆောင်ရွက်လျက်ရှိပါတယ်။ အင်းလေးကန်ရေရှည်တည်တံ့ရေးစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့အစည်းများအနေဖြင့် ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းမှအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စုစုပေါင်း ၁၂ ဖွဲ့ဖြင့် အဓိကလုပ်ငန်းကြီး ၅ ခု၊ အသေးစိတ်လုပ်ငန်းခေါင်းစဉ် ၇၀ ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
အင်းလေးကန်ထိန်းသိမ်းရေး၊ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုဆောင်ရွက်လိုသော အဖွဲ့အစည်းများသည် လုပ်ငန်းအလိုက်ဆောင်ရွက်မည့်အစီအမံများကို စီမံချက်နှင့်တကွ စီမံကိန်းအဆိုပြုလွှာများရေးဆွဲ၍ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း စီမံကိန်းနည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ (Technical Advisory Group) သို့ တင်ပြရပါတယ်ရှင်။ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ကိုလည်း အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးမှ အစိုးရများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်းတင်ပြအပ် ပါတယ်။
အင်းလေးဒေသလုံးဆိုင်ရာ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ ရန်ပုံငွေအချို့ကို ခွဲဝေသုံးစွဲခွင့်ပြုနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းရန်ပုံငွေအား ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (United Nations Development Program - UNDP) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်ရုံးမှကိုင်တွယ်၍စိစစ်ကြီးကြပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။ အစိုးရဌာနများမှတိုက်ရိုက်ထုတ်ပေးခြင်း မရှိဘဲ အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲမှုကော်မတီနှင့် UNDP တို့မှလုပ်ငန်းများကို စစ်ဆေးကြီးကြပ်ပေးခြင်းဖြင့်ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ လုပ်ငန်းရပ်အသီးသီးအလိုက် စီမံကိန်းအကောင်အထည်ဖော်ရေးဆောင်ရွက် နေကြသော ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းမှအစိုးရမဟုတ်သောအဖွဲ့အစည်း ၁၂ ဖွဲ့ သည်လည်း သက်ဆိုင်ရာလုပ်ငန်းအလိုက် ရန်ပုံငွေခွဲဝေသတ်မှတ်ထားချက်အရ ကော်မတီနှင့် UNDP တို့သို့တင်ပြအစီရင်ခံခြင်း၊ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးခြင်းများစသည့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို တိုးတက်အောင်မြင်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ သို့ပါ၍ အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းများအတွက် ရန်ပုံငွေကို နိုင်ငံတော်အစိုးရမှတိုက်ရိုက် ထိန်းချုပ်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ UNDP အပါအဝင် အင်းလေးကန်ပြန်လည်ထိန်းသိမ်းရေး၊ မွမ်းမံရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နေသောအဖွဲ့အစည်းများကသာ လုပ်ငန်းအလိုက်ဆောင်ရွက်သည့်ပမာဏ၊ ကုန်ကျသုံးစွဲမည့် ငွေကြေးကို စနစ်တကျတွက်ချက်ရေးဆွဲတင်ပြပြီး ၎င်းတို့ကိုယ်တိုင်အဆင့်ဆင့်စိစစ် ကြီးကြပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားသောကြောင့် အခြားအဖွဲ့အစည်းတစ်ခုခုသို့ ခွဲဝေသုံးစွဲခွင့် ပြုနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
