(က)-ထိုင်းနိုင်ငံရှိ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံ သားများနှင့် မြန်မာနိုင်ငံတွင် အကျဉ်းကျ ခံနေရသော ထိုင်းနိုင်ငံသားများ ကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၉.၃.၂၀၁၃)

(က)-ထိုင်းနိုင်ငံရှိ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ထိုင်းနိုင်ငံသားများကိစ္စနှင့်စပ်လျဉ်းသည့်မေးခွန်း

(က) ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် ဥပဒေချိုးဖောက်သဖြင့် ထိုင်းနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းချခံနေရသော မြန်မာနိုင်ငံသား အကျဉ်းသားဦးရေ မည်မျှရှိပါသနည်း။ (ခ) မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ထောင်ဒဏ်အပြစ်ပေးခံရပြီး အကျဉ်းကျနေသည့် ထိုင်းနိုင်ငံသား အကျဉ်းသားများရှိရာ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လွှတ်ပေးခဲ့သည့် ထိုင်းအကျဉ်းသားဦးရေ သည် ၃၀-၃-၂၀၁၀ ရက်နေ့နောက်ပိုင်းတွင် အရေအတွက်မည်မျှရှိပါသနည်း။ (ဂ) အဆိုပါ ထိုင်းနိုင်ငံ ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသော မြန်မာနိုင်ငံသား အကျဉ်းသားများအပေါ် ပြည်ထောင်စု အစိုးရအနေဖြင့် မည်ကဲ့သို့ ကူညီစောင့်ရှောက်မှုများရှိပါသနည်း။ (ဃ) ထိုင်းနိုင်ငံအကျဉ်းသားများကို မြန်မာအစိုးရက အကျဉ်းထောင်မှ လွှတ်ပေးခဲ့သလို ထိုင်းနိုင်ငံအကျဉ်းထောင်များ၌ အကျဉ်းကျနေ သည့် မြန်မာနိုင်ငံသားအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးပါမည်နည်းဆိုတဲ့ မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ထိုင်းနိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားစာရင်းရရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံရုံး ဘန်ကောက်မြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ညှိနှိုင်းဆက်သွယ်အကြောင်းကြားခဲ့တာ စုစုပေါင်းခန့်မှန်းခြေ ၃၀၀၀ ကျော်ခန့်ရှိကြောင်း သိရှိရပါတယ်။ မေးခွန်း(ခ)မှာပါတဲ့ မေးခွန်းနှင့်စပ်လျဉ်းလို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များအရ ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းဦးစီးဌာနက ပြန်လွှတ်ပေးခဲ့တဲ့ ထိုင်းနိုင်ငံသားအကျဉ်းသားအရေအတွက်ဟာ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကာလအတွင်း ကျား ၉၃ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၁၀၂ ဦးရှိပါတယ်။ မေးခွန်း(ဂ)မှာပါတဲ့ မေးခွန်းနှင့်စပ်လျဉ်းလို့ မြန်မာနိုင်ငံသား အကျဉ်းသားများရဲ့ မိဘဆွေမျိုးမိတ်ဆွေများ လာရောက်တွေ့ဆုံရာမှာ တွေ့ဆုံခွင့်ရရှိရေးအတွက် ထောက်ခံချက်ထုတ်ပေးခြင်း၊ အကျဉ်းသားများအား မြန်မာနိုင်ငံမှာရှိတဲ့ မိဘဆွေမျိုးများဆီကို ဖုန်း နှင့်ဆက်သွယ်အကြောင်းကြားနိုင်ရေးအတွက် ခွင့်ပြုချက်ရရှိဖို့ ထောက်ခံစာပြုလုပ်ပေးပို့ခြင်း၊ ဆေးဝါးကုသခွင့်ရရှိဖို့အတွက် ထောက်ခံချက်များ ပြုလုပ်ပေးခြင်း၊ ထိုင်းဘုရင်နှင့် မိဖုရားတို့ရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရှိရေးတို့အတွက် ထောက်ခံစာပြုလုပ်ပေးခြင်း၊ ထောင်ပြောင်းရွှေ့လိုတဲ့ အကျဉ်းသားများအတွက် ထောက်ခံချက်ပြုလုပ်ပေးခြင်း၊ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း ထောက်ခံ စာများပြုလုပ်ပေးခြင်း၊ အကျဉ်းသားတစ်ဦးစီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရရှိရေး အတွက် အကျဉ်းထောင်မှတစ်ဆင့် စာတိုက်မှ စာဖြင့်သီးခြားပေးပို့တောင်းဆိုခြင်းများ အတွက်ကို လည်း ထောက်ခံချက်များပြုလုပ်ပေးခြင်းတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံရုံး ဘန်ကောက် မြို့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။ မေးခွန်း(ဃ)မှာပါတဲ့ မေးခွန်းနှင့်စပ်လျဉ်း ပြီးတော့ မြန်မာနိုင်ငံသားအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရရှိရေးတို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံရုံးက ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနများကို တရားဝင်ရုံးစာများနဲ့ အကြောင်းကြားပေးပို့တဲ့ မေတ္တာရပ်ခံခဲ့တဲ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဟာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တို့မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ကို သွားရောက်တွေ့ဆုံပြီး တင်ပြတောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အစဉ်အလာအရ ထိုင်းဘုရင်နှင့် မိဖုရားတို့ရဲ့ မွေးနေ့အခါသမယ ဒီဇင်ဘာ ၅ ရက်နှင့် သြဂုတ်လ ၁၂ ရက်နေ့တို့မှာ ထိုင်းလူမျိုး များအပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်များမှာ ပြစ်ဒဏ်အသီးသီးကျခံနေရသူများ ကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းများနှင့် လွတ်ငြိမ်းချမ်းသာခွင့်များပေးခြင်းကို အခါအားလျော်စွာ ပြုလုပ် ပေးလျက်ရှိပါတယ်။ ယခုအခါ မြန်မာနိုင်ငံသားအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ ခွင့်ပြုချက်ရရှိရေးတို့အတွက် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ဆက်လက်တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပြီး ထိုင်းနိုင်ငံ ဘုရင့်တော်ဝင်နန်းတော်ကို ဆက်လက်တင်ပြနိုင်ရေး စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဘုရင့်တော်ဝင်နန်းတော်ရဲ့ အတည်ပြုချက်ကိုရယူပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့်တရားဝင်အမိန့်များ ထုတ်ပြန်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းကျ နေကျတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားများလွတ်မြောက်ရေး၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရှိရေးနှင့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ခွင့်များ ရရှိရေးတို့အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပြင် သံတမန်နည်းလမ်းအရပါ စဉ်ဆက်မပြတ်ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တစ်ဆက်တည်းမေးချင်တဲ့အချက်ကတော့ ခုနက တရားဝင် လမ်းကြောင်းက အကျဉ်းသားဦးရေဟာ ၃၀၀၀ ကျော်လို့ ဖော်ပြပေမယ့် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေ INGO တွေရဲ့ စာရင်းတွေမှာတော့ ၁၀၀၀၀ ကျော်လို့ ခန့်မှန်းနေကြပါတယ်။ ဘာဖြစ်ဖြစ် အခုမြန်မာနိုင်ငံသားအကျဉ်းသားတွေကို သံရုံးကထောက်ခံချက်ပေးတဲ့အတွက် နှစ်ပတ် တစ်ကြိမ် ဖုန်းနဲ့ပြောခွင့် အရင်တုန်းကမရတဲ့အခွင့်အရေး အခုရလာတဲ့အတွက် ဒါကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။ တစ်ဆက်တည်း ကျွန်တော် မေးချင်တဲ့ အချက်အလက်ကတော့ ဒီအကျဉ်းသားတွေရဲ့ ကယ်တင်ရှင်ဟာ ဒီနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစိုးရအနေနဲ့ အမေရိကန်တို့၊ ဥရောပနိုင်ငံတွေ တို့ အိမ်နီးချင်းဖြစ်တဲ့ လာအိုတို့၊ ကမ္ဘောဒီးယားတို့တောင် ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံအကျဉ်းသား လဲလှယ် ရေးစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ အဲ့ဒါကြောင့် ပြစ်မှုကြီးရင် ၈ နှစ်၊ ပြစ်မှုသေးရင် ၄ နှစ် အဲ့ဒီ ထောင်ထဲမှာ အပြစ်ကင်းစင်ပြီးရင် မိမိနိုင်ငံကို ပြန်လာခွင့်ရခဲ့ပါတယ်။ အဲ့ဒီလိုအခွင့်အရေး ရနိုင်ဖို့ အတွက် ထိုင်းနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေးစာချုပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ချုပ်ဆိုဖို့ အစီအစဉ်ရှိပါသလား။ ရှိရင်လည်း မည်သည့်ကာလ လောက်မှာ ချုပ်ဆိုမည်ဖြစ်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း

ထိုင်းနိုင်ငံနှင့်ပတ်သက်လို့ ကတော့ နှစ်နိုင်ငံအကျဉ်းသားဖလှယ်တဲ့ စာချုပ်ကို ချုပ်ထားခြင်းမရှိပါဘူး။ နောက်ထပ်ချုပ်ဆိုဖို့ အစီအစဉ်နှင့်ပတ်သက်ပြီးတော့ နောက်မှပဲ ပြန်လည်တင်ပြပါမယ်။

ဥက္ကဋ္ဌ။           ။ နိုင်ငံခြားရေးဝန်ကြီးဌာန တက်ရောက်တဲ့အတွက် အကျဉ်းသားအရေအတွက် မှန်ကန်စွာရရှိနိုင်ရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မည်သို့မည်ပုံ ဒီကိစ္စများဆောင်ရွက်လျက်ရှိ သည်ကို လွှတ်တော်က သိရှိနိုင်အောင် ရှင်းလင်းနိုင်လျှင် ရှင်းလင်းပေးဖို့ ဖိတ်ခေါ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်

အကျဉ်းသားများဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် နေမှုများကို အကျဉ်းချုံးတင်ပြလိုပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ မည်သည့်နိုင်ငံမှာဖြစ်စေ မိမိနိုင်ငံရဲ့ အကျဉ်းသားများ ဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုတာကို သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနများ ကနေ တစ်ဆင့် စုံစမ်းမေးမြန်းပြီးတော့ ဆောင်ရွက်တဲ့နည်းလမ်းတစ်ရပ်ရှိပါတယ်။ နောက်တစ်ချက်ကတော့ သက်ဆိုင်ရာနိုင်ငံများမှာ ပြစ်မှုကျူးလွန်တဲ့အတွက် ဥပဒေချိုးဖောက်မှုများရှိတဲ့အတွက် ဖမ်းဆီးအရေး ယူထားပါတယ်ဆိုပြီးတော့မှ သက်ဆိုင်ရာ နိုင်ငံများရဲ့ ပြည်ထဲရေးဝန်ကြီးဌာနများကနေတစ်ဆင့် သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အဲ့ဒီက သက်ဆိုင်ရာ သံရုံးများ၊ မြန်မာနိုင်ငံသံရုံးများကို လာရောက်ပြီးတော့ မှ မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ဖို့၊ ဒီလူတွေရဲ့ တရားစီရင်မှုကို လာရောက်ပြီးတော့ နားထောင်မှု စသည်ဖြင့် အသီးသီးဆက်သွယ်ဆောင်ရွက်လေ့ရှိပါတယ်။ တစ်နိုင်ငံချင်း ဆောင်ရွက်ချက်များ ကတော့ တူညီလေ့မရှိပါဘူး။ နောက် အဲ့ဒီနိုင်ငံများမှာ ပြည်ပနိုင်ငံများမှာ ထုတ်လုပ်တဲ့ သတင်းစာများ ကနေပြီးတော့တစ်ဆင့်လည်း မြန်မာနိုင်ငံသားဟုယူဆရသော ပုဂ္ဂိုလ်များကို ဒီအမှုနဲ့ ဒီလိုဖမ်းဆီး တယ်၊ ဒီလိုအရေးယူဆောင်ရွက်တယ်စသည်ဖြင့် ဒီနည်းလမ်းနဲ့လည်း ရှာဖွေပြီးတော့မှ သိရှိတဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနကနေပြီး တော့မှ မေးမြန်းပြီးတော့မှ စာရင်းများကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့အနေနဲ့ တရားဝင်မေးမြန်းပြီးတော့မှရလာတဲ့ အကျဉ်းသားဦးရေကိုပဲ ရယူ ရလေ့ရှိပါတယ်။ နောက်တစ်ခါ အဲ့ဒီအကျဉ်းသားများဟာ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်ဆိုတဲ့ဟာကို Counsellor  Accept လို့ခေါ်တဲ့ ကောင်စစ်အရာရှိကနေပြီးတော့မှ သက်ဆိုင်ရာအကျဉ်းထောင် များကို သွားရောက်တွေ့ဆုံပြီးတော့မှ မြန်မာနိုင်ငံသားဟုတ်၊ မဟုတ်ပုံစံများနှင့် မေးမြန်း၊ မြန်မာနိုင်ငံသားဟုတ်ကြောင်းကိုလည်း ကျွန်တော်တို့နိုင်ငံကို ပြန်လည်ပို့ပြီးတော့မှ သူရဲ့ နေရပ်လိပ်စာ၊ ဆွေမျိုးသားချင်းအစ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ တစ်ဆင့် မေးမြန်းအတည်ပြုပြီးတော့မှ မြန်မာလိုလည်းပြောတတ်တယ်။ တိုင်းရင်းသားဘာသာ တစ်ခု ခုလည်း ပြောတတ်တယ်။ အဲ့ဒီလိုဆိုရင် မြန်မာနိုင်ငံသားဖြစ်နေတယ်။ ဘယ်ရွေ့ဘယ်မျှပြစ်ဒဏ် ကျခံရမယ်။ ဘယ်တော့လွှတ်မယ်ဆိုတဲ့ စာရင်းဇယားများအားလုံး ရယူပြီးတော့မှ အတည်ပြုပါတယ်။ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံအခြေအနေနဲ့ကတော့ အကျဉ်းသားဦးရေ ခန့်မှန်း ၃၀၀၀ ကျော် ဆိုတဲ့ဟာက ပြစ်ဒဏ်ကျခံပြီး လွတ်သွားတာရှိတယ်။ ထပ်မံဖမ်းဆီးပြီးတော့မှ အရေးယူတာရှိနေတဲ့ အတွက် တည်ငြိမ်မှုတော့မရှိပါဘူး။ အဲ့ဒါလည်း သူရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သံရုံးကို အကြောင်းကြားမှပဲသိရှိရပြီးတော့မှ သိရှိတယ်ဆိုရင်လည်း သံရုံးများကသွားရောက်ပြီးတော့ Accept လုပ်ထားတဲ့ ဟာမျိုးဖြစ်ပါတယ်။ ကျန်တဲ့ Accept လုပ်ထားခြင်းမရှိတဲ့ကိစ္စများ ခန့်မှန်းထားတဲ့ ဦးရေ များကိုတော့ သိရှိနိုင်ခြင်းမရှိဘဲနှင့် ဘယ်လောက်ရှိတယ်ဆိုတဲ့ဟာကို ထပ်မံမေးမြန်းပြီးတော့မှ တိတိ ကျကျ ဒေသခံများက စာရင်းရတယ်ဆိုလို့ရှိရင် စာရင်းရတဲ့အနေနဲ့တိုက်ရိုင် စစ်ဆေးကြည်‌့ရှုပြီး တော့မှသာလျှင် ကျခံနေရတဲ့ အကျဉ်းသားဦးရေကို အတိအကျသိနိုင်မှာပဲ  ဖြစ်ပါတယ်။ အကျဉ်းသား လဲလှယ်ရေး ကိစ္စများနှင့်ပတ်သက်ပြီးတော့မှ နှစ်နိုင်ငံသဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးတော့မယ်၊ သဘောတူလက်ခံမယ်ဆိုလို့ရှိရင် စာချုပ်ရဲ့ အကျိုးသက် ရောက်မှု အပေါ်မှာ မူတည်ပြီးတော့မှ အများနည်းတူဆောင်ရွက်တာရှိသလို ကိုယ့်နိုင်ငံနဲ့ ဆီလျော်မယ့် ဆက်စပ်မယ့်ကိစ္စရပ်များအတွက် နှစ်နိုင်ငံသဘောတူညီမှုများရယူပြီးတော့မှချုပ်ဆို ဆောင်ရွက်လေ့ ရှိပါတယ်။ ဒီလိုမချုပ်ဆိုခင်မှာ နှစ်ဦးနှစ်ဖက်မည်သည်‌့နိုင်ငံကစပြီးတော့မှ  Propose လုပ်ပြီးတော့မှ  ဒါကို မူတည်ပါတယ်။ ကိုယ့်နိုင်ငံအတွက်၊ အများအကျိုးစီးပွားအတွက် ကာကွယ်ချင်တယ်ဆိုရင် ကိုယ့်နိုင်ငံက ဒီလိုဒီလိုတော့ဆောင်ရွက်ချင်တယ်ဆိုတာကို တစ်ဖက်နိုင်ငံကို အဆိုပြုပါတယ်။ အဆိုပြုပြီးတော့မှ တစ်ဖက်နိုင်ငံကလည်း သက်ဆိုင်ရာဥပဒေများနဲ့ တရားနည်းလမ်းကျ၊ မကျ၊ အဖွဲ့အစည်းများရဲ့ လိုက်နာဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိဆိုတဲ့ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြီးတော့မှ နှစ်ဦးနှစ်ဖက် သဘောတူတယ်ဆိုလို့ရှိရင်တော့ စာချုပ်အဆင့်ကိုရောက်ဖို့အတွက် အခြေခံ MOU များ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ဥပဒေပညာရှင်များနှင့်တိုင်ပင်ပြီးတော့မှ နှစ်ဦး နှစ်ဖက်သဘောတူညီနိုင်တဲ့အထိ အဆင့်ဆင့်လေ့လာသုံးသပ်ပြီးတော့ ဆက်လက်ဆောင်ရွက် သွားလေ့ရှိကြောင်းနှင့် ဒီလိုပဲဆောင်ရွက်နေကြောင်း ရှင်းလင်းဖြေကြားပါသည်။