(ဇ)-သာစည်မြို့နယ်၊ ညောင်ရမ်း-မင်းလှကန်၏ အထက်မှာရှိသော ညောင်တိုကွင်း၊ သမန်းကန်ကွင်း၊ ဇီးတောကွင်း၊ ကြက်မောက်ကွင်း၊ သာစည်လေးကျောင်းရွာကွင်း များအတွင်းရှိ လယ်မြေများ စိုက်ပျိုးရေ ရရှိရေးအတွက် မူလ လျာထားသတ်မှတ်ခဲ့သော ရဲဘော်ဆည်နေရာတွင် ဆည်ပြန်လည် တည်ဆောက်ပေးနိုင်ရေး အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
သာစည်မြို့နယ် ကြက်မောက်အုပ်စုတွင် မိတ္ထီလာမြို့နယ်နှင့်ထိစပ်နေသောနေရာ၌ ရဲဘော်ဆည်ဟုအမည်တွင်သော ဆည်တစ်ခုရှိခဲ့ပါတယ်။ ၎င်းဆည်ကြောင့် တောင်သူများ နှစ်စဉ်စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ကာလကြာမြင့်သည့်အလျောက် ပြုပြင်ရန်လိုအပ်မှုများရှိလာသည့်အတွက် ဆည်မြောင်းဦးစီးဌာနသို့ တင်ပြအကူအညီတောင်းခံရာ တွင် တာဝန်ရှိသူများမှ လာရောက်ကွင်းဆင်းတိုင်းထွာကြောင်း သိရှိခဲ့ရပါတယ်။ ဒါပေမယ့် တောင်သူတစ်ဦး တစ်ယောက်မည်သို့မည်ပုံတားဆီးလိုက်သည်ကို မသိရဘဲ ၎င်းနေရာမှအောက်ဘက် ကိုက် ၅၀၀ ခန့် အကွာတွင် ဇီးတောဆည်ဟု အမည်ပေးပြီး ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ် ရေများလာတဲ့အခါမှာ အဆိုပါဆည်ဟာ ကျိုးပျက်ပျက်စီးခဲ့ပါတယ်။ ထိုသို့ ဖြစ်ရခြင်းမှာ ဇီးတောဆည်ဟာ မူလရဲဘော်ဆည်ထက်အနိမ့်ပိုင်းသို့ ရောက်သွားခြင်းကြောင့် ဖြစ်တယ် လို့ သိရပါတယ်။ လက်ဝဲလက်ယာရေနုတ်မြောင်းဟာ မြင့်နေသောကြောင့် ရေထွက်နိုင်ခြင်းမရှိဘဲ စီးလာသည့်ရေဝဲဂယက်ရိုက်ပြီး ဆည်၏လက်ရမ်းများကို ကျိုးပျက်စေခဲ့ပါတယ်။ ဇီးတောဆည် ရှေှ့ပြောင်းတည်ဆောက်မှုကြောင့် အကျိုးပြုနိုင်မည့်ဧကမှာ ၂၈၁ ဧကဖြစ်ပြီး ၎င်းဆည် ၏ပထဝီ မြေအနေအထား ရေစီးရေလာအနေအထားများမှာ သဘာဝနှင့်ဆန့်ကျင်နေပါတယ်။ ကောင်းကျိုး ထက်ဆိုးကျိုးများနေပါသဖြင့် မူလရဲဘော်ဆည်နေရာတွင် ပြန်လည်ပြုပြင်တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။
မိတ္ထီလာတောင်ကန် ရေကျော် ၇ပေါက်မှ ထုတ်လွှတ်သော ပိုလျှံရေများအား ချောင်းမမြောင်း တစ်လျှောက် ညောင်မြင့်ရေလွှဲဆည်၊ နုံးရာရေလွှဲဆည်၊ သင်းဝင်ရေလွှဲဆည်၊ အုတ်ဖိုရေလွှဲဆည် စသည့် ရေလွှဲဆည် အဆင့်ဆင့် တည်ဆောက်၍ မိတ္ထီလာမြို့နယ်အတွင်း စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပြီး ကျန်ပိုလျှံရေဖြင့် သာစည်မြို့နယ်အတွင်း စိုက်ပျိုးရေပေးဝေနိုင်ရန် ဇီးတောဆည်ကို ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ပေးခဲ့ပါတယ်။ ရဲဘော်ဆည်မှာ ဇီးတောဆည်၏ အထက်ဘက် ပေ ၅၀၀ ခန့်တွင် တောင်သူများမှ ချောင်းအားသဲအိတ်ဖြင့်ပိတ်၍ ပင်းတားပြီး စိုက်ပျိုး ရေရယူသော ပင်းတားဆည် တစ်ခုဖြစ်ပါတယ်။ ၎င်းနေရာ၌ ရေလွှဲဆည်တည်ဆောက်ရန် လျာထားခဲ့ သော်လည်း စူးစမ်းလေ့လာမှုအရ ချောင်းအတွင်းသဲထုမှာ ၁၅ ပေ အထက်ကျော်လွန်တည်ရှိပြီး လက်ဝဲဘက်ရေပေးမြောင်းတည်ဆောက်ရန် ဖြစ်နိုင်စွမ်းမရှိသဖြင့် ရဲဘော်ရေလွှဲဆည်ကို မတည် ဆောက်ခဲ့တော့ဘဲ အဆိုပါရေလွှဲဆည်တည်ဆောက်ရန် လျာထားသည့်နေရာ၏ အောက်ဘက်ပေ ၅၀၀ ခန့်အကွာ သဲထုအပါးဆုံးနေရာတွင် ဇီးတောဆည်ကိုတည်ဆောက်ခဲ့ပြီး လက်ဝဲလက်ယာ ရေပေး မြောင်းများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ရဲဘော်ရေလွှဲဆည်မှာ ဖြစ်မြောက်နိုင်စွမ်းမရှိသဖြင့် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်မရှိပါကြောင်း လေးစားစွာဖြေကြားပါသည်။
