မြန်မာနိုင်ငံရဲ့ ပြည်သူအများစုဟာတောင်သူလယ်သမားများနဲ့ အလုပ်သမားများ ဖြစ်ကြပါတယ်။ တောင်သူလယ်သမားများနှင့်အလုပ်သမားများဟာ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ ကုန်ထုတ်လုပ်မှုအတွက် အဓိကစွမ်းဆောင်ပေးနေကြသူများဖြစ်ကြပါတယ်။ ဒါ့ကြောင့်၎င်းတို့ဟာ နိုင်ငံတော်ရဲ့အဓိကကျသော အခြေခံလူတန်းစားများဖြစ်ကြပါတယ်။ ယနေ့ နိုင်ငံတော်က ဖော်ဆောင်ကျင့်သုံးနေတဲ့ ဒီမိုကရေစီလမ်းစဉ်အတွက်လည်း အခြေခံလူတန်းစားများရဲ့ မိသားစုဘဝများ အဆင်ပြေလုံခြုံစွာရပ်တည်နိုင်မှသာ ရည်ရွယ်ချက်ဖြစ်တဲ့ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ၂၄ မှာလည်း နိုင်ငံတော်သည်အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဟု တိတိကျကျ ပြဋ္ဌာန်းထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှလည်း ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တောင်သူ လယ်သမား၊ အလုပ်သမားများအား ကာကွယ်သည့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းဆောင်ရွက်ရန် လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ကျွန်တော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားများနှင့် ပတ်သက်၍ လက်တွေ့ဖြစ်စဉ်များအချို့ကို အနည်းငယ်တင်ပြလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တောင်သူ လယ်သမားများဟာ ရာသီဥတုအခြေအနေဖောက်ပြန်မှု၊ ထွက်ကုန်သီးနှံများရဲ့ ဈေးနှုန်းနည်းပါးမှု၊ စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ လုပ်အားခ၊ သွင်းအားစုဈေးနှုန်းများ မြင့်မားမှုတို့ကြောင့် ရင်းနှီး စိုက်ထုတ်မှုနဲ့ ရရှိသည့်အကျိုးအမြတ်များ မကာမိဘဲ အရှုံးနဲ့ရင်ဆိုင်နေရတဲ့အတွက် တစ်ရာသီပြီး နောက်တစ်ရာသီစိုက်ပျိုးနိုင်ရန် ရင်းနှီးငွေကိုမစိုက်ထုတ်နိုင်တော့ဘဲ အတိုးကြီးကြီးနဲ့ ရတဲ့နေရာက ချေးငှားစိုက်ပျိုးနေရပါတယ်။ ဒီလိုစိုက်ပျိုးတဲ့နေရာမှာလည်း ပြည့်စုံလုံလောက်မှုမရှိတဲ့အတွက် သွင်းအားစုနဲ့လုပ်အား အပြည့်အဝအသုံးမပြုနိုင်တဲ့အတွက် ထွက်ရှိလာတဲ့သီးနှံများဟာ ဈေးကွက်ဝင် အရည်အချင်းမမီခြင်း၊ ပန်းတိုင်အထွက်နှုန်းမရရှိခြင်းတို့ကြောင့် အကျိုးအမြတ်မရှိဘဲ အရှုံးနှင့်ထပ်မံ ရင်ဆိုင်ကြရပြန်ပါတယ်။ ဒီအချိန်မှာချေးယူထားတဲ့ငွေများ အပေါ်မှာလည်း အတိုးကတက်လာပြန်တဲ့ အတွက်ရှိတဲ့လှည်း၊ နွားရောင်းဆပ်ရပြန်ပါတယ်။ ဒီလိုနဲ့သံသရာလည်ပြီး သူတို့ဘဝဟာ တိုးတက် မလာတော့ဘဲ မိသားစုဘဝရပ်တည်ဖို့အတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အကြောင်း အမျိုးမျိုးနဲ့ လယ်ယာမြေများ ဆုံးရှုံးရမှုကြောင့်လည်း ဘဝရပ်တည်မှုပျက်သွားကြရတာကိုလည်း တွေ့နေရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် သားသမီးတွေရဲ့ပညာသင်ကြားရေးအတွက် မတတ်နိုင်တော့လို့ ပညာတစ်ပိုင်းတစ်စနဲ့ ဆက်လက်သင်ယူနိုင်ခွင့်မရှိတော့ဘဲ မိသားစု ဘဝဝမ်းစာအတွက် ရရာအလုပ်ဝင်လုပ်နေရတဲ့ အခြေအနေမျိုး ရောက်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတော် အတွက်လည်း အလွန်နစ်နာလှပါတယ်။ အလုပ်သမားများရဲ့ဘဝကို လေ့လာရာမှာလည်း ရရှိတဲ့လုပ်ခနဲ့ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေမမျှတမှု၊ နေရေးထိုင်ရေး အဆင်မပြေနိုင်မှု၊ အလုပ်ချိန် နှင့် လုပ်ခလစာမမျှတမှုများ စတဲ့အခက်အခဲများကြောင့် ရရှိတဲ့ဝင်ငွေဟာ မိသားစုထံမပို့နိုင်တော့ဘဲ မိမိတစ်ဦးတည်းရဲ့ဘဝ ရပ်တည်မှုအတွက်ပဲ ခက်ခဲလျက်ရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ခက်ခဲမှုကြောင့်လည်း ရရာအလုပ်ကိုရသလောက် လုပ်ခနဲ့ ဝင်ရောက်လုပ်ကိုင်ကြရတဲ့အတွက် စားဝတ်နေရေးအတွက်ပင် ပြည့်စုံလုံလောက်မှုမရှိဘဲ လူမှုဘဝများ နိမ့်ပါးလျက်ရှိတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ထို့ကြောင့် တောင်သူလယ်သမားများနှင့် အလုပ်သမားများရဲ့ အကျိုးစီးပွားနဲ့ ဘဝရပ်တည်မှုများ လုံခြုံပြည့်စုံမှုရှိအောင် ကာကွယ်တဲ့ဥပဒေ များရှိရန်အတွက်လိုအပ်ပါတယ်။ ဒါ့ကြောင့်ကျွန်တော် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ကျွန်တော်တို့ နိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့ တောင်သူလယ်သမား များနှင့် အလုပ်သမားများအား ကာကွယ်သည့် ဥပဒေများသည် ပြည့်စုံလုံလောက်အောင် ကာကွယ်ပေးနိုင်ခြင်းရှိ/မရှိ ပြန်လည်သုံးသပ်ပြီး ကာကွယ် ပေးနိုင်ခြင်းမရှိသည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဥက္ကဋ္ဌ ။ ။ လယ်ဝေးမဲဆန္ဒနယ်မှ ဦးဌေးဝင်း မေးမြန်းချက်နဲ့ ဦးအောင်မြသန်း ညောင်တုန်းကမေးတဲ့ မေးခွန်းများ တချို့ဆက်စပ်ပြီးတော့ဖြေကြားရမှာ ဖြစ်ပါတယ်။ ဦးအောင်မြသန်း မေးလိုသည့် မေးခွန်းအနှစ်ချုပ်က တောင်သူလယ်သမားများ၏ အသံ၊ တောင်သူလယ်သမားများ၏ ဆန္ဒဖြစ်သည့် တောင်သူလယ်သမားများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာမြေများ ဓာတ်ခွဲစမ်းသပ်နိုင်ရေး ဆောင်ရွက်ပေးရန်၊ မျိုးကောင်းမျိုးသန့် အထွက်နှုန်းကောင်းပြီး ဒေသနှင့် ကိုက်ညီသည့် မျိုးစေ့များအဖြစ် သုတေသနထုတ်လုပ်ဖြန့်ဖြူးပေးရန်၊ လယ်ယာမြေဥပဒေနှင့်အညီ ဘဏ်များမှ လုံလောက်သောချေးငွေခွင့်ပြုရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အာမခံသည့် ပိုးသတ်ဆေး ဥပဒေအဖြစ် ဖော်ဆောင်ပေးရန်၊ စိုက်ပျိုးရေးနည်းပညာ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေး ရန်၊ သီးနှံများသင့်တင့်မျှတသည့် တန်ဖိုးရရှိအောင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ် ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီလိုမေးမြန်းတဲ့နေရာမှာ လယ်ဝေးမဲဆန္ဒနယ်မှ ဦးဌေးဝင်းမေးမြန်းသွားတဲ့ မေးမြန်းချက်ကို ဖြေကြားဖို့ ကျွန်တော်တို့ လွှတ်တော် ကျွန်တော်တို့ဆီမှာလည်း တာဝန်ရှိလာပါတယ်။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တဲ့ တင်ပြချက်နဲ့ သက်ဆိုင်တဲ့အတွက် ဖြေကြားရန်ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ပဲ ယူဆပါတယ်။ ဒါ့ကြောင့်မို့လို့ လွှတ်တော်ဥက္ကဋ္ဌ ကျွန်တော့်အနေနဲ့ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ အဲ့ဒီလို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြအပြီးနောက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ အကြောင်းကြားခဲ့ပါတယ်။ အကြောင်းအရာကတော့ ဥပဒေများညှိနှိုင်းရေးဆွဲနိုင်ရေးဖြစ်ပါတယ်။ တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်ရန်အတွက် ဥပဒေများပြဋ္ဌာန်းထားရှိခြင်းရှိ၊ မရှိ။ ပြဋ္ဌာန်းထားရှိခြင်းရှိပါက ယနေ့အချိန်အခါတွင် အမှန်တကယ် ကာကွယ်စောင့်ရှောက်နိုင်ခြင်းရှိ၊ မရှိနဲ့ ထုတ်ပြန်ထားခြင်းမရှိသေးပါက သက်ဆိုင်ရာကော်မတီများ၊ ပြည်ထောင်စုအဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးဆွဲနိုင်ရေး အကြောင်းကြားပါသည်ဟုဆိုပြီးတော့ ကော်မရှင်ဆီပေးပို့ခဲ့ပါတယ်။ ဒီနေ့ကော်မရှင်အနေနဲ့လည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့ကြောင့် ကော်မရှင်အနေဖြင့် သက်ဆိုင်ရာကော်မတီများ၊ ပြည်ထောင်စုအဖွဲ့အစည်း များနှင့် ညှိနှိုင်းရေးဆွဲပြီးလာမည့် (၇) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများအတွင်း ဥပဒေ တစ်ရပ်ဖြစ်လာရေးအတွက် ဆောင်ရွက်သွားရန်ကိုလည်း လွှတ်တော်မှ တိုက်တွန်းလိုပါတယ်။ ဒါ့ကြောင့်ဒီလို တိုက်တွန်းချက်နဲ့အညီ လယ်ဝေးမဲဆန္ဒနယ်မှ ဦးဌေးဝင်းရဲ့ မေးခွန်းအား ပြန်လည် ဖြေကြားခြင်း ဖြစ်ပါသည်။
