(ဃ)-စီတုံးလုံးချောင်းအား တမံပိတ်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁-၉-၂၀၁၁)

တန့်ဆည်မြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ကံထူးမတိုက်နယ်နှင့် နဘေးတိုက်နယ်အတွင်းရှိ လယ်မြေဧက ၁၀၀၀၀ ကျော် စိုက်ပျိုးရေပေးဝေနိုင်ရေးအိုင်းမကျေးရွာအနီး စီတုံးလုံးချောင်းမှာ ရေလှောင်တမံ တည်ဆောက်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အထူးစီမံကိန်းသစ်ကြီးတစ်ခု အဖြစ် ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ သို့သော် ယနေ့တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးပါ ခင်ဗျား။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ စီတုံးလုံးတမံကို တည်ဆောက်ပေးမည့် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးမြင့်လှိုင် ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်း ကံထူးမ တိုက်နယ်အတွင်းရှိ လယ်ဧက ၁၀၀၀၀ကျော်ကို ဆည်ရေပေးဝေနိုင်ရေးအတွက်  စီတုံးလုံးချောင်း အားတမံပိတ်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်က အထူးစီမံကိန်း များတွင်ပါဝင်ခဲ့သော်လည်း ယနေ့တိုင် စတင်ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းမရှိသေး၍ လက်ရှိ ပြည်ထောင်စုအစိုးရအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိ၊ မရှိ သိလိုပါတယ်။ ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ကြောင်း မေးမြန်းချက်အပေါ် ဆက်လက်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ နယ်မြေလူထုရဲ့ လိုအပ်ချက်အပေါ်မှာ မေးမြန်း ခဲ့တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။ စီပဒုံးရေလှောင်တမံစီမံကိန်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အိုင်းမကျေးရွာအနီးတွင် တည်ရှိပါတယ်။ စိုက်ပျိုးရေးအတွက်သာမက ကင်းတပ်လက်ယာမြောင်း ရေကြီးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက်လည်း အကျိုးရရှိစေနိုင်မည် ဖြစ်ပါတယ်။ အထူးစီမံကိန်း များ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၀၉) အစည်းအဝေးမှ အတည်ပြုပေးခဲ့ပြီးလည်းဖြစ် ပါတယ်။ စီတုံးလုံးချောင်းပေါ်မှာ အမြင့် ၇၁ ပေရှိ မြေသားတမံ တည်ဆောက်ပြီးရေ ၄၉၄၇၀ ဧကပေကို သိုလှောင်နိုင်ပြီးတော့မှ လယ်ဧက ၁၀၀၀၀ ကို ရေပေးဝေနိုင်ရန် အကျိုးပြုမယ့်စီမံကိန်းလည်း ဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းကို စတင်နိုင်ရန်အတွက် ဇလဗေဒတိုင်းတာခြင်း၊ မြေပြင်တိုင်းတာခြင်းနှင့် ဘူမိဗေဒစူးစမ်းလေ့လာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ တမံ၊ ရေထုတ်ပြွန်နှင့် ရေပိုလွှဲဒီဇိုင်းပုံစံ ရေးဆွဲဆောင်ရွက်နေဆဲဖြစ်ပါတယ်။ နိုင်ငံနှင့်အဝန်း လိုအပ်ချက်များအပေါ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များအရ ရန်ပုံငွေခွဲဝေခွင့်ပြုပေးနိုင်မှု အပေါ်တွင်တည်မှီပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း သိရှိနားလည်ပေးနိုင်ပါရန် ရှင်းလင်းဖြေကြားပါသည်။