(ခ)-ထီးချိုင့်-မြတောင် ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ (၁၈.၁၀.၂၀၁၂)

နိုင်ငံတော်တွင် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့စေရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံထားလျက် နိုင်ငံတော်ရဲ့ မြောက်ဖျားမှစတင်ပြီး တောင်ဘက်အစွန်းထိ လမ်းကွန်ရက်များကို အကောင်အထည်ဖော်နေရာ နိုင်ငံတော်ရဲ့ အသက်သွေးကြောကြီးလို့ တင်စားထားရတဲ့ ဧရာဝတီမြစ် ကြီးကိုဖြတ်ကျော်ပြီး မြစ်ကူးတံတားကြီးများ တည်ဆောက်ခဲ့ပြီးဖြစ်တာမို့ မျှော်မှန်းထားတဲ့ လမ်း ကွန်ရက်ကြီးများ အောင်မြင်နေပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

          တည်ဆောက်ပြီးခဲ့သော ဧရာဝတီမြစ်ကူးတံတားကြီး များအနက် ရတနာပုံတံတား၊ စင်းခန်းတံတားနှင့် ရတနာသိင်္ဃတံတားကြီးများကို တည်ဆောက်ပေးခဲ့ ခြင်းဟာ မန္တလေး-ရွှေဘို-မြစ်ကြီးနား အနောက်မဟာဗျူဟာလမ်းမကြီး၊ မန္တလေး-တကောင်း-ကသာ-ဗန်းမော် အရှေ့မဟာဗျူဟာလမ်းမကြီးတို့အတွက် လမ်းကွန်ရက်ဆက်စပ်မှု ကောင်းမွန်လာပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အပါအဝင် နိုင်ငံအဝန်း အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေကို တင်ပြရမယ် ဆိုရင် ဧရာဝတီမြစ် လမ်းကွန်ရက်အလယ်ပေါက်ဖြစ်တဲ့ မန္တလေး-မြတောင်-ထီးချိုင့်-အင်းတော် လမ်းမကြီးပေါ်မှာရှိတဲ့ ထီးချိုင့်မြို့နယ် ကျောက်အိုက်ချောင်းကူးတံတား၊ အင်းတော်မြို့နယ် ဗုဓလက် ချောင်းရေကျော်တံတား၊ ကွင်းချောင်းတံတား၊ ခွန်နန်းတံတားနှင့် နတ်မဟုတ်ကြီးရေကျော်တံတားများ ကို ဆောက်လုပ်ပြီး၊ ဆောက်လုပ်နေပြီဖြစ်တဲ့အတွက် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို ဆက်သွယ်မိပြီး လမ်းပန်းဆက်သွယ်မှု ပိုမိုအဆင်ပြေလာစေမှာ ဖြစ်ပါတယ်။ ဤလမ်းကွန်ရက်ကြီးအဆင်ပြေစေရန် အတွက် အဓိကအရေးပါတဲ့အခြေအနေကို တင်ပြရမယ်ဆိုရင် စီးပွားရေးလမ်းကြောင်းကို အထောက် အကူဖြစ်စေမယ့် ထီးချိုင့်-မြတောင် ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးကိစ္စရပ်ပဲ ဖြစ်ပါတယ်။ အဆိုပါတံတားနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြိုတိုင်းတာမှုများကို သုံးကြိမ်တိုင် တိုင် ဆောင်ရွက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ယင်းသို့ဆောင်ရွက်နေမှုအပေါ် ဒေသခံမိဘပြည်သူ များက စိတ်ပါဝင်စားကြပြီး တံတားတည်ဆောက်ရေးစီမံကိန်းကို မျှော်လင့်လျက်ရှိကြပါတယ်။ သို့ပါ၍ ထီးချိုင့်-မြတောင် ဧရာဝတီမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာန က တည်ဆောက်ရန်အစီအစဉ်ရှိ၊ မရှိနှင့် လျာထားချက်ရှိပါက မည်သည့်အချိန်ကာလတွင် စတင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ နဲ့ ဧရာဝတီမြစ်ကြီးပေါ်မှာ မြစ်ကူးတံတားကြီးပေါင်း ၁၂ စင်းတည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ့အပြင် လည်း ဆက်လက်ပြီးတော့လည်း မြစ်ကူးတံတားကြီး ၂ စင်းကိုလည်း  တည်ဆောက်လျက်ရှိပါတယ်။ အဲဒီတည်ဆောက်လျက်ရှိတဲ့ ၂ စင်းအနက်မှ ရတနာသိင်္ဃတံတားဟာဆိုလို့ရှိရင် ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲနှင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ခွဲတို့ကို ဆက်သွယ်ဖောက်လုပ် ထားတဲ့ တံတားဖြစ်ပြီးတော့ ယခု လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးစိုးစိုး မေးမြန်းတဲ့နေရာနှင့် အနီးဆုံးနေရာမှာရှိတဲ့ တံတားကြီးဖြစ်ပါတယ်။ ဒီ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်းပဲ ဧရာဝတီမြစ်ကူးတံတားကြီးများ တည်ဆောက်ရန် သင့်တော်တဲ့နေရာများကို ကြိုတင်ပြီးတော့ အင်ဂျင်နီယာများ အကြိုလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းတာခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့နေရာမှာ  ထီးချိုင့်နှင့်မြတောင် ဧရာဝတီမြစ်ကူးတံတားတည်ဆောက်ဖို့အတွက် တိုင်းတာတဲ့အခါမှာ ကမ်းတစ်ဖက်နှင့်တစ်ဖက် (Bank to Bank) တိုင်းထွာချက်အရ ပေ ၅၈၀၀ ဖြစ်ပါ တယ်။ အကယ်၍ ဒီတံတားကြီးကို တည်ဆောက်မယ်ဆိုလို့ရှိရင်  ချဉ်းကပ်လမ်းများ အပါအဝင်       ပေ ၈၀၀၀ ခန့် ရှည်လျားတဲ့ တံတားကြီးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒေသခံ တိုင်းရင်းသားပြည်သူများဟာ နေ့စဉ် ထီးချိုင့်နှင့် မြတောင် ဖြတ်သန်းသွားတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ် စုစုပေါင်းဟာ အစီး ၅၀ လောက်ရှိပါတယ်။ အစီး ၅၀ ကိုလည်းပဲ ဇက်ရေယာဉ်များနှင့် အဆင်ပြေစွာ ကူးလူးပေးပြီးတော့ ဆောင်ရွက်ထားရှိခြင်းရှိကြောင်း တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ရဲ့ လက်ရှိစီမံကိန်း လျာထားချက် အနေအထားများအရ ထီးချိုင့်-မြတောင် ဧရာဝတီမြစ်ကူးတံတားကို လောလောဆယ် တည်ဆောက်ရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။