မြန်မာနိုင်ငံရဲ့အနောက်ဘက်နှင့် တောင်ဘက်မှာရှိတဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဒေသအချို့ဟာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့နှင့်တစ်ဆက်တည်း တည်ရှိပြီး ပင်လယ်ရေငန်များဝင်ရောက်တဲ့ဒေသများဖြစ်ပါတယ်။ နှစ်စဉ်နွေရာသီမှာ သောက်သုံးရေ မလုံလောက်မှုအခက်အခဲများနဲ့ကြုံတွေ့နေရပါတယ်။ အများအားဖြင့် ကျေးလက်ဒေသများဖြစ်ပါ တယ်။ ကျွန်တော်တို့ဒေသတွေဟာ မြစ်ချောင်းများပေါများပြီး ရေတွေပေါတယ်ဆိုပေမယ့် နွေရာသီမှာ ရေငန်တွေဖြစ်တဲ့အတွက် ဖောင်စီးရင်းရေငတ်ဆိုတဲ့အဖြစ်မျိုးနဲ့ကြုံတွေ့နေရတဲ့ဒေသတွေဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဘိုကလေးမြို့နယ်အခြေအနေကိုတင်ပြရမယ်ရင် ဘိုကလေး မြို့နယ်ရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ ကဒုံကနိကျေးရွာအုပ်စု၊ ဧရာကျေးရွာအုပ်စု၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ မေဂူကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာအုပ်စုများမှာပါဝင်တဲ့ ကျေးရွာပေါင်း ၁၉၉ ရွာဟာ ပင်လယ် ရေငန်များဝင်ရောက်တဲ့ဒေသဖြစ်ပါတယ်။ အဲ့ဒီ ဒေသတွေမှာ လူဦးရေ ၁ သိန်းခန့်နေထိုင်ပြီး နှစ်စဉ် နွေရာသီမှာ သောက်သုံးရေအခက်အခဲများနဲ့ကြုံတွေ့နေရပါတယ်။ သောက်သုံးရေမလုံလောက်မှု ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားကူးစက်ရောဂါများဖြစ်ပွားခံစားရလေ့ရှိကြောင်းလည်း သိရှိရပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ နာဂစ်မုန်တိုင်းတိုက်ခံရပြီးနောက်ပိုင်းကာလများမှာ နိုင်ငံတော်အစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများက ကျေးရွာအချို့မှာရေရရှိရေးအတွက် အဝီစိစက်ရေ တွင်းများတူးဖော်ပြီး ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့သော်လည်း မလုံလောက်ပါ။ ယခုအခါမှာ စက်ရေတွင်းတော်တော်များများဟာလည်း ပြန်လည်ပိတ်ဆို့ပျက်စီးနေပြီဖြစ်ပါတယ်။ နွေရာသီမှာ ရေရှားပါးတဲ့အတွက် ရေတစ်စည်လျှင် ၁၅၀၀ ကျပ်လောက်နဲ့ဝယ်ယူသုံးစွဲနေရတဲ့ဒေသများလည်း ရှိပါတယ်။ ဝယ်ယူရာမှာလည်း လိုအပ်သလိုမရရှိပါဘူး။ ဒေသခံပြည်သူအများစုဟာ လက်လုပ် လက်စားများဖြစ်တဲ့အတွက် သောက်သုံးရေဝယ်ဖို့လည်း အခက်အခဲများစွာရှိကြောင်းသိရှိရပါတယ်။ သို့ပါ၍ ရေငန်ဝင်ရောက်တဲ့ဒေသများရှိ ပြည်သူများအတွက် သောက်သုံးရေလုံလောက်အောင်ရရှိရေး အတွက် စီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဘိုကလေးမြို့နယ် စက်ဆန်း၊ ဒေါင့်ကြီး၊ ကဒုံကနိ၊ ကြိမ်ချောင်း၊ ကျွန်းသာယာ၊ ဧရာ၊ မေဂူနှင့် ကျွန်းညို ကျေးရွာအုပ်စု ၈ ခု မှာ ပင်လယ်ကမ်းခြေနဲ့အနီးဆုံးသော ကျေးရွာအုပ်စုများဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ ချောင်းမြောင်းများလက်ယှက်ထိုးတည်ရှိနေသဖြင့် သုံးရေအတွက် အခက်အခဲမရှိသော်လည်း သန့်ရှင်းသော သောက်သုံးရေအတွက် မိုးရေကို အဓိကအားထား သုံးစွဲနေရသောဒေသဖြစ်၍ မိုးရေလှောင်ကန်များကို ဦးစားပေးတူးဖော်ဆောင်ရွက်သင့်ကြောင်း တွေ့ရှိရပါတယ်။ စည်ပင်သာယာ ရေးအဖွဲ့များအနေဖြင့် ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် နှစ်တို/ နှစ်ရှည် စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၀၀-၂၀၀၁ မှ ၂၀၀၉-၂၀၁၀ ခုနှစ်အထိ ကျေးလက် ရေပေးရေး ၁၀ နှစ်စီမံကိန်းကို ရန်ပုံငွေခွဲဝေရရှိမှု အပေါ်အခြေတည်၍ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ တယ်။ ဆက်လက်၍တိုးပွားလာသည့်လူဦးရေ အခြေအနေနှင့် ရေလိုအပ်ချက်အရ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ ကျေးလက်ရေပေးရေး ၅ နှစ်စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အဆိုပါ ၅ နှစ် စီမံကိန်းကိုအခြေခံ၍ ဘိုကလေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့၏ရန်ပုံငွေဖြင့် ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တို့တွင် အောက်ပါ အတိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်-
(က) ၂၀၁၁-၂၀၁၂ ခုနှစ် ငပိချောင်းကျေးရွာအုပ်စု ငပိချောင်း၊ ဝဲချောင်းကျေးရွာများမှာ မြေသားမိုးရေလှောင်ကန် ၂ ကန်
(ခ) ၂၀၁၂-၂၀၁၃ ဒေါင့်ကြီးအုပ်စု ကံဆိပ်၊ ငါးဖယ်ချောင်းကျေးရွာများမှာ မြေသား မိုးရေလှောင်ကန် ၂ ကန်၊ ကျွန်းသာယာအုပ်စု ကန့်ဘလာရွာမှာ မြေသားမိုးရေ လှောင်ကန် ၁ ကန်၊ ကြိမ်ချောင်းအုပ်စု ချောင်းဗြဲကြီးကျေးရွာမှာ မြေသားမိုးရေ လှောင်ကန် ၁ ကန်၊ ကျွန်းညိုအုပ်စု ထိပ်ချောင်းကျေးရွာမှာ မြေသားမိုးရေလှောင်ကန် ၁ ကန်
ထို့အတူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအထောက်အပံ့ ဖြင့် ဘိုကလေးမြို့နယ်အတွင်း၌ မြေသားမိုးရေလှောင်ကန် ၈ ကန်တူးဖော်ခြင်းကို အောက်ဖော်ပြပါ ကျေးရွာများ၌ တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်-
(က) ညီနောင်ကျေးရွာအုပ်စုမှာ ညီနောင်လေး၊ သဘော့ချောင်း
(ခ) သပြေကုန်းကျေးရွာအုပ်စု ရန်ကင်းစု
(ဂ) သာပေါင်းကျေးရွာအုပ်စု သာပေါင်း၊ ဂျပ်ချောင်း
(ဃ) အောက်လှည်းစုကျေးရွာအုပ်စု ကုလားဝဲကြီး
(င) အေးရွာကျေးရွာအုပ်စု မကျည်းချောင်း၊ ကျည်းပင်စု
၎င်းအပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ကျက်သရေကျေးရွာအုပ်စု ကျက်သရေကျေးရွာတွင် ရေဂါလန် ၃ သိန်းဆံ့ မြေသားမိုးရေလှောင်ကန် ၁ ကန် တူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။
ဆက်လက်၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ကဒုံကနိနှင့် ကြိမ်ချောင်းကျေးရွာအုပ်စုတို့အတွင်း၌ မြေသားမိုးရေလှောင်ကန် ၅ ကန်ကို တူးဖော်ပေးသွားရန်လျာထားပြီးဖြစ်ပါတယ်။ အထက်ဖော်ပြပါအတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရန်ပုံငွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ၊ ယူနီဆက်အဖွဲ့၏ ပူးပေါင်းထောက်ပံ့ ငွေတို့ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားအကူအညီ အထောက်အပံ့ သို့မဟုတ် ချေးငွေများရရှိလာပါက ဘိုကလေးမြို့နယ်အတွင်း၌ မြေသားမိုးရေလှောင် ကန် ၄၇ ကန် တူးဖော်ပေးနိုင်ရေးလုပ်ငန်းကို လျာထားရေးဆွဲတင်ပြထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
