(က)-ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ကျရောက်နေသော ဓာတ်ရောင်ခြည် သင့်မှုကို ဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်များနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၂၂.၃.၂၀၁၃)

 

ဒီရက်ပိုင်းမှာ သတင်းစာတို့၊ ဂျာနယ်တို့ထဲမှာ ဘာတွေ သတိထားမိလဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနှုန်း မြို့ကြီးတွေပေါ်မှာ အများကြီး များနေတဲ့အကြောင်း ကျွန်တော် ဖတ်မိပါတယ်။ ပြီးခဲ့တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်နေ့များမှာ ရန်ကုန်မြို့မှာကျခဲ့တဲ့နှုန်းဟာ သိပ်ကို မြင့်မားပါတယ်။ သောကြာနေ့ မှာဆိုရင် ၁၀ နာရီအချိန်က စပြီးကျလိုက်တာ ၁၂.၃၊ ၁၂.၅၊ စနေနေ့မှာဆိုရင် ၁၃ ကျော်သွားတဲ့အထိ အောင်၊ ဒီလိုပဲ တနင်္ဂနွေနေ့မှာလည်း ၁၇ ရက်နေ့မှာ  ၁၃.၄ အဲ့ဒီလိုတွေ့တဲ့အခါမှာ ကျွန်တော် ဒီခရမ်းလွန်ရောင်ခြည်နှင့်ပတ်သက်လို့ လေ့လာကြည်‌့ပါတယ်။ ဖတ်လိုက်တဲ့အခါမှာ ခရမ်းလွန် ရောင်ခြည်က လူသားတွေရဲ့ကောင်းကျိုးကို ပေးတာရှိသလို တအားမြင့်မားတဲ့အခါမှာ ဆိုးကျိုးဖြစ်နိုင် တယ်ဆိုတော့ ဘာတွေဆိုးကျိုးဖြစ်နိုင်သလဲဆိုတော့ ခရမ်းလွန်ရောင်ခြည် အဆင့် ၈ ထက်မြင့်လာရင် အန္တရာယ်ရှိတဲ့အဆင့်ဖြစ်လာတယ်။ အဲ့ဒီမှာ ပထမဆုံးဖြစ်နိုင်တာက အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲ ခြင်း ဒါမျိုးတွေဖြစ်တယ်ဆိုတော့ ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို ၁၉၇၉ နှစ်လောက်ကတည်း ကစပြီး သတိထားမိလာတာပါ။ ကမ္ဘာကြီးစက်မှုထွန်းကားလာတာနှင့်အမျှ ဓာတ်ငွေ့အားလုံးများ ပြားလာတဲ့အခါမှာ အပူရှိန်မြင့်တက်လာပြီးတော့ အိုဇုန်းလွှာက တဖြည်းဖြည်းပါးပြီးတော့ ကမ္ဘာကို ခရမ်းလွန်ရောင်ခြည်ရဲ့ ကျရောက်မှုနှုန်းက ကာကွယ်ပေးထားတဲ့ ကမ္ဘာလေထုထဲက အိုဇုန်းလွှာပေါက် သွားပြီးတဲ့အခါကျတော့ ဒီခရမ်းလွန်ရောင်ခြည်တွေကျတဲ့နှုန်းများလာတာပါ။ များလာတဲ့အခါကျတော့ ကမ္ဘာ့ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားတာရှိပါတယ်။ အာဖရိကမှာဆိုရင် ခရမ်းလွန်ရောင်ခြည် ကြောင့်ရောဂါရတဲ့ လူပေါင်းဟာ ၁၀ သန်းကျော် ဖြစ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထဲမှာလည်း ဒီခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိကွယ်ရတဲ့ ၃ သန်း လောက်ဟာ လူဦးရေ ၂၀ ရာခိုင်နှုန်းက ဒီခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ရတာလို့ တွေ့ရတယ်။  အဲ့ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း ခရမ်းလွန်ရောင်ခြည်ဟာ ၂၀၁၁ ခုနှစ်လောက်ကစပြီး တွေ့ရ ပြီးတော့ အခုတအားမြင့်လာတာဖြစ်လာတဲ့အတွက် သူရဲ့ထိခိုက်နိုင်မှုနှုန်းဟာ လူငယ်တွေမှာဆိုရင် သားသမီးမရနိုင်တဲ့ အထိဖြစ်နိုင်ပါတယ်။ နောက်အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲတာ၊ အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံက အပူပိုင်းဒေသမှာကျနေတဲ့အခါကျတော့ အခုဒီလပြီးရင် ဧပြီ၊ မေဟာ တအားပူမယ့်ရာသီဥတုကြီးခံစားရမှာပါ။ အဲ့ဒီမှာ လူငယ်တွေဟာ သြင်္ကန်တွင်းမှာ ရေကစားတာတို့၊ တစ်နေကုန် လမ်းအလုပ်သမားတွေ၊ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ ဒီလိုပဲ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ နေပူဆပ်ခါးထဲမှာ လုပ်နေရတဲ့သူတွေဟာ ဒီခရမ်း လွန်ရောင်ခြည်ရဲ့ အန္တရာယ်ကို ကျွန်တော်တို့ သတိပြုမိအောင် ပြည်သူကြားမှာ ထုတ်ပြန်ပေးဖို့လို တယ်လို့ ထင်တဲ့အတွက် ကျွန်တော် ဒီဟာကို တင်ခြင်းဖြစ်ပါတယ်။ ပြည်သူ့အကျိုးစီးပွားအတွက် ကျယ်ကျယ်ပြန့်ပြန့်လည်း ထုတ်ပြန်ပေးဖို့လိုပြီလို့ သိရပါတယ်။ နိုင်ငံမှာတော့ ဒီရောင်ခြည်ကို တိုင်းတာနိုင်တဲ့စက်မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ သြစတြေးလျမှာဆိုရင် ၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ဒီဟာကို နေ့စဉ်ထုတ်ပြန်ပေးနေတာ အခု အချိန်အထိရှိနေပါတယ်။ အမေရိကားမှာဆိုရင် ၂၀၀၄ ခုနှစ်ကတည်းကစပြီးတော့ ထုတ်ပြန်ပေးတာ တွေရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီခရမ်းလွန်ရောင်ခြည်ရဲ့အန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့ရာအတွက် နိုင်ငံတော်ကနေတာဝန်ယူပြီးတော့ ဝန်ကြီးဌာန တွေကကျတော့ ထုတ်ပြန်ပေးဖို့လိုပြီလို့ ကျွန်တော်ယူဆတဲ့အတွက် ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါ တယ်။ အခုလိုမေးခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်မေးတဲ့မေးခွန်းကတော့ လူသားများအတွက် အန္တရာယ်ကြီးမားလှသည့် ဓာတ်ရောင်ခြည်သင်‌့မှုကို ဖြစ်စေနိုင်သည့် ခရမ်းလွန် ရောင်ခြည်များ (Ultra Violet Rays) ရန်ကုန်မြို့ကြီးများတွင် ကျရောက်နေခြင်းကို ပြည်ထောင်စု အစိုးရမှ သိပါသလား။ သိရှိပါလျှင် ပြည်ထောင်စုအစိုးရက မည်သည့်အစီအစဉ်ပြုလုပ်နေသည် သို့မဟုတ် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး
အဖြေ

အဆိုတွင်ပါရှိသည့် ခရမ်းလွန်ရောင်ခြည်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှု များ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ဆောင်နိုင်ရန် တိုက်တွန်းသည့် အဆိုသည် လွန်စွာအရေးကြီးပြီး ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့အချက်ဖြစ်သည့် အားလျော်စွာ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ခံ၍ ကြိုဆိုထောက်ခံကြောင်း တင်ပြလိုပါတယ်။ ကမ္ဘာကြီးပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲလာတဲ့အခြေအနေမှာ အဆိုမှာပါဝင်တဲ့ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း မြင့်တက်လာတဲ့အန္တရာယ်ကို ကျွန်မတို့အားလုံးလေ့လာကြည့်မယ်ဆိုရင် ပြည်သူလူထုအတွင်းမှာ ထိတ်လန့်တကြားဖြစ်ရန် မဟုတ်သော်လည်း လစ်လျူရှုမထားဘဲ နိုးကြားစွာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်အတွက် အထူးလိုအပ်ကြောင်းလည်း ထပ်မံထောက်ခံ တင်ပြလို ပါတယ်။ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မကြာခဏထည့်သွင်းဖော်ပြလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀-၃-၂၀၁၃ ရက်နေ့ နေ့စဉ်ထုတ်သတင်းစာ များမှာလည်းပါရှိပြီးတော့ ပူပြင်းတဲ့နွေရာသီကို ရောက်ရှိလာတဲ့အတွက် မကြာခဏ ထုတ်လွှင့်နေကြ တဲ့သတင်းလည်း ဖြစ်ပါတယ်။ ကျွန်မတို့အတွက် ကံအားလျော်စွာ ဒီအပူဒဏ်အန္တရာယ်ကာကွယ်ရေး နိုးဆော်ချက်မှာပါတဲ့ ပြည်သူလူထုများ လိုက်နာကျင့်သုံး ဆောင်ရွက်သင့်တဲ့ အကြံပြုထားတဲ့အချက် များသည်လည်း ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းများနဲ့ ထပ်ချပ်တူနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ခရမ်းလွန် ရောင်ခြည်ကာကွယ်တဲ့ နည်းလမ်းများကို အထူးပြုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ရန် စီစဉ်ထားရှိပြီး လည်း ဖြစ်ပါတယ်။ ကာကွယ်ရန်နည်းလမ်းများ အကျဉ်းချုပ်အနေနဲ့တင်ပြရရင်တော့ အပူဒဏ် ကာကွယ်သကဲ့သို့ပဲ အရိပ်ရသောနေရာမှာနေဖို့ ဒါလူတိုင်းသိပြီးသား အချက်အလက်ဖြစ်ပေမယ့် လည်း အလွန်အရေးကြီးတဲ့ ကာကွယ်နည်းကတော့ နေပူထဲမှာတတ်နိုင်ရင် မဖြစ်မနေနေရတဲ့ အချိန် ကလွဲလို့ ကြာကြာမနေခြင်း ဖြစ်ပါတယ်။ ဒါကိုလည်း ပြည်သူအများ နားလည်နိုင်တဲ့ အသုံးအနှုန်းတွေ ရပ်ကွက်၊ ကျေးရွာအထိ ကျန်းမာရေးလုပ်ငန်းများလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တကယ် တော့ ကမ္ဘာမြေပေါ်ကို ခရမ်းလွန်ရောင်ခြည် တစ်နှစ်ပတ်လုံးကျရောက်မှာ ဖြစ်ပါတယ်။ အဆို တင်သွင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်းပဲ ကျွန်မတို့ ရာသီဥတုပြောင်းလဲ လာတဲ့အနေအထားမှာ ခရမ်းလွန်ရောင်ခြည် စံညွှန်းကိန်းဟာ တဖြည်းဖြည်းနဲ့ တစ်ကမ္ဘာလုံးမှာ ပူပြီးမြင့်တက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီမှာတော့ အေးတဲ့ဒေသမှာနေတဲ့လူကလည်း ခရမ်းလွန် ရောင်ခြည်အန္တရာယ်ခံစားနိုင်သလို ကမ်းခြေတစ်ဝိုက်ကို ရောက်ရင်လည်း သဲနှင့်ရေဟာ နေရောင်ကို ပြန်ပြီးတော့ အရောင်ကိုပြန်စေတဲ့အတွက် ခရမ်းလွန်ရောင်ခြည် လူကိုယ်ပေါ်ကို ကျရောက်စေနိုင်ပါ တယ်။ ချောင်းမှာ ရေကူးနေရင်လည်း မထိဘူးလို့ ယူဆလို့မရပါဘူး။ ဒီခရမ်းလွန်ရောင်ခြည်ဟာ ရေကိုလည်း ထိုးဖောက်နိုင်ပါတယ်။ ရိုးရိုးမှန်ကာထားတဲ့ အိမ်၊ ကား ပြတင်းတံခါးတွေကိုလည်း UV B ကို ကာကွယ်နိုင်ပေမယ့် အများစု ၉၀ ရာခိုင်နှုန်းကျော် ကျရောက်နေတဲ့ UV A ကို မကာကွယ် နိုင်ပါဘူး။ ဒါကြောင့် မှန်အစား ဖိုက်ဘာပလပ်စတစ် သုံးခြင်း၊ မှန်ကို သုတ်ဆေးသုတ်ခြင်း၊ ပိုလီမာ များဖြင့် ကာကွယ်ခြင်းအစရှိတာထက် ပညာပေးတဲ့အထဲမှာလည်း ဒါတွေ ထည့်သွင်းထားပါတယ်။

          ဒုတိယအချက်ကတော့ နေရောင်ခြည်ဒဏ်ကနေကာကွယ်နိုင်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ ဖြစ်ပါတယ်။ ဒါကိုလည်း အထူးသဖြင့် မကြာခင်ကျရောက်တော့မယ့် ဧပြီလမြန်မာ့ရိုးရာသြင်္ကန် ပွဲတော်မှာ ပါဝင်ဆင်နွှဲကြမယ့်လူငယ်များအထူးသဖြင့် လူငယ်များရော အားလုံးအနေနဲ့ ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်ပွားနိုင်တဲ့ အရေပြားထိခိုက်မှုများ မဖြစ်ပေါ် မခံစားကြရစေဖို့အတွက် အထက် ဖော်ပြပါ ကြိုတင်ကာကွယ်မှုတွေကို ကျွန်မတို့ ဝတ်စားဆင်ယင်ရာမှာလည်း မိမိတို့ အရေပြားကို နေရောင်ခြည်နှင့် တတ်နိုင်သမျှ မထိတွေ့စေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ ဝတ်စား ဆင်ယင်မှုများကိုသာ ဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲဖို့အတွက်လည်း အရေပြားအထူးကုဆရာဝန်ကြီးများရဲ့ အကြံပြုချက်နဲ့ ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့်ပညာပေးဖို့ စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ နေရောင်ကာ လိမ်းဆေးလိမ်းဖို့နှင့် နေရောင်ကာ မျက်မှန်ဆိုတာလည်း အရောင်မဲတိုင်း ကာကွယ်နိုင် တာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း ပြည်သူတွေကို ပညာပေးတဲ့အခါမှာ ဒါတွေကိုလည်း ထည့်သွင်း ထားပြီး ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း အသိပေးကြေညာပေးမှာ ဖြစ်ပါတယ်။ မျက်မှန်ရဲ့ အညွှန်း မှာ ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ ရေးထားတဲ့ မျက်မှန်မျိုးမှာပဲ တကယ်ကာကွယ်ပေးနိုင် တယ်ဆိုတဲ့အချက်ကိုလည်း ကျွန်မတို့ ထည့်သွင်းပညာပေးပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ဒီ UV အညွှန်းကိန်းများကို အများပြည်သူသိရှိအောင်လို့လည်း သတ်မှတ်ထုတ်ပြန်ကြေညာသင်‌့ကြောင်း ကိုလည်း အကြံပြုတင်ပြလိုပါတယ်။ အချို့နိုင်ငံတွေမှာတော့ မိုးလေဝသသတင်းများထဲမှာပါ ထည့်သွင်းပြီးတော့ ကြေညာထားပါတယ်။ ဒီ Weather Online ဆိုတဲ့ အင်တာနက်ကနေပြီးတော့မှ နိုင်ငံတိုင်းရဲ့ မြန်မာနိုင်ငံဆိုတဲ့ မြို့ကြီးတော်တော်များများရဲ့ UV Index တွေကို နာရီအလိုက်ပါ သိနိုင် တဲ့ အနေအထားမှာရှိပါတယ်။ ပြည်သူများအားလုံးကလည်း အရိပ်ရအပင်များ စိုက်ပျိုးပြီးတော့ ရာသီ ဥတုပြောင်းလဲမှုကို ခုခံတဲ့နေရာမှာ အထောက်အကူပြုဖို့အတွက် ဆောင်ရွက်သင့်သလို ယခု ကျွန်မ တင်ပြခဲ့တဲ့ အကြံပြုချက်များကို ပြည်သူများအနေနဲ့ ပူးပေါင်းလက်ခံလိုက်နာကျင့်သုံးလာနိုင်ကြဖို့ အတွက်လည်း ပညာပေးအစီအစဉ်များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုသတင်းအချက်အလက်များ ရရှိနိုင်ရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်အတွက် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ်သတင်းစာ များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်များ ကျရောက် ခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးမှုများကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခြင်းအပြင် MRTV-4, Myanmar International(MI), Sky Net တို့ကလည်း ထုတ်ဝေပေးသွားနိုင်ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာ့အသံရေဒီယိုမှ ထုတ်လွှင့် ခြင်းအပြင် မန္တလေးပဉ္စဝတီ၊ ချယ်ရီအစရှိတဲ့ FM လိုင်းများမှလည်း ထုတ်လွှင့်ပေးသွားဖို့  စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်ထုတ်သတင်းစာများဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ နှင့် The News Light of Myanmar သတင်းစာများမှာ ဖော်ပြခြင်းအပြင် ဂျာနယ်၊ စာစောင်များမှာ လည်း ဖော်ပြနိုင်အောင်စီစဉ်ခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် စီမံဆောင်ရွက်သွားမယ့်  အကြောင်း တင်ပြလိုပါတယ်။ အပူဒဏ်နှင့်ပတ်သက်တဲ့ ကြိုတင်အသိပေးနှိုးဆော်မှုများဖြင့် အပူဒဏ် ကာကွယ်ရေးနိုးဆော်ချက်ထုတ်ပြန်ခြင်း၊ ခရမ်းလွန်ရောင်ခြည်အကြောင်းအရာအပါအဝင် အပူဒဏ် နှင့်ပတ်သက်တဲ့ အကြောင်းအရာများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ရေဒီယိုနှင့် ရုပ်မြင် သံကြားတို့မှ သတင်းနှင့် အင်တာဗျူးပုံစံဖြင့်လည်းကောင်း၊ နေ့စဉ်ထုတ်သတင်းစာများမှာ သတင်း၊ ခေါင်းကြီး၊ ဆောင်းပါးနှင့် အင်တာဗျူးပုံစံများဖြင့်လည်းကောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ယခုနှစ်နွေရာသီမှာ အပူရှိန်မြင့်မားပြီး လူကိုအန္တရာယ်ပြုနိုင်တဲ့ ခရမ်းလွန် ရောင်ခြည်ကျရောက်ကြောင်း သတင်းများထွက်ပေါ်နေတဲ့အတွက် မြန်မာ့ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှ အပူဒဏ်ကာကွယ်ရေးနိုးဆော်ချက်များ ထည့်သွင်းပြီး ပြည်သူလူထုကို အသိပေး လျက်ရှိပါတယ်။ သတင်းစာများမှာလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ်နှင့်ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်ရန်အတွက် ဆောင်းပါး၊ ခေါင်းကြီးများတွင် ဖော်ပြပေးလျက်ရှိပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် မဂ္ဂဇင်းများတွင်လည်း အပူရှိန်မြင့်မားမည့်အကြောင်း၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ် ရှိနိုင်သည့်အကြောင်းများကို ဖော်ပြလျက်ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ကိုယ်စားလှယ်တော်ကြီး ဦးစိုးဝင်း မေးမြန်းခဲ့တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ် နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးခြင်းများကို အများပြည်သူလူထုသိရှိနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။