စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါရှာဖွေရေးလုပ်ငန်းစဉ်များအတွက်ဓာတ်ခွဲခန်းတစ်ခုကို မြင်းမူမြို့မှာ နိုင်ငံတော်ကဆောက်လုပ်ပေးထားပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြင်းမူမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်အသီးသီးမှာရှိတဲ့တိရစ္ဆာန်များအတွက် ခွာနာ၊ လျှာနာရောဂါရှာဖွေရေးနဲ့ ကုသရေးလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးစီမံချက်အရ စစ်ကိုင်းဒေသကြီးတောင်ပိုင်းဟာ ကျွဲ၊ နွားမွေးမြူမှု အများဆုံးဖြစ်တဲ့အတွက် ဒီဒေသမှာရှိနေတဲ့တိရစ္ဆာန်များကို ခွာနာ၊ လျှာနာ ရောဂါဖြစ်ပွားမှုထိန်းချုပ် နိုင်မှသာလျှင် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးများမှာရှိတဲ့ ကျွဲ၊ နွားများကို ခွာနာ၊ လျှာနာ ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။
နိုင်ငံတော်ကဆောက်လုပ်ပေးထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့မှာရှိတဲ့ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါဆိုင်ရာဓာတ်ခွဲခန်းဟာ မြေနေရာ၊ လျှပ်စစ်မီး၊ ရေစတဲ့ အခြေခံကောင်းများပြည့်စုံစွာရှိနေပြီးဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဆက်စပ်လျက်ရှိတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှတိရစ္ဆာန်များအတွက်လည်း လွယ်ကူချောမွေ့စွာ အထောက်အကူပြုနိုင်တဲ့ဓာတ်ခွဲခန်းတစ်ခုဖြစ်တဲ့အတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်သောဓာတ်ခွဲ ခန်းအဆင့်သို့အဆင့်မြှင့်တင်ပေးနိုင်ဖို့ ပြည်သူများကမျှော်လင့်နေလျက်ရှိပါတယ်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးစီမံချက်အရ အဓိက အရေးကြီးသောဒေသကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ကျွဲကောင်ရေ ၂၃၁၃၇၁၆ ကောင် နှင့် နွားကောင်ရေ ၄၄၆၈၅၆ ကောင်တို့အား ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနဲ့ ကာကွယ်ဆေးများကိုအချိန်နဲ့တစ်ပြေးညီ ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးတို့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှာရှိတဲ့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနရဲ့ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါဆိုင်ရာဓာတ်ခွဲခန်းအား ကာကွယ်ဆေးထုတ်လုပ်နိုင်သောအဆင့်ရောက်အောင် အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ အဆင့်မြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါလျှင် မည်သည့်အချိန်တွင်စတင်မည်ဖြစ်ပြီး၊ မည်သည့်အချိန်တွင်ပြီးစီးပါမည်လဲ။ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်မရှိပါလျှင် မည်သည့်အတွက်ကြောင့် အဆင့်မြှင့်ဆောင်ရွက်မပေးနိုင်ပါသလဲ ဆိုသည်ကို မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ ၁၉၇၅ ခုနှစ်ကစပြီး အင်းစိန်မြို့မှာ ခွာနာ၊ လျှာနာဓာတ်ခွဲခန်းထူထောင်လျက် ခွာနာ၊ လျှာနာရောဂါရှာဖွေရေးနဲ့ အရည်အသွေးပြည့်ဝသောကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ခွာနာ၊ လျှာနာကာကွယ်ဆေးကို ၁၉၈၄ ခုနှစ်၊ ဧပြီလမှစတင်၍ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ခွာနာ၊ လျှာနာကာကွယ်ဆေးကို စုစုပေါင်း ကျွဲ၊ နွား ကောင်ရေ ၂၂၁၀၀၀ အတွက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟာ အင်းစိန် ကာကွယ်ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်းအပြင် မြင်းမူဓာတ်ခွဲခန်းကိုအရန် ခွာနာ၊ လျှာနာ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်းအဖြစ်ဆောင်ရွက်သွားရန် မူလကရည်မှန်းချက်ထားရှိခဲ့ပါ သော်လည်း အောက်ဖော်ပြပါအကြောင်းများကြောင့် ကာကွယ်ဆေးထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင် ခြင်းမရှိကြောင်း ြဖေကြားတင်ပြအပ်ပါတယ် -
(၁) ဓာတ်ခွဲခန်းတည်ရှိနေရာ မြေအောက်ရေဟာ ကာကွယ်ဆေးထုတ်လုပ်ရန်လိုအပ်တဲ့ အရည်အသွေးမပြည့်မီခြင်း၊
(၂) ကာကွယ်ဆေးထုတ်လုပ်ရန် အခြေခံအဆောက်အဦနဲ့ ပစ္စည်းကိရိယာပြည့်စုံမှုမရှိခြင်း၊
(၃) အင်းစိန်ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးထုတ်လုပ်မှုဖြင့် လက်ရှိလုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်မှုရှိခြင်း၊
(၄) ၎င်းနေရာတွင် ဓာတ်ခွဲခန်းတည်ဆောက်ခြင်းအားဖြင့် သယ်ယူပို့ဆောင်စရိတ်နှင့် ထုတ်လုပ်မှုစရိတ်များပိုမိုကုန်ကျနိုင်ခြင်း။
သို့ပါသော်လည်း မြင်းမူဓာတ်ခွဲခန်းတွင် လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ကာကွယ်ဆေးသိုလှောင် ဖြန့်ဖြူးခြင်း၊ ရောဂါနမူနာပစ္စည်းများ ကောက်ယူပေးပို့ခြင်း၊ ရောဂါစူးစမ်းရှာဖွေထောက်လှမ်းခြင်း၊ နွားငယ်သွေးရည်ကြည်ထုတ်လုပ်ခြင်းစတဲ့လုပ်ငန်းများအပြင် ခွာနာ၊ လျှာနာရောဂါပိုးစစ်ဆေးခြင်း၊ ရောဂါပိုးအမျိုးအစားခွဲခြားခြင်း၊ သွေးရည်ကြည်စစ်ဆေးခြင်းတို့ကို Enzyme Linked Immuno- sorbant Assay (ELISA) နည်းဖြင့်စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့ဓါတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများ၊ ဓာတုဗေဒပစ္စည်းများဖြည့်ဆည်းပေးခြင်း၊ သင်တန်းပို့ချပေးခြင်းတို့ကို ဆောင်ရွက်၍ မြန်မာနိုင်ငံအထက်ပိုင်းဒေသများအတွက် ခွာနာ၊ လျှာနာရောဂါရှာဖွေရေးဓာတ်ခွဲခန်း ဖြင့် အဆင့််မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
