(ဇ)-တောင်နဝင်းရေအားလျှပ်စစ် စီမံကိန်း(SNHဏ)အား ပြန်လည်ဖော်ထုတ် အကောင်အထည်ဖော်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁.၂၀၁၃)

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်း မြို့နယ်အတွင်းမှာ ၁၉၈၅-၁၉၈၆ ခုနှစ်က ဂျပန်နိုင်ငံက (Oversea Economics Cooperative Fund- OECF) ခေါ် ပင်လယ်ရပ်ခြားစီးပွားဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့က တောင်နဝင်းဆည်ကို စိုက်ပျိုးရေ အတွက်ရယ်၊ သောက်သုံးရေအတွက်ရယ် လျှပ်စစ်မီးရရှိရေးအတွက် ဆိုပြီးတော့ Multiple Purposes ရည်ရွယ်ချက်သုံးမျိုးနဲ့ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်မှာ အခြေအနေအရပ်ရပ်ကြောင့် ချေးငွေများရပ်ဆိုင်းခဲ့ရပြီး စိုက်ပျိုးရေရရှိရေးအတွက်သာ တောင်နဝင်း ဆည်ကြီးကို ၁၉၉၄-၁၉၉၅ ခုနှစ်မှ အပြီးတည်ဆောက်နိုင်ခဲ့ပါတယ်။ ပထမရည်ရွယ်ချက်မှာပါတဲ့ တောင်နဝင်းဆည်ရေအားလျှပ်စစ်စီမံကိန်း (Soft Nawin Hydropower Project -SNHP) ကိုတော့ ရပ်ဆိုင်းထားတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် နောက်နောင်တွေမှာ အဆင်ပြေတဲ့အချိန်မှာ ရေအား လျှပ်စစ်ထုတ်လုပ်နိုင်ရန် ရေလှောင်တမံရဲ့အောက်ခြေမှာ ပင်မဖိအားမြှင့် ပိုက်လိုင်းများဖြင့် ၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော စက်နှစ်လုံးတပ်ဆင်နိုင်ရေးအတွက် ပြွန်နှစ်ခုကို စနစ်တကျထုတ်ထားခဲ့တာကို တွေ့ရှိရပါတယ်။ အဲဒီပြွန်နှစ်ခုအဆုံးမှာ သံမဏိပြားများဖြင့် ဂဟေဆော်ပြီး ယာယီပိတ်ထားတာကို လည်း တွေ့ရှိရပါတယ်။ ခြုံငုံတင်ပြရပါလျှင် ၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ်စီမံကိန်းစက်ရုံ နေရာအပါအဝင် အသေးစားလျှပ်စစ်စက်ရုံတည်ဆောက်နိုင်တဲ့ အခြေအနေအားလုံးအဆင်သင့်ရှိနေ ကြောင်း ပညာရှင်များကမှတ်ချက်ပြုထားပါတယ်။ ၎င်းတောင်နဝင်းဆည် ရေအားလျှပ်စစ်စီမံကိန်း (SNHP) ကို အကောင်အထည်ဖော်နိုင်ခဲ့ပါလျှင် ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်အစရှိတဲ့ ပြည်ခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်များကိုပေးပို့နေတဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကို ကူညီဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တဲ့တွက် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကို မေးလိုပါတယ်။

မေးခွန်းနံပါတ် (၁) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းဆည် စီမံကိန်းမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများ၊ ဆည်မြောင်း၊ လျှပ်စစ်က နောင်တွင်ဆောင်ရွက်နိုင် ပါရန် ရေအားလျှပ်စစ်ပိုင်းဆိုင်ရာ သံမဏိဖိအားပိုက်လိုင်းများကို စက်မှုလျှပ်စစ်ပိုင်းဆိုင်ရာ ဆက်စပ် ပစ္စည်းအချို့ကို မြေတွင်တစ်ပိုင်းတစ်စချန်ထားခဲ့ပါသဖြင့် တောင်နဝင်းဆည်ရေအားလျှပ်စစ်စီမံကိန်း (SNHP) ကို ပြန်လည်ဆက်လက် အကောင်အထည်ဖော်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ။ နံပါတ်(၂) ရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်အကောင်အထည်ဖော်ပေးနိုင်ရန် အစီအစဉ်ရှိပါက မည်သည့် အချိန်၊ ခုနှစ်တွင်စတင်ပြီး မည်သည့်အချိန်တွင် ပြီးစီး၍ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည်။ မေးခွန်း နံပါတ် (၃) နိုင်ငံတော်ဓာတ်အားစနစ်နှင့် ပေါင်းတလည်ဓာတ်အားခွဲစက်ရုံ ၆၆/၃၃ ကေဗွီမှ တစ်ဆင့် ပေါင်းတလည်-ပေါက်ခေါင်း ၃၃ ကေဗွီ မဟာဓာတ်အားလိုင်းသွယ်ထားရန် အစီအစဉ်ရှိပါက ဒေသ အတွင်း လျှပ်စစ်အာမခံချက် ၁၁ ကေဗွီအေ သီးခြားလိုင်းနှင့် လိုအပ်သလို ခွဲခြားဓာတ်အား ဖြန့်ဖြူး နိုင်ရန်အစီအစဉ်ရှိ၊ မရှိ။ မေးခွန်းနံပါတ် (၄) အထက်ပါမေးခွန်းနံပါတ် (၁၊ ၂၊ ၃) တို့ကို ဆောင်ရွက် ပေးရန် အစီအစဉ်မရှိပါက နိုင်ငံတော်က ဖိတ်ခေါ်အားပေးမှု အစီအစဉ်သုံးရပ်အနက်တစ်ခုဖြစ်သော တိုင်းရင်းသားကုမ္ပဏီတစ်ခုခုမှ ဘီအိုတီစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြု၊ မပြုကို သိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံအား ၁၉၈၅-၁၉၈၆ ခုနှစ်တွင် ဂျပန်နိုင်ငံပင်လယ် ရပ်ခြား စီးပွားပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့မှချေးငွေဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စက်အင်အား ၁.၁ မဂ္ဂါဝပ် စက် ၂ လုံးတပ်ဆင်၍ နှစ်စဉ်ပျမ်းမျှ ၉.၅၅ ကီလို ဝပ်နာရီသန်းပေါင်း ထုတ်လုပ်ရန်လျာထားခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အခြေအနေအရပ်ရပ်ကြောင့် လျှပ်စစ်ကဏ္ဍအတွက် ချေးငွေရပ်ဆိုင်းခဲ့ပြီး တော့ ဆည်စီမံကိန်းလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၄-၁၉၉၅ ခုနှစ်မှာ တောင်နဝင်းရေလှောင်တမံပြီးစီးခဲ့ပြီး တမံအောက်ခြေမှထွက်သည့် ပင်မဖိအားမြှင့်ပိုက်လိုင်း စိုက်ပျိုးရေပေးဝေမည့် ပိုက်လိုင်းနှင့် ရေအားလျှပ်စစ်စက်နှစ်လုံးအတွက် ပြွန်နှစ်ခွ Bifurcation ပြုလုပ်ခဲ့ပြီး သံမဏိပြားယာယီအပိတ် Bilind Cover ဖြင့် ဂဟေဆော်ထားရှိခဲ့ပါတယ်။ တောင်နဝင်း ရေလှောင်တမံဟာ ရေဝင်အားကောင်းသည့် တမံကြီးဖြစ်ပြီး နှစ်စဉ်ရေအသုံးချနိုင်မှုမှာ ၂၅၀၀၀၀ ဧကပေခန့်ရှိသော်လည်း နှစ်စဉ် နွေစပါး ၁၂၀၀၀၀ ဧကပေခန့်သာ သုံးစွဲခဲ့ပါတယ်။ တောင်နဝင်း ရေအားလျှပ်စစ်စီမံကိန်းကို  ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက တမံရဲ့အခြေ အနီးတွင် စက်ရုံတည်ဆောက်ရန် မြေကြီးတူးဖော်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ရေလှောင်ပမာဏ များပြားချိန်မှာ မြေကြီးတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါက တမံရဲ့လုံခြုံစိတ်ချရမှုအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ခြင်း၊ အလွန်ခက်ခဲခြင်းတို့ကြောင့် ရေအား လျှပ်စစ်ဆက်နွယ်သည့် လုပ်ငန်းများအား ရပ်ဆိုင်းထားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရေအားလျှပ်စစ် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပါက ကန်ရေသေနိမ့်မြင့်မှတ်သို့ရောက်ရှိရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ရေလွှတ်ထုတ်ခြင်းလုပ်ငန်းကို စက်တင်ဘာလမှ ဒီဇင်ဘာလအထိဆောင်ရွက်ပြီး ရေအား လျှပ်စစ်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဇန်နဝါရီလမှ ဇွန်လကုန်အထိသာ ကာလတို အတွင်း အပြီးတည်ဆောက်ရန်၊ အလွန်တိုတောင်းတဲ့ ကာလအတွင်း အချိန်ကိုက်ဆောင်ရွက်ရန် များစွာအခက်အခဲရှိမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိအခြေအနေမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် တောင်နဝင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အစီအစဉ်မရှိသေး ကြောင်း ဖြေကြားအပ်ပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဟာ ပေါင်းတလည် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် ပေါက်ခေါင်းသို့ ရောက်ရှိပြီး ဖြစ်ပါတယ်။ ပေါင်းတလည်မှ ပေါက်ခေါင်းမြို့အထိ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၇.၅ မိုင် တိုးချဲ့ တည်ဆောက်ခြင်း၊ ပေါက်ခေါင်းမြို့မှာ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက် ခြင်း ပေါက်ခေါင်းမှ အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပေးနိုင်ရန် ၁၁ ကေဗွီဓာတ်အားလိုင်း  ၃ မိုင်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ဂျပန်နိုင်ငံမှပေးအပ်မည့် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ ODA-Loan ဖြင်‌့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယခုအခါ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JIKA) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၎င်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တောင်နဝင်းရေလှောင်တမံ ဟာ ရေဝင်အားကောင်းသော ရေလှောင်တမံကြီးဖြစ်ခြင်း၊ ရေအသုံးချနိုင်မှုမှာ နှစ်စဉ် ၂၅၀၀၀၀ ဧက ပေခန့်ရှိခြင်း၊ နွေစပါးအတွက် ၁၂၀၀၀၀ ဧကပေခန့်နှစ်စဉ်သုံးစွဲနေရခြင်း၊ ရေအားလျှပ်စစ်ဆက်နွယ် သည့် လုပ်ငန်းများအား လက်ရှိအခြေအနေ၌ ဆောင်ရွက်ရန်အခက်အခဲများစွာရှိခြင်းစသည်တို့ ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးသော်လည်း နိုင်ငံတော်၏ ဖိတ်ခေါ်အားပေးမှု အစီအစဉ်ဖြစ်သည့် တိုင်းရင်းသားကုမ္ပဏီတစ်ခုခုမှ BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ကျွမ်းကျင်မှုကိစ္စအားလုံး ထည့်သွင်းစဉ်းစား၍ ခွင့်ပြုသင့်ကြောင်း ဖြေကြားပါသည်။