(ဃ)-ရွှေပေါက္ကံ မြို့သစ်ရပ်ကွက် ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း သီးခြားမြို့နယ်အသစ်တစ်ခု အဖြစ် သတ်မှတ်ဖွဲ့စည်းပေးရန် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၁.၁.၂၀၁၃)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက် တစ်ခုအဖြစ် ပါဝင်လျက်ရှိတဲ့ ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ဟာ ရပ်ကွက်ခွဲပေါင်း ၁၁ ခုရှိ၍ လူဦးရေ ၅၀၀၀၀ နီးပါးရှိပါတယ်။ အစိုးရရုံး ၅ ခုနှင့် စက်မှုဇုန်တစ်ခုရှိ၍ (က)အဆင့် ရဲစခန်းလည်း ရှိပါတယ်။ တခြားရှိသင့်ရှိထိုက်တဲ့ မြို့နယ်တစ်ခု၏အင်္ဂါရပ်များနှင့်လည်း ပြည့်စုံပါတယ်။ မြို့ဧရိယာအကျယ်အဝန်း မှာလည်း မူလမြောက်ဥက္ကလာပမြို့နယ် အကျယ်အဝန်းခန့်ရှိပါတယ်။ မေးခွန်းကတော့ ရွှေပေါက္ကံ မြို့သစ်ရပ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း သီးခြားမြို့နယ်အသစ်တစ်ခုအဖြစ် သတ်မှတ် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။

[ဒေါက်တာသန်းဝင်း၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်ကိုယ်စား ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်က မေးမြန်းသည်။]


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းရဲ့ မေးခွန်းနှင့်ပတ်သက်လို့ ကျွန်တော်မှ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မှာ လက်ရှိ အခြေအနေအရ ခရိုင် ၄ ခရိုင်၊ မြို့နယ် ၄၅ မြို့နယ်၊ မြို့နယ်ခွဲ ၁ ခု၊ မြို့ ၂၁ မြို့၊ ရပ်ကွက် ၇၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၁၉ အုပ်စု၊ ကျေးရွာပေါင်း ၂၁၂၈ ရွာတို့နှင့် ဖွဲ့စည်းထားရှိပါတယ်။ ခိုင်မာသော အုပ်ချုပ်ရေးစနစ်ထူထောင်ရန်နှင့် တရားဥပဒေစိုးမိုးမှုတိုးတက်လွှမ်းခြုံနိုင်ရန် ရည်မှန်းချက်တို့နှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များကို ပြည်သူများအား ပြည့်ပြည့် ဝဝထိရောက်စွာ စီမံဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာအသစ်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရပ်ကွက်က ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်နှင့် ဖွဲ့စည်းထားရှိပြီး ဧရိယာ ၃.၃၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ မြေကွက်ပေါင်း ၁၀၁၅၇ ကွက်ဖော်ထုတ်ထားပြီး အိမ်ခြေ ၉၀၈၅ လုံး၊ အိမ်ထောင်စု ၇၇၈၀ စုနှင့် လူဦးရေ ၄၄၄၃၉ ဦး နေထိုင်လျက်ရှိပါတယ်။ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှုအနေနဲ့ (ခ)အဆင့်ရဲစခန်း၊ ဒေသန္တရ ကျန်းမာရေးဌာနခွဲ၊ အဆောက်အဦရှိ ဝန်ထမ်းဖွဲ့စည်းပုံမရှိ၊ ဆက်သွယ်ရေး၊ စာတိုက်၊ အော်တိုတယ်လီဖုန်းရုံး၊ မီးသတ်စခန်း ၃ ယူနစ်၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း၊ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း သုံးကျောင်းနှင့် ရှေှပေါက္ကံစက်မှုဇုန်တစ်ခုရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ လေ့လာသုံးသပ်တင်ပြချက်အရ မြောက်ဥက္ကလာပ မြို့နယ် တစ်ခုလုံးဟာ လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေး အဆင်ပြေချောမွေ့တဲ့ဒေသတစ်ခုဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း လက်လှမ်းမီစွာ စီမံအုပ်ချုပ် ဆောင်ရွက်နိုင်တဲ့ ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ကို သီးခြားမြို့နယ်အသစ်တစ်ခုအဖြစ် သတ်မှတ်ဖွဲ့စည်း ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။