သမဝါယမဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာငါးခုကို မေးမြန်းဆောင်ရွက်သွားခွင့်ပြုပါရန် ဥက္ကဋ္ဌကြီးအား တင်ပြပြီးတော့ ကျွန်တော့်ရဲ့ မေးခွန်းများကိုလည်း စာဖတ်ခွင့်ပြုပါရန် ခွင့်ပန်အပ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က စတင်ပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှာ တောင်သူလယ် သမားများ ငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်တာကနေ နှစ်ပေါင်း ၁၀၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ သမဝါယမအသင်းရဲ့လုပ်ငန်းတွေဟာ ဆန္ဒသဘောထားတူညီကြတဲ့ အသင်းသားများက အသင်းအဖြစ်ဖွဲ့စည်းပြီးတော့ ၎င်းတို့ရဲ့ ကိုယ်ပိုင်ရင်းနှီးငွေနဲ့ သတ်မှတ်တဲ့အစုငွေများ ထည့်ဝင်ပြီး တော့ အသင်းရဲ့အကျိုး၊ အသင်းသားများရဲ့အကျိုးရရှိအောင် အသင်းသားများရဲ့ သဘောတူညီချက် ဖြင့် ရွေးချယ်ခဲ့တဲ့ အမှုဆောင် ဒါရိုက်တာများက တာဝန်ယူကြတာဖြစ်ပါတယ်။ လူမှုစီးပွားရေးကို လုပ်ရတဲ့အတွက် လွတ်လပ်တဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယနေ့ မြန်မာနိုင်ငံမှာ သမဝါယမအသင်းအဆင့်ဆင့် ဘယ်လိုသတ်မှတ်ထားပါသလဲ။ ဖွဲ့စည်းပြီး သမဝါယမအသင်းပေါင်း ဘယ်လောက်ရှိပါသလဲ။ အသင်းအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ဘယ်လိုလုပ်ကိုင်နေကြ ပါသလဲ။ တစ်နိုင်ငံလုံးအသင်းသားပေါင်း ဘယ်လောက်ရှိပါသလဲ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို မည်သို့မည်ပုံ အထောက်အကူပြုနေပါသလဲဆိုတာ အကြောင်းအရာ (၁) အဖြစ် မေးမြန်းအပ်ပါတယ်။ အကြောင်းအရာ(၂)အဖြစ် မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်မှာ သမဝါယမလုပ်ငန်းများ ပြန်ကြည့်ရင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သလို ဆုံးရှုံးမှုများလည်း ရှိခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က သမဝါယမလုပ်ငန်းကို ဒုတိယမဏ္ဍိုင်ထားရှိပြီး ၁၉၇၀ ခုနှစ် သမဝါယမဥပဒေနှင့် ဖွဲ့စည်းလုပ်ကိုင်ခဲ့တဲ့အခါမှာ အထင်ပေါ်ဆုံးကာလတစ်ခုဖြစ်ခဲ့ ပါတယ်။ သို့သော်လည်း သမဝါယမရဲ့လုပ်ငန်းများဟာ အသင်းမှာပါဝင်တဲ့အသင်းသားများရဲ့ ဆန္ဒသဘောထားနဲ့ လွတ်လပ်စွာရပ်တည်ပြီးတော့ လူမှုစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရမှာ ဖြစ်သော်လည်း ၎င်းကာလအစိုးရရဲ့ စွက်ဖက်မှုများစွာရှိတဲ့အတွက် လုပ်ငန်းများ ကျဆင်းခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာသမဝါယမအသင်းတွေရဲ့လုပ်ငန်းကို လေ့လာမယ်ဆိုရင်လည်း အစိုးရများက ဝင်ရောက်စွက်ဖက်မှုလုံးဝကင်းတဲ့အခါမှာ သမဝါယမအသင်းများရဲ့ လိုအပ်တဲ့ငွေကြေးနည်းပညာ အချက်အလက်မှန်သမျှကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ တစ်နိုင်ငံလုံး သမဝါယမအသင်းပိုင်ပစ္စည်းများ၊ ငွေကြေးများမြောက်မြားစွာ ဆုံးရှုံးခဲ့သော်လည်း နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးကာလမှာ တင်ရှိခဲ့တဲ့ အစိုးရဘဏ်ချေးငွေ ၅ ဘီလီယံကျော်ကိုလည်း သမဝါယမအသင်းများက ပြန်လည်ပေးဆပ်ပြီးပြီဖြစ်တဲ့အတွက် ယနေ့ကာလမှာ အစိုးရနဲ့ ကြွေးမြီ ကင်းတဲ့ အဖွဲ့အစည်းများလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုပ်ငန်းရပ်ဆိုင်းနေတဲ့ သမဝါယမ အသင်းတွေကို ရှင်သန်ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်ပေးရမလဲ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ သမဝါယမ အသင်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ငွေကြေးနည်းပညာပံ့ပိုးမှုများ မည်သို့ပေးနေပါသလဲ။ ခေတ်အဆက်ဆက်က သမဝါယမအသင်းသားများ ပိုင်ဆိုင်ခဲ့တဲ့ ငွေပစ္စည်းများကို လက်ခံပြီးတော့ အသင်းသားအသင်းဝင်များရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မှုမရှိဘဲ ကိုယ်ကျိုးအတွက်သာ ကြည့်ပြီးတော့ လုပ်ကိုင်နေကြတဲ့ အမှုဆောင်ဒါရိုက်တာတွေကိုလည်း ဘယ်လိုပြုပြင်ပြောင်းလဲဖို့ အစီအမံများ လုပ်ထားပါသလဲ။ အကြောင်းအရာ(၃)အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရအဖွဲ့ကာလမှာ ၁၉၉၂ ခုနှစ် သမဝါယမဥပဒေကို ပြဋ္ဌာန်းပြီးတော့ အကောင်အထည်ဖော်ခဲ့ပါ တယ်။ ဥပဒေဟာ အလွန်လွတ်လပ်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်များကို အများကြီး ပေးထားတာဖြစ်ပါတယ်။ သို့သော် ၁၉၉၈ ခုနှစ်က သမဝါယမဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ခဲ့တဲ့ သမဝါယမအသင်းနည်းဥပဒေဟာ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေမှာ မပါဝင်တဲ့ အချက်အလက်များကို ဥပဒေကို ကျော်လွန်ပြီး ထုတ်ပြန်ထားတဲ့အတွက် လုပ်ငန်းများကို လုပ်ကိုင် တဲ့နေရာမှာ လုပ်ငန်းလုပ်ရတာထက် သမဝါယမဝန်ကြီးဌာနအဆင့်ဆင့်နဲ့ အသင်းအချင်းချင်းစာရင်း ရှင်းလင်းနေရတဲ့ကိစ္စကများခဲ့ပါတယ်။ သမဝါယမဦးစီးဌာနအဆင့်ဆင့်ရဲ့တာဝန်ကိုလည်း လေ့လာ ကြည့်ရာမှာ (Organization)အသင်းများကို ဖွဲ့စည်းပေးခြင်း၊ (Education) ပညာပေးခြင်း၊ (Regulation) ထိန်းကျောင်းတည့်မတ်ခြင်းဟာ တွေ့ရှိရပါတယ်။ သို့သော်လည်း (Regulation)ကို ကြီးကြပ်ကွပ်ကဲလို့ အဓိပ္ပာယ်ကောက်ယူပြီး ကြီးကြပ်မှုနဲ့ စွက်ဖက်မှုများ ရောထွေးလာတဲ့အတွက် သမဝါယမအသင်းများရဲ့လုပ်ငန်းများ လုပ်ကိုင်ချိန်မဟုတ်တဲ့ အတည်ပြုချက်မယူရဘဲ ဘာမှလုပ် မရတဲ့အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေပါ အချက်အလက် များကို ကျော်လွန်ပြဋ္ဌာန်းထားတဲ့ ၁၉၉၈ ခုနှစ် သမဝါယမအသင်းနည်းဥပဒေများကို ပြင်ဆင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းလိုပါတယ်။ ဆက်စပ်မှု(၄)အရ သမဝါယမအသင်းများဟာ အသင်းသား များရဲ့ကိုယ်ပိုင် ငွေကြေးနဲ့ဖွဲ့စည်းပြီး အသင်းရဲ့လုပ်ငန်းကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ သမဝါယမဦးစီးဌာနက ထုတ်ပြန်ထားတဲ့ သမဝါယမအသင်းများကို စာရင်းရှင်းလင်း ရာမှာ စာရင်းရှင်းတာဝန်ခံက လိုက်နာဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းပါအတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒီစာရင်းများကို စာရင်းရှင်းလင်းဖျက်သိမ်းတဲ့အခါမှာ ပိုလျှံလာတဲ့ အသားတင်ပိုလျှံငွေကို နိုင်ငံတော်ကို တစ်လုံးတစ်စည်းသော ရန်ပုံငွေထဲကို ပေးသွင်းရတဲ့ လုပ်ထုံးလုပ်နည်းဟာ ယနေ့အထိမပျက်သေး တာဖြစ်ပါတယ်။ သမဝါယမအသင်းများဟာ စိတ်တူကိုယ်တူဆန္ဒတူစုပေါင်းပြီး တော့ ကိုယ်ပိုင်ငွေကြေးနဲ့စုပေါင်းလျက် လုပ်အားများစုပေါင်းလျက် အသင်းသားများရဲ့ လူမှုစီးပွားရေး လုပ်ငန်းကိုလုပ်ကိုင်ရင်း နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အခွန်အခများလည်းပေးဆောင်နေတဲ့ အသင်းများလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အသင်းသားပိုင်ငွေကြေးများကို အသင်းစာရင်း ရှင်းလင်းဖျက်သိမ်းတဲ့အခါမှာ ယခုကျင့်သုံးနေတဲ့ စာရင်းရှင်းလင်းဖျက်သိမ်းရေးလုပ်ထုံးလုပ်နည်းကို ပြင်ဆင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းလိုပါတယ်။ ဆက်စပ်မှု(၅)အရ သမဝါယမဝန်ကြီးဌာနရဲ့ လက်အောက်မှာ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမပို့ကုန် သွင်းကုန်လုပ်ငန်းစတဲ့ ဌာနနှစ်ခုနဲ့ လုပ်ငန်းတစ်ခုဖွဲ့စည်းထားတာကို လေ့လာတွေ့ရှိရပါတယ်။ ပြည်ပ နိုင်ငံမှာဖြစ်တဲ့ ဂျပန်နိုင်ငံ၊ ကိုရီးယား၊ ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံမှာရှိတဲ့ သမဝါယမ အသင်းများဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်များရရှိပြီးတော့ အစိုးရကမစွက်ဖက်ဘဲ လုပ်ငန်း များ အောင်မြင်နေတဲ့အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ သမဝါယမဝန်ကြီးဌာန လက်အောက် မှာရှိသော အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်းတို့ဟာ သမဝါယမလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်ရန် ဘယ်လိုဆောင်ရွက်ပါနေသလဲလို့ မေးမြန်းပါသည်။
မေးခွန်းအကြောင်းအရာ(၅)မျိုးကို အပိုင်းသုံးပိုင်းခွဲခြား ဖြေဆိုရမည်ဖြစ်ခြင်း၊ ပြည့်စုံရှင်းလင်း အောင် ဖြေဆိုရမည်ဖြစ်ခြင်းတို့ကြောင့် အချိန်အနည်းငယ် ကြာမြင့်မည်ကို သည်းခံခွင့်လွှတ်ပေးပါရန် တင်ပြ အပ်ပါတယ်ခင်ဗျား။ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်တင့်ရဲ့ မေးခွန်းနံပါတ်(၁)ကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ် သမဝါယမ အက်ဥပဒေနှင့် အညီ သမဝါယမအသင်းအဆင့်ဆင့်ကို အခြေခံသမဝါယမအသင်း၊ သမဝါယမ အသင်း၊ သမဝါယမ အသင်းစုချုပ်၊ ဗဟိုသမဝါယမအသင်းဟု အသင်းအဆင့်လေးဆင့် သတ်မှတ်ထား ပါတယ်။ ဖွဲ့စည်းပြီး သမဝါယမအသင်းပေါင်း ၁၁၇၆၆ သင်းရှိပြီး အသင်းသားပေါင်း ၁၈၈၅၆၉၂ ဦး ဖြင့် ဖွဲ့စည်းထားရှိပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် ထုတ်လုပ်မှုကဏ္ဍတွင် ၆၅၀၆ သင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၂၂၁၃ သင်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၃၀၄၇ သင်းတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေးအတွက် သမဝါယမဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်နေမှုကို ဆက်လက် ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ သမဝါယမဝန်ကြီးဌာနအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်တွင်ပါဝင်တဲ့ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရည်မှန်းပြီး ဦးတည်ချက်နှစ်ရပ်နဲ့ လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီဦးတည်ချက်နှစ်ရပ်ကတော့ (၁) ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအွခေခံ လူတန်းစားများရဲ့ လူမှုဘဝတိုးတက်လာစေရန်၊ (၂) တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် သမဝါယမစီးပွားရေးလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက်အကူပြု ဆောင်ရွက်ပေးရန်တို့ပဲ ဖြစ်ပါတယ်။ အထက်ပါဦးတည်ချက်နှစ်ရပ်ကို အောင်မြင် ဖို့ လုပ်ငန်းစဉ်ငါးရပ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်ငါးရပ်ကတော့ (၁) ကျေးရွာတိုင်း မှာ အနည်းဆုံး အွခေခံသမဝါယမအသင်းတစ်သင်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးပြီး လိုအပ် သော လုပ်ငန်းအရင်းအနှီး၊ ချေးငွေများကို စဉ်ဆက်မပြတ်ထုတ်ချေးပေးခြင်းဖြင့် နောင် လေး၊ ငါးနှစ် အတွင်း မိမိဘာသာရပ်တည်လာနိုင်အောင် Sustainable Development ဖြစ်အောင်ဆောင်ရွက် ပေးရန်၊ (၂) လုပ်ငန်းစဉ်(က)တွင် ထုတ်ချေးပေးရမည့် ငွေကြေးအရင်းအနှီးရရှိစေရေးအတွက် အများပိုင်ငွေကြေးအဖွဲ့အစည်းတစ်ခု/ Microfinance Bank တစ်ခုပေါ်ပေါက်လာအောင် ဆောင်ရွက်ပြီး ချေးငွေများထောက်ပံ့ပေးရန်၊ (၃) ဖွဲ့စည်းပြီးတဲ့ အဆင့်ဆင့်သော သမဝါယမအသင်း များသည် ပြန်လည်ရှင်သန်အောင်နှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုစတဲ့လုပ်ငန်းများကို ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ကျယ်ပြန့်စွာဖြင့် ဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးရန်၊ (၄) သမဝါယမတက္ကသိုလ်/ ကောလိပ်များမှ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အွခေခံ ပြည့်ဝသော သမဝါယမစီးပွားရေးပညာကို ကျွမ်းကျင်တတ်မြောက်တဲ့ ပညာတတ်များမွေးထုတ်ပေးရန်၊ (၅) သမဝါယမသင်တန်းကျောင်းများမှ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အွခေခံပြည့်ဝ သော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်တို့ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် (၁)နဲ့ ပတ်သက်ပြီးတော့ ကျေးရွာတိုင်းမှာ အနည်းဆုံး အွခေခံသမဝါယမအသင်းတစ်သင်းဖြစ် ပေါ်လာအောင် ဆောင်ရွက်ပေးပြီး လိုအပ်သော လုပ်ငန်းအရင်းအနှီးချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးပေးခြင်းဖြင့် နောင်လေးနှစ်၊ ငါးနှစ်အတွင်း မိမိဘာသာရပ်တည်နိုင်အောင် Sustainable Development ဖြစ်အောင်ဆောင်ရွက်ပေးရန်အတွက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး နဲ့ ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနနဲ့ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမဦးစီးဌာနနဲ့ မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ စည်းရုံးဖွဲ့စည်းခြင်း၊ ပညာပေးွခင်း၊ မြို့နယ်အလိုက် ကွင်းဆင်းအဖွဲ့များကိုဖွဲ့စည်းပြီး ရပ်ကွက်/ ကျေးရွာများ အရောက်ကွင်းဆင်း၍ သမဝါယမသဘောတရားနဲ့ သမဝါယမလုပ်ထုံးလုပ်နည်းစနစ် များကို ပြည်သူများကြား ပြန့်ပွားအောင်စည်းရုံးဟောပြောကာ သမဝါယမလုပ်ငန်းကို စိတ်ပါဝင်စားစွာ ဆန္ဒရှိတဲ့ ကျေးရွာများမှ ဆန္ဒတူသူများကို ငါးဦးထက်မနည်း၊ ၁၀ ဦးထက်မများတဲ့ ဝိုင်းကြီးချုပ်အဖွဲ့ များ ဖွဲ့စည်းပေးပါတယ်။ ဝိုင်းကြီးချုပ်အဖွဲ့မဖွဲ့မီ အဲဒီဝိုင်းကြီးချုပ်အဖွဲ့မှာပါဝင်မယ့် အသင်းသားလောင်း များကို ဖွဲ့စည်းရေးအဖွဲ့က အောက်ပါအချက်သုံးချက်ကို ရှင်းလင်းပြပါတယ်။ (က) ချေးယူတဲ့ငွေများ ကို အလွဲသုံးစားခြင်းမပြုအောင် အဖွဲ့ဝင်အချင်းချင်းထိန်းရန်၊ (ခ) ချေးယူငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအထွေထွေလုပ်ငန်းများကို တကယ်ထိရောက်စွာ အသုံးပြုစေရေး၊ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်စေရေးအချင်းချင်းထိန်းသိမ်းကူညီရန်၊ (ဂ)သတ်မှတ်ကာလတွင် ချေးငွေ နှင့်ဝန်ဆောင်စရိတ်(အတိုး)ကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်အောင် အချင်းချင်း ထိန်းစေရန်၊ အဖွဲ့ဝင်တစ်ဦး မဆပ်ပါက ကျန်အဖွဲ့ဝင်များမှ တာဝန်ယူပေးဆပ်စေရန်။
အဲဒီသုံးချက်ကို သဘောတူညီပြီး ဝိုင်းကြီးချုပ်အဖွဲ့ဝင်မည့်သူများက တာဝန်ယူပြီဆိုမှ ဝိုင်းကြီးချုပ်အဖွဲ့များကို ဖွဲ့စည်းတာ ဖြစ်ပါတယ်။ အဆိုပါဝိုင်းကြီးချုပ်အဖွဲ့များကို စုစည်း၍ သမဝါယမအသင်းအဖြစ် ဖွဲ့စည်းခြင်း၊ အသင်းအမှုဆောင်များကို အများဆန္ဒနှင့်အညီ ဒီမိုကရေစီ နည်းလမ်းတကျဖြင့် ရွေးချယ်ခြင်း၊ အသင်းဖွဲ့စည်းရာတွင် အရေအတွက်ကို ဦးစားမပေးဘဲ အရည်အချင်းရှိသော ခိုင်မာတဲ့သမဝါယမအသင်းများ ဖြစ်ပေါ်လာရေးကို ဦးစားပေး၍ ဖွဲ့စည်းခြင်း၊ အသင်းအမှုဆောင်များနဲ့ အသင်းဝန်ထမ်းများအား သမဝါယမသဘောတရားနှင့် အသင်းလုပ်ထုံး လုပ်နည်းများ၊ စာရင်းဇယားကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်းစသည် တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဝိုင်းကြီးချုပ်အဖွဲ့များကို အွခေခံပြီး သမဝါယမအသင်းများ ဖွဲ့စည်းပြီးတဲ့အခါ ၎င်းတို့က စိစစ်တင်ပြတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထွေထွေလုပ်ငန်းများ စသည့်လုပ်ငန်းများအလိုက် လိုအပ်တဲ့မတည်ရင်းနှီးငွေများကို ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ သမဝါယမဝန်ကြီးဌာန၏ ဦးတည်ချက်နဲ့ လုပ်ငန်းစဉ်များကို ချမှတ်၍ စတင်အကောင်အထည်ဖော်တဲ့ ၁-၁၀-၂၀၁၂ ရက်နေ့မှ ၂၆-၁၂-၂၀၁၂ ရက်နေ့အထိ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ အသင်းသား ပေါင်း ၃၀၆၁၉၃ ဦးဖြင့် သမဝါယမအသင်းစုတစ်ခုနှင့် အွခေခံသမဝါယမအသင်းပေါင်း ၅၈၉၄ သင်း၊ စုစုပေါင်း ၅၈၉၅ သင်းကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ကျေးလက်နေပြည်သူများ၊ မြို့ပြနေအွခေခံ လူတန်းစားများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်လျက်ရှိသော ငွေကြေး အရင်းအနှီးရရှိရေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အတွင်းမှာရှိတဲ့ မြို့နယ် ၂၃၆ မြို့နယ်၊ အသင်းပေါင်း ၂၉၂၄ သင်း၊ အသင်းသားပေါင်း ၁၅၆၆၈၇ ဦးသို့ ပံ့ပိုးချေးငွေကျပ်သန်း ၁၀၆၃၀.၈၃၉ သန်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်၍ ကျန်ရှိတဲ့ တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်သုံးခုမှာရှိတဲ့ သမဝါယမ အသင်းများအား ဆက်လက်ထုတ်ချေးပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ထုတ်ချေး ပေးတဲ့အခါမှာ စုဆောင်းတတ်တဲ့ အလေ့အကျင့်ရရှိရေးအတွက် ချေးငွေရယူသော အသင်းသားတိုင်း က ပထမအကြိမ်ချေးယူစဉ် အစုငွေအဖြစ် ၅၀၀၀ ထည့်ဝင်စုဆောင်းရပါတယ်။ ဒုတိယအကြိမ် တိုးမြှင့်ထုတ်ချေးပါကလည်း ချေးငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အသင်းသား၏ စုဆောင်းငွေအဖြစ် ပေးသွင်း စေပြီး ကျန်ချေးငွေကိုသာ လုပ်ငန်းများတွင် အသုံးပြုပါတယ်။ အလားတူ နောက်ထပ်အကြိမ်များမှာ လည်း တစ်ကြိမ်ချေးတိုင်း ထုတ်ချေးငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စုဆောင်းစေပြီးကျန်ငွေကို လုပ်ငန်း များမှာ အသုံးပြုစေပါတယ်။ ဒီစနစ်အရ အသင်းသားတစ်ဦးချင်းအနေနဲ့ အကျိုး ၃ ခု ရရှိမှာ ဖြစ်ပါ တယ်။ ပထမအကျိုးကတော့ ငွေသားချေးယူရာမှာ တစ်လကို ၁၀ တိုး၊ ၁၅ တိုး၊ သီးနှံဖြင့် ထုတ်ချေး ယူရာမှာ လုံးတိုး၊ လုံးခွဲတိုးစတဲ့ အတိုးနှုန်းကြီးကြီးဖြင့် ပြင်ပကချေးယူရန်မလိုဘဲ သက်သာသောစရိတ် ွဖင့် လုပ်ငန်းစရိတ်များချေးယူရရှိမှာ ဖြစ်ပါတယ်။ ဒုတိယအကျိုးကတော့ မိမိတို့ရဲ့ ကိုယ်ပိုင် စုဆောင်းငွေများတိုးပွားလာခြင်း ဖြစ်ပါတယ်။ တတိယအကျိုးအနေနဲ့ မိမိတို့ကိုယ်ပိုင်စုဆောင်းငွေ အပေါ်မှာ အကျိုးအမြတ်ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ထို့အတူပဲ ကျေးရွာသမဝါယမအသင်းမှာလည်း အကျိုးသုံးခုရရှိပါတယ်။ ပထမအကျိုးအနေနဲ့ အသင်းရဲ့လုပ်ငန်းဆောင်ရွက်မှုအပေါ်မှာ သတ်မှတ် ထားတဲ့ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒုတိယအကျိုးအနေနဲ့ အသင်းသားများရဲ့ အစုငွေ၊ စုဆောင်းငွေများနဲ့အသင်း၏ လုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာနိုင်တဲ့ အကျိုးရရှိမှာ ဖြစ်ပါတယ်။ တတိယအကျိုးအနေနဲ့ မိမိအသင်းပိုင်ငွေဖြင့် အလုပ်လုပ်ခြင်းအတွက် အသင်းမှအကျိုးအမြတ် ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် နောင် လေး၊ ငါးနှစ်ကြာရင် အသင်းသားတစ်ဦးချင်းအနေနဲ့ရော ကျေးရွာ သမဝါယမအသင်းအနေနဲ့ရော မိမိဘာသာမိမိရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မေးခွန်းနံပါတ်(၂)နဲ့နံပါတ်(၅)ကို တစ်ပေါင်းတည်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင် အသင်းအသစ်ဖွဲ့စည်းတဲ့ သမဝါယမအသင်း ပေါင်း ၅၈၉၅ သင်းအနေနဲ့ ၄ ကြိမ်လောက် ငှေချေးပြီးတဲ့အခါမှာ အသင်းအနေနဲ့ လုပ်တတ်ကိုင်တတ်ရှိပြီး ငွေကြေးအင်အား တောင့်တင်းခိုင်မာလာပြီး သင့်တော်သော ငွေကြေး အင်အားရှိလာမှာဖြစ်ပါတယ်။ အဲဒီအခါမှာ အသင်းသားများလိုအပ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစု၊ မျိုး၊ ဓာတ်ွမေသြဇာ၊ မွေးမြူရေးလုပ်ငန်းအတွက် သားပေါက်၊ ဆေး၊ အစာ စသည်များကို အသင်းသားတွေဆီက ဆန္ဒသဘောထားရယူပြီး ဝယ်ယူခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်းတို့ကို အသင်းမှ စာရင်းမှတ်စနစ်ဖြင့် ထုတ်ပေးပြီး သီးနှံ၊ ထုတ်ကုန်ပြန်ပေါ်တဲ့အခါမှာ ကာလပေါက်ဈေး သို့မဟုတ် အသင်းသားအများစု၏ သတ်မှတ်ဆုံးဖြတ်တဲ့ဈေးနှုန်းနဲ့ ပြန်ယူပြီး အသင်းအနေနဲ့ ပြန်လည် ရောင်းချနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းသစ်များမဖွဲ့မီ ဖွဲ့စည်းမှတ်ပုံတင်ပြီး သမဝါယမအသင်းပေါင်း ၁၁၇၆၆ သင်းအနက် ရှင်သန်ပြီးလုပ်ငန်းများဆောင်ရွက်နေသည့်အသင်း ၅၅၈၃ သင်း၊ ရှင်သန်မှုအားနည်းသည့် အသင်း ၅၄၆၀ သင်းအလုပ်မလုပ်နိုင်သော အသင်း ၇၂၃ သင်း တို့ကို ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ပံ့ပိုးပေးပြီး ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးသွား မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ သက်ဆိုင်ရာအသင်းရဲ့ဆန္ဒအပေါ်မှာ မူတည်ပြီး ကုန်ထုတ်လုပ်မှုအသင်းများ အဖြစ်သော်လည်းကောင်း၊ ကုန်သွယ်မှုအသင်းများအဖြစ်သော် လည်းကောင်း၊ ဝန်ဆောင်မှုအသင်းများ အဖြစ်သော်လည်းကောင်း၊ ကျေးရွာ သို့မဟုတ် သမဝါယမ အသင်းတစ်ခုတွင် ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေးသော်လည်းကောင်း၊ စိုက်ပျိုးရေးကိုအခြေခံ သည့် Agro Base SME သမဝါယမအသင်းများ အဖြစ်တက်လှမ်းနိုင်သော အသင်းများအဖြစ်သော် လည်းကောင်း ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ သမဝါယမဦးစီးဌာနအနေနဲ့ ကုန်ထုတ်စက်မှု လယ်ယာသမဝါယမ အသင်းများဖြစ်အောင် Power Point မှာ နောက်ဆက်တွဲ(က)ပါ အတိုင်းပံ့ပိုးပေး သွားမှာ ဖြစ်ပါတယ်။ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက သစ်သီးတာရှည်ခံသင်တန်း၊ သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း၊ သစ်သီးယိုစုံနှင့် ဖျော်ရည်ထုတ်လုပ် နည်းသင်တန်း၊ အခြေခံလျှပ်စစ်သင်တန်း၊ ဝါးလက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ သဘာဝဆိုးဆေးနဲ့ ဓာတုဆိုးဆေးသင်တန်းစတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်များကို တိုးချဲ့ဆောင်ရွက်ပေးပြီး Agro Base SME သမဝါယမအဆင့်တက်လှမ်းနိုင်အောင် Power Point မှာတင်ပြထားတဲ့ နောက်ဆက်တွဲ (ခ) ပါအတိုင်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်းအနေနဲ့ စိုက်ပျိုးရေး သမဝါယမအသင်းများတည်ရှိရာ ကျေးရွာအလိုက်၊ နယ်မြေဒေသအလိုက် ထုတ်ကုန်သယ်ပို့လမ်း ကြောင်းများရွေးချယ်၍ ရောင်းဝယ်ရေးသမဝါယမအသင်းများဖြစ်လာအောင် ပံ့ပိုးဆောင်ရွက်ပေးပြီး ထွက်ကုန်သီးနှံများအား ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချပေးခြင်း၊ အသင်းနှင့် အသင်းသားများ လိုအပ်သောလယ်ယာသုံး၊ အိမ်သုံး၊ ကုန်ထုတ်လုပ်ငန်းသုံး စက်ကိရိယာများအား ပြည်ပမှမှာယူတင်သွင်းပေးခြင်း၊ သမဝါယမလမ်းကြောင်းမှ သွင်းအားစုများ ဖြန့်ဖြူးရောင်းချပေးခြင်း စတဲ့လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးပြီး ကုန်သွယ်မှု၊ ဝန်ဆောင်မှုသမဝါယမအသင်းများ ဖြစ်လာအောင် Power Point မှာ တင်ပြထားတဲ့ နောက်ဆက်တွဲ (ဂ) ပါအတိုင်းပံ့ပိုးပေးသွားမှာ ဖြစ်ပါ တယ်။ ဖွဲ့စည်းပြီး သမဝါယမအသင်းများရဲ့ လုပ်ငန်းများအမှန်တကယ် ဖွံ့ဖြိုးရှင်သန်လာစေရန် အတွက် အောက်ပါအတိုင်းပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်-
အရင်းအနှီးရရှိရေးအတွက် သမဝါယမဘဏ်၊ အများပိုင်ငွေကြေးကုမ္ပဏီ၊ Microfinance Bank တို့မှ အဓိကဖြည့်ဆည်းဆောင်ရွက်ခြင်း၊ သမဝါယမအချင်းချင်းချေးငှားခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကဖြင့်လည်းကောင်း၊ နိုင်ငံတကာကုမ္ပဏီအဖွဲ့များဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ Aids၊ Grants များရရှိအောင်ရှာကြံခြင်း၊ Concessional Loan များရအောင် ရှာကြံခြင်း၊ နည်းပညာရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သမဝါယမဝန်ကြီး ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အိမ်တွင်းမှုလုပ်ငန်းနည်းပညာများ ဖြန့်ဖြူး ပေးခြင်း၊ သမဝါယမသင်တန်းကျောင်းများက အသက်မွေးဝမ်းကျောင်း Vocational Training များ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လေ့ကျင့်သင်ကြားပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီရယူ ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ခြင်း၊ ဈေးကွက်ရရှိရေးအတွက် ထုတ်လုပ်ရေး သမဝါယမအသင်းများ က လယ်ယာထွက်ကုန်အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း၊ ရောင်းဝယ်ရေးသမဝါယမများ၊ ဝန်ဆောင်မှု သမဝါယမများနှင့် ချိတ်ဆက်ခြင်း၊ ဈေးကွက်တည်ဆောက်ခြင်း၊ ပုဂ္ဂလိက Trading Company များ၊ နိုင်ငံတကာ Company များနှင့်ဆက်စပ်၍ ဈေးကွက်တည်ဆောက်ခြင်း၊ အနာဂတ်တွင် ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများမှာကဲ့သို့ အရောင်းဌာနများဖွဲ့စည်းခြင်း၊ စားသုံးသူသမဝါယမအသင်းများ ဖွဲ့စည်း၍ ဈေးကွက်ကို ဖော်ဆောင်ခြင်းတို့ မျှော်မှန်းဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရရှိရေးအတွက် Production Cost ၊ Transaction Cost ၊ Transport Cost လျှော့ချခြင်း၊ နည်းပညာအသစ် အသုံးပြုခြင်း၊ မိမိလုပ်ငန်းရဲ့ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ပြီး Winning Formula များ ရှာကြံဖော်ထုတ်အသုံးပြုစေခြင်း၊ သင်တန်းများ၊ ပြည်တွင်း ပြည်ပဆွေးနွေးပွဲများဖြင့် ဆောင်ရွက် ခြင်း၊ လူ့အရင်းအမြစ်ရရှိရေးအတွက် သမဝါယမတက္ကသိုလ်နှင့် ကောလိပ်များ၊ သမဝါယမသင်တန်း ကျောင်းများက လေ့ကျင့်မွေးထုတ်ပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်မည့် Vocational Training Course အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကိုလည်း တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးခြင်း။ စိုက်ပျိုးရေး၊ မွေးမြူရေး အထောက်အကူပြုကဏ္ဍအတွက် မျိုးကောင်း မျိုးသန့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးထုတ်လုပ်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ လုံလောက်အောင်ပံ့ပိုးထုတ်လုပ်ခြင်း၊ လယ်သမားများအလွယ်တကူ ပစ္စည်းမှန်၊ ဈေးမှန်ဝယ်ယူရရှိ နိုင်စေရေး မြို့နယ်၊ ကျေးရွာသမဝါယမအသင်းများက ဝယ်ယူဖြန့်ဖြူးသည့်စနစ် ဖော်ဆောင်ပေးခြင်း၊ အသိပညာပေးကဏ္ဍအနေနဲ့ ပြည်သူများက သမဝါယမစနစ်နှင့် သမဝါယမလုပ်ငန်းများအပေါ် ယုံကြည်မှုရှိလာအောင် ပြန်လည်တည်ဆောက်ခြင်း၊ ပြည်သူများရဲ့ ဖွံ့ဖြိုးတိုးတက်လိုသောစိတ်၊ ကိုယ့်အားကိုယ်ကိုးသောစိတ်၊ တကယ်လုပ်လျှင် တကယ်ဖြစ်သည်ဆိုတဲ့ ယုံကြည်စိတ်၊ ပူးပေါင်း ဆောင်ရွက်လိုသောစိတ်များ ရှင်သန်တက်ကြွလာအောင် ဗဟိုသမဝါယမအသင်းနဲ့ အများပိုင်ငွေကြေး ကုမ္ပဏီတို့၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် သမဝါယမပညာပေးအဖွဲ့များဖွဲ့စည်း၍ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ မိမိတို့နိုင်ငံမှာ FDI Law အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်းမှာ မကြာမီ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ထို့အတူ ASEAN 2020 Vision အရ ၂၀၁၅ ခုနှစ်မှစ၍ ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု၊ ကျွမ်းကျင်လုပ်သားများနှင့် ငွေကြေးအရင်းအနှီးများ လွတ်လပ်စွာစီးဝင်ခွင့်ကို ခွင့်ပြုပေးရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေများဟာ မိမိတို့နိုင်ငံအတွက် စိန်ခေါ်မှုများဖြစ်သလို အခွင့်အလမ်းများ လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ၂၀၁၂ ခုနှစ်ကို UN International Year of the Co-operatives အဖြစ်သတ်မှတ်ပြီး ဆောင်ပုဒ်အဖြစ် Co-operative Enterprises Build a better World ဟု ဖော်ညွှန်းခဲ့ပါတယ်။ ထို့အတူ FAO ကလည်း ၂၀၁၂ ခုနှစ်၏ ဆောင်ပုဒ်အဖြစ် Agricultural Co-operative: Key to Feeding the World ဟု ဖော်ညွှန်းခဲ့ပါတယ်။ ဒါ့ကြောင့် အထက်ပါ ရည်မှန်းချက်များကိုလည်း ဖော်ဆောင်ပေးနိုင်အောင် မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးတို့ကိုလည်း ဖော်ဆောင်ပေးနိုင်ရေးအတွက် သမဝါယမဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်၊ သမဝါယမလုပ်ငန်းများဖြင့် ကြိုးပမ်းဖော်ဆောင်သွားမှာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါတယ်။
ဆက်လက်ပြီး မေးခွန်း ၃ နဲ့ ၄ အပေါ်ကို တစ်ပေါင်းတည်း ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် သမဝါယမအသင်းနည်းဥပဒေ (မူကြမ်း)ပြင်ဆင်ရေးဆွဲရေးနှင့် သမဝါယမအသင်းများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးဆွဲရေးအတွက် သမဝါယမဝန်ကြီး ဌာန၏ ၂-၁၁-၂၀၁၂ ရက်စွဲပါစာအမှတ် ၁/၄၄ (၅၉၈၆) သမဝ-၂၀၁၂ ဖြင့် သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီးခေါင်းဆောင်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်ရုံး အဖွဲ့၊ ဗဟိုသမဝါယမအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များမှ ကိုယ်စားလှယ်များပါဝင်သော ပြင်ဆင်ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါတယ်။ ဗဟို သမဝါယမအသင်း၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ် များသို့ သမဝါယမအသင်းနည်းဥပဒေ(မူကြမ်း)အပေါ် ပြင်ဆင်၊ ဖြည်စွက်ရန် အကြံဉာဏ်များနှင့် သဘောထားများလည်း တောင်းခံရရှိပြီး ဖြစ်ပါတယ်။ ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနနဲ့ သမဝါယမအသင်းစုချုပ်များ၏ အကြံပြုချက်များနှင့် သဘောထား များကို စုစည်းပေါင်းစပ်၍ ဆွေးနွေးညှိနှိုင်း အတည်ပြုချက်ရယူပြီး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၉၈ ခုနှစ် သမဝါယမအသင်း နည်းဥပဒေကို ပြင်ဆင်ရေးဆွဲ အတည်ပြုပြီးပါက ပြင်ဆင်ရေးဆွဲ အတည်ပြု ထားသည့် သမဝါယမအသင်း နည်းဥပဒေ (အသစ်)နှင့်အညီ သမဝါယမအသင်းများ စာရင်းရှင်းလင်း ဖျက်သိမ်းရေးလုပ်ထုံးလုပ်နည်းကို ဆက်လက် ပြင်ဆင်ရေးဆွဲသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ ဦးကြည်တင့်၊ ဓနုဖြူမဲဆန္ဒနယ်က မေးတဲ့မေးခွန်းကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက အသေးစိတ်ရှင်းလင်းသွားပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိတို့ လွှတ်တော် အပိုင်းနဲ့ဆိုင်တဲ့ မေးခွန်းနံပါတ် (၃)၊ မေးခွန်းနံပါတ်(၄)ဟာ ကျွန်တော်တို့လွှတ်တော်အတွက် အရေးကြီးသလို နိုင်ငံနှင့်နိုင်ငံသားများရဲ့ အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် ဦးကြည်တင့်မေးတဲ့ မေးခွန်းကို အခြေခံပြီးတော့ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က တင်ပြချက်ပေါ်မူတည်ပြီး ဒီဟာကို မည်သို့မည်ပုံပြင်ဆင် သင့်တယ်ဆိုတာကို ဆက်လက်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ဒုတိယဝန်ကြီးတင်ပြတဲ့ အစိုးရအဖွဲ့ရုံး နိုင်ငံတော်သမ္မတထံတင်ပြထား တယ်ဆိုတဲ့ကိစ္စကလည်း မြန်မြန်ပြီးပြတ်မှ ဒီကိစ္စရပ်တွေဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မိမိတို့ပြုစု ထားတဲ့မူကြမ်းကိုလည်း ကျွန်တော်တို့လွှတ်တော်ကို ဆက်သွယ်ပေးပို့ဆောင်ရွက်ခြင်းဟာ ဒီ Regulations ကိစ္စအတွက် မြန်မြန်ဆန်ဆန်ပြီးနိုင်မယ့် သဘောရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လွှတ်တော်များပေါ်ပေါက်ခဲ့တာ ၂ နှစ်ရှိပါပြီ။ ၂ နှစ်ကာလအတွင်းမှာ အခုလို အခက်အခဲဖြစ်နေတဲ့ Regulations ကိစ္စတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ လုပ်နေပြီ၊ ဆောင်ရွက်နေပြီလို့ ပြောရုံနဲ့ လုံလောက်တဲ့ကာလမဟုတ်တော့ပါဘူး။ အရေးကြီးတာက Result ပါပဲ။ မိမိတို့ လုပ်ဆောင်ချက် Result တွေ မြန်မြန်နဲ့ ကောင်းကောင်းရောက်ရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီကိစ္စကို ၁၉၉၈ ဥပဒေ၊ နည်းဥပဒေနှင့် ၁၉၉၂ ဥပဒေတို့ရဲ့ ရှေ့နောက်ကြောင်းကျိုးမညီတဲ့ကိစ္စများကို အမြန်ဆုံးလွှတ်တော် အနေနဲ့ ဆောင်ရွက်ပြီးဆောင်ရွက်ပေးဖို့ ကော်မရှင်နှင့် သက်ဆိုင်ရာ ကော်မတီများကိုလည်း လွှတ်တော်ကတစ်ဆင့် တိုက်တွန်းလိုပါတယ်။ ထိုနည်းတူစွာပဲ ပြည်ထောင်စု အစိုးရဝန်ကြီးဌာနအနေနဲ့ လည်း မိမိတို့လုပ်ငန်းများ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်လည်း ဆက်လက်ဆောင်ရွက်ဖို့လိုကြောင်း လွှတ်တော်မှတစ်ဆင့်တိုက်တွန်း လိုပါတယ်။
