(ခ)-ဒီရေရောက်ဒေသများဆည်ဖို့ရာတွင် စက်ယန္တရားများအကူအညီပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈-၉-၂၀၁၁)

ရခိုင် ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ဒေသတစ်ခုဖြစ်လို့ မုန်တိုင်းဒဏ်ကိုမကြာခဏ ခံရလေ့ရှိပါတယ်။ ကျွန်တော်တို့ မြေပုံမြို့နယ်ဆိုရင်မုန်တိုင်းက ရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်း ပဲတိုက်တိုက်၊ တောင်ပိုင်းပဲတိုက်တိုက်၊ အလယ်ပိုင်းပဲတိုက်တိုက် အမြဲတမ်းခွဲတန်းရတဲ့မြို့နယ်တစ်ခု ဖြစ်ပါတယ်။ မနှစ်ကလည်း ဂီရိမုန်တိုင်းဒဏ်ကြောင့် အလူးအလဲခံခဲ့ရပါသေးတယ်။ အဓိကဆုံးရှုံး နစ်နာသူတွေကတော့ နူရာဝဲစွဲဖြစ်ရတဲ့လယ်သမားတွေပါပဲ။ မြေနိမ့်ပိုင်းဒေသတွေမှာ ရေငန်တား    တာပေါင်ရိုးတွေ ဒေသအခေါ်တော့ ကာရီပေါ့လေ၊ အဲ့ဒီ ကာရီတွေနဲ့ ဝိုင်းပတ်ဆည်ဖို့ပြီးတော့ လုပ်စား နေကြရပါတယ်။ ဒီကာရီဆိုတာ သုံးချက်ထုမှတစ်ခဲရတဲ့ လက်ဆယ်ခဲလေးတွေနဲ့ လယ်သမားတွေက ပုရွက်ဆိတ်အိမ်ဆောက်သလို ပင်ပန်းကြီးစွာတည်ဆောက်ထားရတာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခါ တိုက်လိုက်တိုင်း မုန်တိုင်းအားပြင်းရင်ပြင်းသလိုပျက်စီးကြရပါတယ်။ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရ်ှတို့မှာ မုန်တိုင်းဝင်ရင်တောင်မှ ဒီရေမျက်နှာပြင်ကကြွတက်လာပြီးတော့ ရေကျော်ကျိုးပေါက် စပါးတွေဆုံးရှုံး ရပါတယ်ခင်ဗျား။ ပထမအကြိမ်ပုံမှန်အစည်းအဝေးတုန်းက ကျွန်တော်တင်သွင်းခဲ့တဲ့ သဘာဝဘေး အန္တရာယ်ကျရောက်ရာဒေသတွေကို နိုင်ငံတော်ကအရေးပေါ်ဒေသအဖြစ် သတ်မှတ်ကြေညာအကူ အညီပေးရေးဆိုတဲ့အဆိုကို တင်သွင်းစဉ်တုန်းက ထောက်ခံဆွေးနွေးသွားတဲ့  သာပေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ရခိုင်မှာ ဂီရိမုန်တိုင်းတိုက်တော့ ကျွန်တော်တို့ ဧရာဝတီမှာ စပါးခင်းတွေကျိုးပေါက်ပျက်စီးပြီး စပါးတွေဆုံးရှုံးရပါတယ်ဆိုတဲ့ တင်ပြတာကိုသတိရ မိပါတယ်။ မှန်ပါတယ်။ မြန်မာနိုင်ငံရဲ့ဘယ်ဒေသ၊ ဘယ်မှာပဲမုန်တိုင်းတိုက်တိုက် ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်း ဒီရေရောက်စပါးကွင်းတွေဟာ ကျိုးပေါက်ပျက်စီးရတာမုချဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက လယ်သမားတွေဟာ ဒီရေတားကာရီတွေကို ထုနဲ့ထည်နဲ့ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ကြလို့ဖြစ်ပါတယ်။ ဆင်းရဲလို့ဖြစ်ပါတယ်။ ထမင်းကြမ်းခဲလေးတွေကိုစားပြီး       ဒီလိုကြီးမားတဲ့ သဘာဝဘေးအန္တရာယ်ကို အံတုကာကွယ်နေရလို့ လယ်သမားတွေဘဝလည်း         တဖြည်းဖြည်းလက်ပန်းကျလို့ လာနေတာကိုတွေ့မြင်ရပါတယ်။ မကြာခဏ ပြင်လိုက်ပျက်လိုက်နဲ့ ကာရီတွေကလည်း အဖြစ်သဘောလောက်သာရှိပါတော့တယ်။ ကာရီတွေသာမဟုတ် လူတွေလည်း အဖြစ်သဘောလောက်ပဲရှိပါတော့တယ်ခင်ဗျား။ မနှစ်က မုန်တိုင်းတိုက်ခဲ့တဲ့ကာရီတွေကို နိုင်ငံတော် အစိုးရ၊ NGO ၊ INGO အဖွဲ့တွေကအကူအညီနဲ့  ပြန်လည်တည်ဆောက်ဆည်ဖို့ပြီးတော့ စိုက်ပျိုးခဲ့ကြ ပါသော်လည်းပဲ မိုးတွင်းမှာမြေသားတွေအသားကျခိုင်မာမှုမရှိသေးခင်မှာပဲ ဒီရေကကြီး၊ မိုးကသည်းလို့ ကာရီတွေ တဖန်ကျိုးပေါက်ခဲ့ရပြန်တာကြောင့် အိုးတောင်းရွက်ပြီး ရွာပြန်လာရတဲ့လယ်သမားတွေကို          မြင်တွေ့ရ၊ သူတို့ရဲ့ အပူရုပ်နဲ့အငိုမျက်နှာတွေကိုမြင်တွေ့ရ၊ အဲ့ဒီကအစ ဒီမေးခွန်းလည်းသန္ဓေတည် ခဲ့ရတာပါပဲခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်သမားတွေဘဝဟာ ဆေးလိပ်လည်းတိုနေလည်းညို      ဆိုသလိုဖြစ်နေပါပြီ။ စပါးကမဖြစ်၊ ဖြစ်ပြန်တော့ဈေးကမရ၊ ဈေးအနှိမ်ခံရ ဒီကြားထဲမှာကျေးဇူးရှင် ဦးကြီးတွေ၊ ဦးကြီးတွေလို့မြှောက်ပင့်ပြီးတော့ ချစ်ချစ်နဲ့တီးလိုက်ကြတဲ့  မြန်မာချစ်တီးတွေကြောင့် လယ်သမားတွေဘဝလည်း မျော့မျော့လေးပဲကျန်ပါတော့တယ်ခင်ဗျား။ ဒီလိုပုံနဲ့ မိုးကြီးချုပ်တော့မယ် လယ်သမားတွေရဲ့ဘဝမှာ ဒီ့ထက်ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုလည်း ရှိနေပါသေး တယ်။ ဒါက တောင်တွေ၊ ကုန်းမြင့်တွေမရှိတဲ့ မြေပြန့်၊ မြေနိမ့်၊ ပင်လယ်ကမ်းခြေမှာနေကြတဲ့ရွာတွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စိုးရိမ်ရတဲ့အန္တရာယ်ပါပဲ။ ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေဖြစ်ပေါ်နေပြီလို့ ရေဒီယိုကကြေညာတယ်ဆိုရင်ပဲ ဒေသခံပြည်သူတွေဟာ ရင်တမမနဲ့ ဘုရားတနေကြရပါတယ်။ ၁၉၆၈ ခုနှစ်၊ မုန်တိုင်းဟာ မြေပုံ၊ ပေါက်တော၊ မင်းပြား တြိဂံဒေသမှာရှိတဲ့  အမာရီးကားအပါအဝင် ရွာပေါင်း ၅၀ ကျော်ကို ပင်လယ်ရေအောက်ကို ရောက်သွားစေပါတယ်။ လူ‌တွေထောင်ချီပြီးသေခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းမှာလည်း ဧရာဝတီတိုင်းဒေသကြီးမှာ လူတွေသိန်းချီပြီး သေကျေပျက်စီးခဲ့ကြရပါတယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ဒီရေမျက်နှာ ပြင်လည်း တစ်နေ့တခြားမြင့်တက်လာတာကို ကျွန်တော်တို့တွေ့မြင်နေရပါတယ်။ ကာရီဟာနဂိုက ၄ တောင်လောက်သာမြင့်ရင် ယခုအခါမှာ ၅ တောင်လောက်မြင့်အောင်ဆည်ဖို့ပါမှ ဒီရေကိုတားလို့ရပါ တော့မယ်။ ဒီအတိုင်းစက်ယန္တရားအကူအညီမပါဘဲ လက်ချည်းသက်သက်အံတုနေကြမယ်ဆိုရင်တော့  ဘယ်လိုမှတောင့်ခံနိုင်ကြတော့မှာမဟုတ်ပါဘူး။ ဒီလယ်ယာမြေတွေကို ဒီအတိုင်းလက်လွှတ်ဆုံးရှုံးခံ လိုက်ရမယ်ဆိုရင်တော့ နောင်လာမယ့် မျိုးဆက်သားသမီးမြေးမြစ်တွေအတွက် တာဝန်မကျေတဲ့ မိဘ‌တွေဖြစ်ကြရပါလိမ့်မယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လူပေါင်းများစွာ၊ ရက်ပေါင်းများစွာလုပ်ရသော အလုပ်ကို စက်ယန္တရားကြီးကြီးဖြင့်တစ်နေ့တည်းနဲ့ပြီးနိုင်၏လို့ ငယ်ငယ်တုန်းက ဖတ်စာမှာဖတ်ဖူးပါ တယ်။ ဒီလယ်ဒီမြေတွေကို စက်န္တရားကြီးတွေအကူအညီနဲ့ ထုထည်ကြီးမားခိုင်ခန့်တဲ့ ကာရီတွေ တည်ဆောက်ပေးကြရပါမယ်။ မဆုတ်တမ်းခံတပ်တွေအဖြစ်တည်ဆောက်ပြီးတော့ နောင်လာနောက် သားတွေကို အမွေဆက်ခံပေးခဲ့ရပါမယ်။ နိုင်ငံတော်က စက်ယန္တရားတွေသုံးပြီး စစ်ကူပေးသင့်ပါ တယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီလိုမြေနိမ့်ဒေသ‌တွေကို ထုထည်ကြီးမားတဲ့ကျွန်းပတ် ကာရီတွေတည်ဆောက်ပြီးတော့ ဒီအပေါ်မှာ ကားလမ်းတွေ၊ စက်ယန္တရားကြီးတွေသုံးပြီးတည်ဆောက် ပေးတယ်လို့ကြားသိရပါတယ်။ ဒီတော့ လမ်းပန်းဆက်သွယ်ရေးလည်းအဆင်ပြေ၊ အသက်အိုးအိမ် လည်းလုံခြုံစိတ်ချရ၊ လယ်ယာမြေတွေလည်းကောင်းမွန်လာပြီး နိုင်ငံတော်ကလည်း တစ်ခါကုန်ကျရုံနဲ့ ရေရှည်စိတ်အေးရပြီး၊ ပြည်သူတွေဘဝလည်း ကောင်းစားလာမှာဖြစ်ပါတယ်။ အကယ်၍များ ဒီလုပ်ငန်းတွေကို ဆောင်ရွက်ဖို့စက်ယန္တရားကြီးတွေ ကျွန်တော်တို့ဒေသကို ရောက်လာမယ်ဆိုရင်ဖြင့် ဒီစက်ယန္တရားကြီးကိုတစ်ခါမှမမြင်ဖူးသေးတဲ့ ဒေသခံလယ်သမားတွေဟာ ဒါတွေကိုကြည်‌့ကြည့် ပြီးတော့ အံ့သြဝမ်းသာပီတိဖြစ်နေကြမှာ မြင်ယောင်မိပါတယ်။ ဒေသခံလယ်သမားတွေကလည်း တတ်နိုင်သမျှ ငွေအား၊ လူအားပူးပေါင်းဆောင်ရွက်ကြမယ်လို့ လုံးဝယုံကြည်ပါတယ်ခင်ဗျား။     ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် အထက်ဖော်ပြပါ အကျိုးအကြောင်းတွေကိုခြုံငုံပြီးတော့ မေးခွန်းအဖြစ် တင်ပြလိုတာကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် မြေနိမ့်ပိုင်းဒေသ၊ ဒီရေရောက်ဒေသတွေကို ကာရီလို့ခေါ်တဲ့ တာပေါင်ရိုးများကိုဆည်ဖို့ရာမှာ လယ်သမားများအား ထုထည်ကြီးမားခိုင်ခံ့သော ကာရီများဖြစ်အောင် စက်ယန္တရားအကူအညီများပေးနိုင်ပါသလား။ သို့မဟုတ် ဤပြဿနာအား နိုင်ငံတော်အစိုးရက မည်သို့ဖြေရှင်းပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ရခိုင်ပြည်နယ်အတွင်း ထုထည်ကြီးမားခိုင်ခံ့အောင် ပြုပြင်ရန်လိုအပ်သော လယ်သမားတာ ၃၉၄ ခုရှိပြီး၊ ဆောင်ရွက်ရမည့်ြမေကြီးကျင်းပမာဏ ၁၄ သိန်းခန့်ဖြစ်ပါတယ်။ ‌ြမေနိမ့်ပိုင်းဒီရေရောက်ဒေသများရှိ လယ်သမားတာများကို စက်ယန္တရားများဖြင့် ဆောင်ရွက်နိုင်ရန်မှာ စက်ယန္တရားကြီးများရွှေ့ပြောင်း သယ်ယူပို့ဆောင်နိုင်ရေးအတွက် ‌ြမေပြင် လမ်းကြောင်းအနေအထား၊ ဖို့‌ြမေရယူနိုင်ရန်ြမေငှားထုတ်ယူနိုင်မည့် ‌နေရာလိုအပ်ချက်စသည့် အ‌ြခေအနေများကောင်းမွန်ပြည့်စုံမှသာ စက်များအသုံးပြုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဆည်‌ြမောင်း ဦးစီးဌာနမှဆောင်ရွက်သည့် လုပ်ငန်းကဏ္ဍအချို့တွင် စက်ယန္တရားများပြောင်းရွှေ့သယ်ယူရန် ဝေးလံ ခက်ခဲသောနေရာများကို ဒေသန္တရလူအားဖြင့်သာဆောင်ရွက်ရလျက်ရှိပါတယ်။ အရေးကြီးဦးစားပေး ဆောင်ရွက်ပေးရန်လိုအပ်သည့် လယ်သမားတာများကိုစိစစ်ရွေးချယ်ပြီး လုပ်ငန်းများအချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ရန်ပုံငွေတင်ပြ တောင်းခံ၍ နိုင်ငံတော်အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များအရ ရန်ပုံငွေခွဲဝေခွင့်ပြု ပေးနိုင်မှုအပေါ်မူတည်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။