(က)-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ ဈေးကြီးများအတွင်းရှိ အလုပ်သမားများနှင့် ပျံကျအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိစေခြင်းတို့ကို သက်ဆိုင်ရာဌာနမှ နည်းလမ်းရှာဖွေဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ကြီးသည် နိုင်ငံတော်အတွင်းရှိ လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားသော အလုပ်သမားများအား အခမဲ့ဆေး ကုသခွင့်၊ ရက်ရှည် ဆေးကုသခံယူရသူများတို့၏ လုပ်ခလစာများကိုလည်း သတ်မှတ်သောနှုန်းထား ဖြင့် ခံစားခွင့်ရှိကြောင်း သိရှိရပါသည်။ အလုပ်သမားများအတွက် အလွန်ကောင်းမွန်သော ဆောင်ရွက် ပေးမှုဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ အခမဲ့ဆေးကုသခွင့် အစီအစဉ်သည် ယနေ့ အလုပ်သမား အားလုံး ခံစားခွင့်ရရှိနေခြင်း ရှိ၊ မရှိ ကိစ္စနှင့်စပ်လျဉ်း၍ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါ တယ်ခင်ဗျား။
(၁) ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆိုင်များ၊ စက်ရုံများ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ ဆူပါမားကက်များ၊ ဈေးကြီးများ အတွင်းရှိ အလုပ်သမားများသည် လူမှုဖူလုံရေးအဖွဲ့သို့ ရန်ပုံငွေ ထည့်ဝင်ပြီး လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခြင်း ရှိ၊ မရှိ။
(၂) အထူးသဖြင့် ပန်းဘဲတန်းမြို့နယ် အတွင်းမှာရှိတဲ့ ဈေးရုံကြီးများဖြစ်ကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းဈေး၊ ဗိုလ်ချုပ်ဈေးသစ်၊ သိမ်ကြီးဈေး အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံ၊ အီးရုံများမှ အလုပ်သမား များကို လူမှုဖူလုံရေးအဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာမှ ဆောင်ရွက်ခြင်းရှိ၊ မရှိနှင့် ရှိပါက အဖွဲ့ဝင်အလုပ် သမားဦးရေ ရရှိမှုအခြေအနေကို သိလိုပါတယ်။
(၃) ပန်းဘဲတန်းမြို့နယ်နှင့် လသာမြို့နယ်တို့အတွက် လူမှုဖူလုံရေးဆေးခန်းကို သက်ဆိုင်ရာ မြို့နယ်အတွင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်
(၄) လူမှုဖူလုံရေးကြေး ထည့်ဝင်ရာမှာ အလုပ်သမားရော ၎င်းရဲ့ အလုပ်ရှင်ကပါ ရရှိသော လစာပေါ်မူတည်ပြီးတော့ အချိုးကျထည့်ဝင်ရတာဖြစ်ပါတယ်။ အလုပ်ရှင်အတိအကျမရှိတဲ့ ပျံကျ အလုပ်သမားများသည်လည်း အလုပ်သမားများသာ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းတို့အတွက် လူမှုဖူလုံ ရေးအကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာဌာနမှ နည်းလမ်းရှာဖွေ ေဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၅၄ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားအနည်းဆုံး ၅ ဦးနှင့် အထက်လုပ်ကိုင်နေသော လုပ်ငန်းဌာနများဖြစ်တဲ့ စက်မှုလက်မှုအလုပ်ဌာနများ၊ ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ၊ အများ ပျော်ရွှင်ရေးအလုပ်ဌာနများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ရေနံမြေ များရှိ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှုဖူလုံရေး ငွေကြေးအကျိုးခံစား ခွင့်များ ခံစားရရှိနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့သို့ သက်ဆိုင်ရာ လုပ်ငန်းရှင်များက လာရောက် မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ ထိုကဲ့သို့ လာရောက်မှတ်ပုံတင်သော အလုပ်ဌာနများရှိ အလုပ်သမား အားလုံးသည် အဆိုပါအကျိုးခံစားခွင့်များ ရရှိလျက်ရှိကြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ လူမှုဖူလုံရေးနှင့် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်သမား ၆ သိန်းခန့် ရှိသည့်အနက် သုံးသိန်းခွဲ ခန့်ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုင်များ၊ စက်ရုံများ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ ဆူပါမားကက်များ၊ ဈေးကြီးများအတွင်းရှိ အလုပ်သမားများ ဖြစ်ကြပါတယ်။ ထိုအလုပ်ဌာနများဟာ လူမှုဖူလုံရေးအဖွဲ့သို့ လာရောက်မှတ်ပုံတင်ထားရှိပြီး လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထား တဲ့အတွက် ထိုဌာနများရှိ အလုပ်သမားများဟာ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိခံစားနေကြရ ပါတယ်။ ပန်းဘဲတန်းမြို့နယ်မှာရှိသော ဈေးကြီးများဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗိုလ်ချုပ် ဈေးသစ်၊ သိမ်ကြီးဈေး အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အီးရုံများရှိ အလုပ်သမားဦးရေ ၅ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်ဌာန ၂၉ ဌာနအား အကျုံးဝင် မှတ်ပုံတင်ထားပြီး ၎င်းဌာနများမှ အလုပ်သမား ၄၀၄ ဦးအား အာမခံထားပြီး ဖြစ်ပါတယ်။ အကယ်၍ အလုပ်သမား ၅ ဦးနှင့်အထက် အလုပ်လုပ်ကိုင်သော အလုပ်ဌာနများ ဖြစ်ပါက ၎င်းဌာနမှ အလုပ်ရှင်များသည် ကျောက်တံတား မြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း အမှတ် ၃၂၇/၃၆၇ ရှိ လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲ ၄ သို့ အလုပ်ရှင်များမှ ဥပဒေများနှင့်အညီ လာရောက်မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ ထို့အပြင် အကျုံးဝင်မှတ်ပုံတင်ရမည့် အလုပ်ဌာနများအား အကျုံးဝင်မှတ်ပုံတင်ခြင်းမရှိဘဲ ကျန်ရှိနေခြင်း မရှိစေဖို့ ရုံးခွဲရှိ စစ်ဆေးရေးမှူး များက ပုံမှန်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင် များက အကျုံးဝင်မှတ်ပုံတင်ထားရှိမှသာလျှင် ထိုဌာနများရှိ အလုပ်သမားများအတွက် အကျိုးခံစားခွင့် များကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ်နှင့် လသာမြို့နယ်များရှိ အလုပ်ဌာနများ မှ အလုပ်သမားများအား ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း အမှတ် ၃၂၇/၃၆၇ ရှိ လူမှုဖူလုံရေးအဖွဲ့ရုံးခွဲ ၄ တွင် အာမခံထားရှိ၍ ထည့်ဝင်ကြေး ပေးသွင်းထားသော်လည်း ၎င်း အလုပ်သမားများ နေထိုင်ရာလိပ်စာအပေါ်မူတည်၍ ရန်ကုန်မြို့ရှိ အနီးစပ်ဆုံး လူမှုဖူလုံရေးဆေးခန်း များတွင် ဆေးကုသမှုခံယူခွင့်ရှိပြီး အကျိုးခံစားခွင့်ကို မိမိတို့ ထည့်ဝင်ကြေးပေးသွင်းထားတဲ့ လူမှုဖူလုံရေးရုံးခွဲ ၄ တွင် အကျိုးခံစားခွင့် ထုတ်ယူရမှာ ဖြစ်ပါတယ်။ အလားတူ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မည်သည့်လူမှုဖူလုံရေးရုံးတွင်မဆို အကျုံးဝင်မှတ်ပုံတင်ထားပြီး ပန်းဘဲတန်း မြို့နယ်နှင့် လသာမြို့နယ်များတွင် နေထိုင်သော အာမခံအလုပ်သမားများအတွက် လက်ရှိအခြေအနေ တွင် အလုံ သခင်မြပန်းခြံအနီးရှိ လူမှုဖူလုံရေးဆေးခန်းတွင် ဆေးကုသခွင့်ရှိပြီး အကျိုးခံစားခွင့်များကို ထည့်ဝင်ကြေးပေးသွင်းထားတဲ့ သက်ဆိုင်ရာ ရုံးခွဲများမှ စိစစ်ထုတ်ပေးလျက်ရှိပါတယ်။ မကြာမီ ပြည်ထောင်စုလွှတ်တော်တွင် လက်ခံစဉ်းစားနေတဲ့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို စတင် အကောင်အထည်ဖော်ပြီးနောက် အာမခံအလုပ်သမား ဦးရေများပြားလာပါက မြို့နယ်များအလိုက် လူမှုဖူလုံရေးဆေးခန်းများထားရှိခြင်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများဖြင့် စာချုပ်ချုပ်ဆိုခြင်းများ ပြုလုပ်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါတယ်။ အလုပ်ရှင် အတိအကျမရှိသော ပျံကျအလုပ်သမားများဟာ လက်ရှိ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးဥပဒေ အရ လူမှုဖူလုံရေးစီမံကိန်းနှင့် အကျုံးမဝင်သေးသော်လည်း မကြာမီပြဋ္ဌာန်းမည့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်မှာ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်ပါရှိပါတယ်။ ယင်းပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသော အလုပ်သမားအမျိုးအစားများတွင်ပါဝင်သည့် အလုပ်ရှင် အတိအကျမရှိသော ပျံကျအလုပ်သမားများဟာ အလုပ်ရှင်မရှိသော်လည်း မိမိတို့ရဲ့ ဆန္ဒအလျောက် မှတ်ပုံတင်နိုင်ပြီး အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများကို မိမိကိုယ်တိုင်ပေးသွင်း၍ အာမခံထားရှိလျှင် လူမှုဖူလုံ ရေးဥပဒေပါ အကျိုးခံစားခွင့်များကို ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
