(စ)-မအူပင်-ရေလဲကလေး-ရွှေတောင်မော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၇-၉-၂၀၁၁)

မော်လမြိုင်ကျွန်းမြို့နယ်ဟာ ရေပတ်လည်ဝိုင်းရံလျက်ရှိတဲ့မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်ကာလက လမ်းများဖောက်လုပ်ပြီးတဲ့အတွက် သွားလာရေးလွယ်ကူလျက်ရှိပါ တယ်။ ယခုတင်ပြမယ့် မအူပင်-ရေလဲကလေး-ရွှေတောင်ပေါ်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းဟာ  ၄၃ မိုင်၊  ၅ ဖာလုံ ရှိပါတယ်။ ဒီလမ်းဟာ ကျောက်ခင်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် မြို့သူ၊မြို့သား များလည်း ဒီလမ်းကိုအားကိုးပြုပြီးတော့ ရန်ကုန်မြို့ကနေပြီးတော့ နိုင်ငံအနှံ့သွားလာလို့ရပြီဖြစ် ပါတယ်။ ယခု ကျွန်တော်တင်ပြလိုတာက အဲဒီလမ်းပိုင်းလေးဟာ ရာသီမရွေးသွားလာနိုင်တဲ့လမ်း အဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်မှုအစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ မအူပင်ခရိုင်နဲ့ မော်လမြိုင်ကျွန်းမြို့၊ လပွတ္တာခရိုင်တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်စီမံကိန်း လမ်းနံပါတ် (၁) ပဲဖြစ်ပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရပြီးတဲ့နောက်မှာ လမ်း၊ တံတားများတိုးတက်ပြုပြင်တည်ဆောက်ရာမှာ ကျွန်းထိပ်-ရုံးဒေါင့်-တောင်ကြီးဘို့လမ်းပိုင်း       ၇ မိုင်အပါအဝင် လမ်းအရှည်မိုင် ၅၁ မိုင် ၆ ဖာလုံကို လမ်းတည်ဆောက်ပေးခဲ့ပါတယ်။ ၃၁-၅-၂၀၁၁ ရက်နေ့အထိ လမ်းအခြေအနေကိုတင်ပြရရင် ကတ္တရာလမ်းက  ၄ မိုင် ၁ ဖာလုံ၊ ကျောက်လမ်းက    ၄၂ မိုင် ၅ ဖာလုံ၊ အမာခံလမ်းက ၅ မိုင် ၊ စုစုပေါင်း ၅၁ မိုင် ၆ ဖာလုံရှိပါတယ်။မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းပေါ်မှာ ရာဇူဒိုင်အမှတ် (၁) တံတားဟာ အရှည်ပေ ၁၉၅၅ ပေကို ၂၂-၇-၂၀၁၁ ရက်နေ့တွင်လည်းကောင်း၊ ရာဇူဒိုင်အမှတ် (၂) တံတားဟာ ၅၄၀ ပေ၊     ၉-၁-၂၀၁၀ ရက်နေ့တွင်လည်းကောင်းအသီးသီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင်‌့မို့လို့လည်း ယခင်ခေတ်အဆက်ဆက်က မော်တော်ယာဉ်များဖြင့် တိုက်ရိုက်မရောက်သေးသော မော်လမြိုင်ကျွန်း မြို့ကို ယာဉ်များဖြင့် တိုက်ရိုက်သွားလာနိုင်တာဖြစ်ပါတယ်။ အဆိုပါတံတားကြီးနှစ်စင်းအပြင် ပေ ၁၀၀ အောက် သစ်သားတံတားများကိုလည်း သံကူကွန်ကရစ်တံတားများအဖြစ် တည်ဆောက်ပေးလျက်ရှိ ပါတယ်။ တည်ဆောက်ပေးတဲ့ကုမ္ပဏီကတော့ Top ကုမ္ပဏီလီမိတက်က တည်ဆောက်လျက်ရှိ ပါတယ်။ လမ်းအဆင့်မြှင့်တိုးတက်ရေးဆောက်လုပ်တဲ့နေရာမှာလည်းပဲ လမ်းအထူးအဖွဲ့ (၄)၊ လေယာဉ်ကွင်းဆောက်လုပ်ရေးအဖွဲ့အထူးအဖွဲ့ (၅) နဲ့ လမ်းတံတားတည်ဆောက်ရေးအတွက် တိုင်းရင်းသားကုမ္ပဏီဖြစ်တဲ့ ရန်ကုန် Crown ကုမ္ပဏီတို့ကနေပြီးတော့ လမ်းအဆင့်မြှင့်တင်ခြင်း များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းရန်ပုံငွေ အရ  ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်  ၃ မိုင်နဲ့ အမာခံလမ်းခင်းခြင်း ၁ မိုင်တို့ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာခွဲဝေရရှိတဲ့ သာမန်ပြင်ထိန်းရန်ပုံငွေနဲ့ဆောင်ရွက်တဲ့ အစီအစဉ်တွေကတော့ စက်ယာဉ်ယန္တရားဖြင့်ပုံဖော်ခြင်းနဲ့ ဖွကြိတ်ခြင်းက ၁၀ မိုင်၊ လမ်းချိုင့် ပေါက်ကြီးများအား ခွဲကျောက်များ၊ ကျောက်ရောမြေ၊ ကျောက်စရစ်တို့ဖြင့်ခင်းခြင်းက ၁ မိုင် ၅ ဖာလုံ၊  မျက်နှာပြင်မညီညာသော လှိုင်းဖြစ်နေသောအပိုင်းအား ခွဲကျောက်များဖြင့် ညှိခြင်း၊ မြေရော ကျောက်စရစ်ဖြင့် ဖုံးအုပ်ခင်းကြိတ်ခြင်းက ၄ မိုင် ၅ ဖာလုံ၊ တံတားအမှတ် ၁/၃၃ ကျိုက်ပိတံတား   ၂၃၀ ပေအရှည်ရှိတဲ့ ပေရှည်တံတား၊ ၁/၄၀ မှာရှိတဲ့ ရေကျော်တံတား ၁၆၀ ပေအရှည်ရှိတဲ့ ယက်မ၊ ကြမ်းခင်းများ လက်ရန်းများလဲလှယ်ခြင်းကလည်း နှစ်စင်းဆောင်ရွက်လျက်ရှိပါတယ်။ ကွန်ကရစ် မိုင်/ဖာလုံတိုင်တွေ တည်ဆောက်တာကတော့ ၃၅၈ တိုင်တည်ဆောက်လျက်ရှိပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ- မော်လမြိုင်ကျွန်းလမ်းအား ရာသီမရွေးသွားနိုင်သောလမ်းအဖြစ် ဆောင်ရွက်နိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေအဖြစ် သာမန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေတို့ကို တင်ပြ တောင်းခံပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။