ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက် ရာမှာလမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိရာ နိုင်ငံတော်အနေနဲ့ လမ်းတံတားများကို နေ့မအားညမနား အားကြိုးမာန်တက်ဆောင်ရွက် နေကြသည်ကို ဒေးဒရဲမြို့နယ်ပြည်သူများအနေနဲ့ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒေးဒရဲမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးအနေနဲ့ ဒေးဒရဲ-ကျိုက်လတ် ၁၁.၅ မိုင်ရှည်တဲ့ကားလမ်းကို ရာသီမရွေး သွားလာနိုင်ရန် ခွင့်ပြုရန်ပုံငွေ ငွေလုံးငွေရင်းများဖြင့်လည်းကောင်း၊ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းအားဖြင့်လည်းကောင်း ဒေးဒရဲ-ကျိုက်လတ်လမ်းကို ကျောက်ချောလမ်းအဖြစ် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေးဒရဲ-ကျိုက်လတ်မြစ်ကူးတံတား တည်ဆောက်ပေးမည် ဆိုပါက လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်ပြီး ခရီးသွားလာမှု ပိုမိုချောမွေ့လွယ်ကူမှာ ဖြစ်ပါတယ်။ အခု ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်မှသွားပါက မိုင် ၃၀ ကျော်ဝေးပြီးယခုတံတားထိုးပေး ပြီဆိုပါက ၁၁.၅ မိုင်သာဝေးမည် ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ လိုတဲ့မြစ်ကူးတံတားဆိုသည်မှာ ဖျာပုံ-ဘိုကလေးတံတားကြီးများကဲ့သို့ တံတားမျိုးမဟုတ်ဘဲ သွားလာရေးလွယ်ကူမယ့် သင့်တော်တဲ့ ဒေသန္တရတံတားအဆင့်မျိုးကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးမယ်ဆိုပါက အထူးသဖြင့် မအူပင်တက္ကသိုလ်ကိုတက်ရောက်နေရတဲ့ ဒေးဒရဲမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား များအနေဖြင့် သွားလာရေးပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတို့အနေနဲ့ လူမှုရေးဘဝ အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်ရာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးတို့သည်လည်း ဆတက်ထမ်းပိုးတိုးတက်လာမှာ ဧကန်မလွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေးဒရဲမြို့နယ်၊ ဘုရားလေးကွင်းကျေးရွာတစ်ဖက်ကမ်းရှိ ကျိုက်လတ်မြို့နဲ့ဆက်သွယ်တဲ့ ဒေးဒရဲ-ကျိုက်လတ်မြစ်ကူး တံတားတစ်စင်းကို တည်ဆောက်ပေးရန် စီမံကိန်းရှိ၊မရှိ သိရှိလိုပါတယ်။ တည်ဆောက်မည့်အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နှင့် ကျိုက်လတ်မြို့ ဆက်သွယ်သော ဒေးဒရဲ-ကျိုက်လတ်ကားလမ်းဟာ အရှည် ၁၁ မိုင်နဲ့ ၅ ဖာလုံ ရှိပြီးတော့ ရာသီမရွေးသွားလာနိုင်သော ကျောက်လမ်းအမျိုးအစားဖြစ်ပါတယ်။ မြို့နယ်ချင်းဆက် လမ်းတစ်လမ်းလည်းဖြစ်ပါတယ်။ ဒေးဒရဲမြို့ကနေပြီးတော့ ၁၁ မိုင်၊ ၅ ဖာလုံအကွာ ဘုရားလေးကွင်း ကျေးရွာမှာ ကျိုက်လတ်မြစ်ရှိပြီးတော့ မြစ်ရဲ့တစ်ဖက်ကမ်းမှာ ကျိုက်လတ်မြို့တည်ရှိပါတယ်။ ကျိုက်လတ်မြစ်အကျယ်ကတော့ ပေ ၁၀၀၀ ခန့်လောက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဒေးဒရဲမြို့၊ ကျိုက်လတ်မြို့များဟာ ကားလမ်းတိုက်ရိုက်ပေါက်တဲ့မြို့တွေဖြစ်ပါတယ်။ ကားလမ်း များကောင်းမွန်အောင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ နှစ်စဉ်ပြင်ဆင်ထိန်းသိမ်း ပေးလျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေးဒရဲမြို့မှ ကျိုက်လတ်မြို့သို့ ကားဖြင့် တိုက်ရိုက်သွားလိုပါက ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်ကားလမ်းမှသွားနိုင်ခြင်း၊ ဒေးဒရဲမြို့မှ ၁၁ မိုင်၊ ၅ ဖာလုံအကွာ ဘုရားလေးကွင်းရွာကနေပြီးတော့ စက်လှေဖြင့်ကူးပါကလည်း ကျိုက်လတ်မြို့သို့ အချိန်မရွေးသွားရောက်နိုင်ခြင်းစတဲ့ အဆင်ြပေမှုတွေရှိနေပါတယ်။ ကျိုက်လတ်မြစ်ကူးတံတားကြီး တည်ဆောက်မယ်ဆိုရင် မြစ်အကျယ်ဟာ ပေ ၁၀၀၀ ဆိုသော်လည်း ၃ ထပ်သင်္ဘောကြီးတွေ သွားသောမြစ်ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ၃ ထပ်သင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ဖို့ အတွက် ရေလမ်းကင်းလွတ်အမြင့်ဟာ ပေ ၄၀ အထက်ထားရှိတဲ့တံတားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတံတားထိုးမယ်ဆိုလို့ရှိရင် ပေအရှည်ဟာ ၃၀၀၀ အထက်ဆောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလက်ရှိလည်း သွားလာရေးအဆင်ပြေနေတာဖြစ်တဲ့အတွက် ကျိုက်လတ်မြစ်ကူးတံတား တည်ဆောက်ရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ဖြေကြားပါသည်။
