ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက် ရာမှာလမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိရာ နိုင်ငံတော်အနေနဲ့ လမ်းတံတားများကို နေ့မအားညမနား အားကြိုးမာန်တက်ဆောင်ရွက် နေကြသည်ကို ဒေးဒရဲမြို့နယ်ပြည်သူများအနေနဲ့ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒေးဒရဲမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးအနေနဲ့ ဒေးဒရဲ-ကျိုက်လတ် ၁၁.၅ မိုင်ရှည်တဲ့ကားလမ်းကို ရာသီမရွေး သွားလာနိုင်ရန် ခွင့်ပြုရန်ပုံငွေ ငွေလုံးငွေရင်းများဖြင့်လည်းကောင်း၊ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းအားဖြင့်လည်းကောင်း ဒေးဒရဲ-ကျိုက်လတ်လမ်းကို ကျောက်ချောလမ်းအဖြစ် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေးဒရဲ-ကျိုက်လတ်မြစ်ကူးတံတား တည်ဆောက်ပေးမည် ဆိုပါက လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်ပြီး ခရီးသွားလာမှု ပိုမိုချောမွေ့လွယ်ကူမှာ ဖြစ်ပါတယ်။ အခု ဒေးဒရဲ-ဖျာပုံ-ကျိုက်လတ်မှသွားပါက မိုင် ၃၀ ကျော်ဝေးပြီးယခုတံတားထိုးပေး ပြီဆိုပါက ၁၁.၅ မိုင်သာဝေးမည် ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ လိုတဲ့မြစ်ကူးတံတားဆိုသည်မှာ ဖျာပုံ-ဘိုကလေးတံတားကြီးများကဲ့သို့ တံတားမျိုးမဟုတ်ဘဲ သွားလာရေးလွယ်ကူမယ့် သင့်တော်တဲ့ ဒေသန္တရတံတားအဆင့်မျိုးကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးမယ်ဆိုပါက အထူးသဖြင့် မအူပင်တက္ကသိုလ်ကိုတက်ရောက်နေရတဲ့ ဒေးဒရဲမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား များအနေဖြင့် သွားလာရေးပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတို့အနေနဲ့ လူမှုရေးဘဝ အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်ရာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးတို့သည်လည်း ဆတက်ထမ်းပိုးတိုးတက်လာမှာ ဧကန်မလွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေးဒရဲမြို့နယ်၊ ဘုရားလေးကွင်းကျေးရွာတစ်ဖက်ကမ်းရှိ ကျိုက်လတ်မြို့နဲ့ဆက်သွယ်တဲ့ ဒေးဒရဲ-ကျိုက်လတ်မြစ်ကူး တံတားတစ်စင်းကို တည်ဆောက်ပေးရန် စီမံကိန်းရှိ၊မရှိ သိရှိလိုပါတယ်။ တည်ဆောက်မည့်အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။
