ကျောက်ဖြူမြို့ဟာ ရမ်းဗြဲကျွန်းရဲ့ မြောက်ဘက်အစွန်အဖျား ပင်လယ် ကမ်းခြေမှာတည်ရှိပါတယ်။ ရမ်းဗြဲကျွန်းမှာ မြို့နှစ်မြို့ရှိပါတယ်။ ရမ်းဗြဲမြို့ကတော့ ရမ်းဗြဲကျွန်းရဲ့ အလယ်ပိုင်း အရှေ့ဘက်ကမ်းခြေမှာရှိပါတယ်။ ကျွန်တော်တို့ ရမ်းဗြဲကျွန်းဟာ ယခင်အခါများက ဆိုလို့ရှိရင် ပြည်မနဲ့ ဆက်သွယ်တဲ့နေရာမှာ ရေကြောင်းနဲ့လေကြောင်းနှစ်ခုကိုပဲ အသုံးပြုခွင့်ရခဲ့ပါ တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်မှာ ကမ်းရိုးတန်းနဲ့ ရမ်းဗြဲကျွန်းကို ကားလမ်းတွေ ဖောက်ပေးလိုက်တဲ့အတွက်ကြောင့် အခုအခါမှာဆိုလို့ရှိရင် လမ်းချော မဟုတ်ပေမယ့်လည်း ရန်ကုန်မြို့နဲ့ကျောက်ဖြူမြို့ကို နေ့စဉ်အမြန်ကားတွေ သွားလို့ရနေပါပြီ။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကုမ္ပဏီကြီးတွေက ၂၂ ဘီးတပ်ကားတွေကို အသုံးပြုပြီးတော့ ကုန်ပစ္စည်းတွေတင် သွားလာနေကြတဲ့အတွက်ကြောင့် မြို့တွင်းမှာရော၊ မြို့ပြင်မှာပါ ကားလမ်းတွေ တော်တော်များများ ပျက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီကြီးနှစ်ခုက ဒီပျက်စီးနေတဲ့ဟာတွေကို တာဝန်ယူပြုပြင်ပေးမယ်ဆိုတဲ့ သတင်းစကားကို ကြားရတဲ့အတွက်လည်း ကျွန်တော်တို့ အင်မတန် ဝမ်းသာစရာဖြစ်နေပါတယ်။ ကျွန်တော်တို့ ကျောက်ဖြူ မြို့ဟာနောက်လေး၊ ငါးနှစ်လောက်ဆိုလို့ရှိရင် တရုတ်ပြည်မကြီးနဲ့ ရထားလမ်းပေါက်ပြီးတော့ ရထားလမ်းနဲ့သွားလို့ရတဲ့ မြို့တစ်မြို့ ဖြစ်လာမယ် ဆိုတာလည်းသိရပါတယ်။ ကျွန်တော်တို့ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် ၇ မိုင် လောက်အကွာမှာ ပင်လယ်ရေနက်ဆိပ်ကမ်းကြီးတစ်ခုလည်း တည်ဆောက်နေပါတယ်။ ဒီလိုပဲ မြို့ရဲ့အနောက် တောင်ဘက် ၆ မိုင်လောက်အကွာမှာ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံတစ်ခုကိုလည်း တည်ဆောက် နေပါတယ်။ ဒီလုပ်ငန်းကြီးတွေကို အကြောင်းပြုပြီးတော့ ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကြမယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိရပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကျောက်ဖြူဒေသရဲ့ လျှပ်စစ်ဓာတ်အားအကြောင်းကို တင်ပြတဲ့အခါ ပိုမိုပြည့်စုံစေချင်တဲ့အတွက်ကြောင့် ကျောက်ဖြူမြို့ရဲ့ အနေအထားကို အနည်းငယ် တင်ပြလိုပါတယ်။ ကျောက်ဖြူမြို့ပေါ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ မြို့ကိုဝန်းရံထားတဲ့ ကျေးရွာ ၇ ရွာဟာ ဒီမြို့က လျှပ်စစ်မီးကိုအသုံးပြုကြရပါတယ်။ ကျောက်ဖြူမြို့ပေါ်မှာ အစိုးရ ပညာရေးကောလိပ်၊ ခရိုင်ပြည်သူ့ဆေးရုံ၊ လေယာဉ်ကွင်း၊ သင်္ဘောဆိပ် နှစ်ခု၊ သင်္ဘောဆိပ် နှစ်ခု အနက်က အမှတ်(၁)သင်္ဘောဆိပ်ဆိုလို့ရှိရင် မြို့ရဲ့ကမ်းနားလမ်းမှာတည်ရှိပြီးတော့ အခုအခါ အသစ်ဆောက်လုပ်ထားတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ နေ့၊ ညမဟူ ဆိုက်ကပ်နိုင်တဲ့ သင်္ဘောဆိပ် လည်းဖြစ်ပါတယ်။ အဲဒီသင်္ဘောဆိပ်နားမှာပဲ တန် ၆၀၀ ဆံ့ အအေးခန်းစက်ရုံကတော့ အခုအခါမှာ ပိတ်ထားပါတယ်။ ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်နဲ့ ခလရ ၃၄ ၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းများနဲ့ ကြည်းတပ်ဗျူဟာတစ်ခုလည်းရှိပါတယ်။ ဒီတပ်ရင်းတပ်ဖွဲ့များဟာ ကျွန်တော်တို့ ကျောက်ဖြူမြို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲရေးအသိုင်း အဝိုင်းဖြစ်လာကြမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဒီမေးခွန်းကို လွှတ်တော်မှာ မေးခွင့်တင်သွင်းတဲ့အချိန်မှာ ကျောက်ဖြူမြို့ရဲ့ မီးလင်းရေးအခြေအနေကို တင်ပြလိုပါတယ်။ အဲဒီအချိန်က ကျောက်ဖြူမြို့မှာ မီးလင်းရေးကော်မတီဖွဲ့ပြီးတော့ မီးလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ တစ်နေ့ကို ၅ နာရီ၊ တစ်ယူနစ်ကို ငွေ ၅၀၀ နှုန်းနဲ့ပေးပါတယ်။ အခုတော့ အချိန်တစ်လကျော်လောက်ကြာတဲ့ အတွက်ကြောင့် အပြောင်းအလဲအနည်းငယ်ဖြစ်သွားပါပြီ။ ကျောက်ဖြူမြို့မှာ လျှပ်စစ်ဌာနပိုင် မီးစက်တွေရှိသလိုပဲ မြို့ကပိုင်တဲ့ မီးစက်တစ်လုံးလည်းရှိပါတယ်။ ဒီမီးစက်ကတော့ ရွှေသဘာဝ ဓာတ်ငွေ့က လှူဒါန်းထားတဲ့ မြို့သူမြို့သားတွေပိုင်တဲ့မီးစက်ဖြစ်ပြီး ကီလိုဝပ် ၁၀၀ အား ရှိတဲ့ ဝီလ်ဆင်အမျိုးအစား ဒီဇယ်သုံးအင်ဂျင်လို့ သိရပါတယ်။ လောလောဆယ်မှာလည်း ဒီမီးစက်ကို အသုံးပြုပြီးတော့ ကျောက်ဖြူမြို့ကို မီးပေးနေပါတယ်။ အခုတော့ကာ ကျောက်ဖြူမြို့ မီးလင်းရေးနဲ့ ပတ်သက်ပြီးတော့ မီးလင်းရေးလုပ်ငန်းတွေကို မြို့ပေါ်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ စုပေါင်းတာဝန်ယူ လုပ်ကိုင်နေကြပါတယ်။ အရင်မီးလင်းရေးကော်မတီ မဟုတ်တော့ပါဘူး။ လုပ်ငန်းရှင်များ စုပေါင်း တာဝန်ယူတဲ့နောက်ပိုင်းမှာ အခုမီးပေးတဲ့ အနေအထားဆိုလို့ရှိရင် ညနေ ၅ နာရီခွဲကနေ ည ၁၁နာရီခွဲ အထိ ၆ နာရီ မီးပေးပါတယ်။ အဲဒီမီးပေးတဲ့အဖွဲ့ကို နိုင်ငံတော်ကတစ်လ ဂါလန် ဆီ ၂၅၀၀ စီစဉ် ပေးတယ်လို့သိရပါတယ်။ နောက်ထပ်လိုအပ်တာတွေကိုတော့ ဒေသပေါက်ဈေးနဲ့ဝယ်ရပါတယ်။ ကျောက်ဖြူမြို့မှာ ကျွန်တော်သိရသလောက် ပုဂ္ဂလိကသုံး မီတာ ၂၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိ ဓာတ်အားခကောက်ခံမှု အနေအထားကိုတင်ပြလိုပါတယ်။ ဓာတ်အားခကောက်ခံတဲ့ နေရာမှာ နှစ်မျိုးနှစ်စား ခွဲခြားကောက်ခံတယ်ဆိုတာ ကျွန်တော်တို့သိရပါတယ်။ ပထမအမျိုးအစား ကတော့ သာမန်သုံးပြည်သူများ၊ သာမန်သုံးပြည်သူများအတွက် အခြေခံယူနစ် ၁၈ ယူနစ်ပေးပါတယ်။ ၁၈ ယူနစ်မှာ ၁၀ ယူနစ်ကို တစ်ယူနစ် ၂၅ ကျပ်နှုန်းနဲ့ ၂၅၀ ကျပ်ပေးရပါတယ်။ နောက်ကျန်တဲ့ ၈ ယူနစ်ကိုတော့ ၅၀၀ နှုန်းနဲ့ ၄၀၀၀ ကျပ်ပေးရပါတယ်။ မီတာထိန်းသိမ်းခ ၁၀၀၀ ဆိုတော့ သာမန်သုံးစွဲသူတစ်ယောက်ဟာ လစဉ် ၅၂၅၀ ကျပ်ဟာ မသုံးရင်လည်းပေး၊ သုံးရင်လည်းပေး၊ ပေးရတဲ့အခြေခံယူနစ်ရဲ့သဘောဖြစ်ပါတယ်။ နောက် လုပ်ငန်းသုံးယူနစ်ကတော့ အခြေခံ ယူနစ် ၅၀ သတ်မှတ်ထားပါတယ်။ ၂၅ ယူနစ်နဲ့ ၁၀ ယူနစ် ၂၅၀၊ ၅၀၀ ကျပ်နှုန်းနဲ့ ၄၀ ယူနစ် ၂၀၀၀၀၊ မီတာ ထိန်းသိမ်းခအတွက် ၁၀၀၀၊ စုစုပေါင်း ၂၁၂၅၀ ဒါလုပ်ငန်းသုံးဆိုပြီးတော့ လုပ်ငန်းသုံးပုဂ္ဂိုလ်တွေ ကတော့ အခြေခံလစဉ်မသုံးရင်လည်း ၂၁၂၅၀ ကျပ်ပေးရတယ်။ ပိုလို့ရှိရင်တော့ တစ်ယူနစ်ကို ၅၀၀ နှုန်းနဲ့ပေးရပါတယ်။ လုပ်ငန်းသုံးဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ကျောက်ဖြူမြို့မှာ တွင်ခုံ လုပ်ငန်းတို့၊ သစ်ခွဲစက်လုပ်ငန်းတို့ရှိကြပါတယ်။ တွင်ခုံလုပ်ငန်း၊ သစ်ခွဲစက်လုပ်ငန်းရှင်တွေက ဒီစက်ကအားကိုသုံးတာမဟုတ်ပါဘူး။ သူတို့က ပုဂ္ဂလိကအင်ဂျင်တွေသုံးကြပါတယ်။ ဒီမီးစက်က ဓာတ်အားတွေကို ယူသုံးတာကတော့ ဗွီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ မိတ္တူကူးလုပ်ငန်းတွေပဲသုံးပါတယ်။ ဒီလုပ်ငန်းအသေးအမွှားလေးတွေပဲ သုံးကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီသာမန်သုံးစွဲသူ ပုဂ္ဂိုလ်များနဲ့လည်း မသုံးရင်လည်း ၅၂၅၀ ကျပ်၊ လုပ်ငန်းရှင်များကလည်း မသုံးရင်လည်း ၂၁၂၅၀ ကျပ် အခြေအနေတွေကို ကျွန်တော်တို့က သိသာအောင်တင်ပြခြင်းပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့အခု ကျောက်ဖြူမြို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမေးခွန်း နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေကို ကျွန်တော်ဆက်လက် တင်ပြလိုပါတယ်။ ကျွန်တော်တို့မြို့ရဲ့ မြောက်ဘက် ၂၅ မိုင်လောက်အကွာမှာ ရွှေ ၁၊ ရွှေ ၂ လို့ခေါ်တဲ့ ဓာတ်ငွေ့သိုက် ရွှေသဘာဝ ဓာတ်ငွေ့လုပ်ငန်းအဖွဲ့က သဘာဝဓာတ်ငွေ့တွေထွက်တယ်။ အဲဒီသဘာဝဓာတ်ငွေ့တွေကို မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင် လောက်အကွာမှာရှိတဲ့ မလကျွန်းကျေးရွာမှာ အခုအခါ စက်ရုံ တည်ဆောက်နေပါတယ်။ အဲဒီစက်ရုံမှာ ဒီဓာတ်ငွေ့တွေကိုသန့်စင်မယ်။ သန့်စင်ပြီးတော့ တရုတ် နိုင်ငံကို ပိုက်လိုင်းတွေနဲ့သွယ်ပြီးတော့ ပို့ပေးမယ်လို့သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ဒေသ၊ ဒေသခံတွေကသိလိုကြတဲ့ မေးခွန်းတွေကို ကျွန်တော်မေးမြန်းလိုပါတယ်။ ကျွန်တော်တို့ ရခိုင်ဒေသခံ ပြည်သူတွေကတော့ ဒို့ဆီမှာသဘာဝဓာတ်ငွေ့တွေထွက်တယ်။ ဒို့ဆီမှာ သဘာဝဓာတ်ငွေ့သန့်စင် စက်ရုံကြီး တည်ဆောက်နေတယ်။ မကြာခင်မှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း ပေါ်လာတော့မယ်။ ဒီလိုပေါ်လာရင် လျှပ်စစ်ဓာတ်အားကို အချိန်ပြည့်လည်းသုံးရမယ်။ ဓာတ်အားခလည်းသက်သာမယ်။ အိမ်တွင်းစက်မှုလုပ်ငန်းတွေလည်း တွင်ကျယ်လာမယ် စသည်ဖြင့် မျှော်လင့်ချက်ကြီးစွာနဲ့ ပြောဆိုနေကြပါတယ်။ မေးနေကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုမျှော်လင့်ချက်တွေထားရှိပါတယ်။ အဲဒါကြောင့် ဒေသခံတွေသိရှိမေးမြန်းနေကြတဲ့ မေးခွန်း သုံးခုကို မေးမြန်းလိုပါတယ်။ မေးခွန်းတွေကတော့ (က) မလကျွန်းကျေးရွာအနီးရှိ စက်ရုံများမှ သန့်စင်ပြီး သဘာဝဓာတ်ငွေ့တစ်စုံတစ်ရာကိုအသုံးပြု၍ ကျောက်ဖြူမြို့အတွက် လျှပ်စစ် ဓာတ်အားပေးမည့်လုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ (ခ) အကယ်၍ ဆောင်ရွက် ပေးရန်အစီအစဉ်မရှိပါက အဘယ့်ကြောင့်ပါနည်း။ (ဂ) နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများမှ ကျောက်ဖြူမြို့အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်များရှိ/မရှိ မေးမြန်းပါသည်။
မေးခွန်းကိုမဖြေမီမှာ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းရဲ့သဘောသဘာဝကို ဦးစွာရှင်းလင်းတင်ပြလိုပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းဟာ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက်အမှတ် A-1 နဲ့ A-3 ကထွက်တဲ့သဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ကိုရီးယားနိုင်ငံ Daewoo International Corporation ကလုပ်ငန်းဦးဆောင်သူ Operator အဖြစ်နဲ့ဆောင်ရွက်ပြီးတော့ ရွှေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်တွေ ရွှေ Project Consortium ရဲ့ ရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာပါဝင်မှုဟာ နောက်ထပ်ကုမ္ပဏီ လေးခုပါ ပါတယ်။ အဲဒါတွေကတော့ ONGC မူလ Operator ဖြစ်တဲ့ Daewoo International Corporation က ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ ONGC Videsh Ltd.က ၁၇ ရာခိုင်နှုန်းနဲ့ Gail India Ltd. က ၈.၅ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံက KOGAS ကုမ္ပဏီက၈.၅ ရာခိုင်နှုန်း၊ မြန်မာ့ရေနံ နဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒီရွှေစီမံကိန်းရဲ့ Joint Operating Agreements JOA ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့မှာစာချုပ်ချုပ်ခဲ့ပါတယ်။ အဲဒီတော့ ဒီသဘာဝဓာတ်ငွေ့ဟာ စတင်ရှာဖွေစဉ်က ခုန Daewoo က Operator လုပ်ပြီးတော့ ကျန်တဲ့အဖွဲ့ ၃ ဖွဲ့ပါဝင်တဲ့ ကုမ္ပဏီအုပ်စုနဲ့စပြီးတော့ သဘာဝဓာတ်ငွေ့ကို ရှာဖွေတူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာစပြီး စာချုပ်ချုပ်တယ်။ ၂၀၀၄ ခုနှစ်မှာစပြီးတော့ သဘာဝဓာတ်ငွေ့ တွေ့ပါတယ်။ သဘာဝဓာတ်ငွေ့တွေ့တဲ့အချိန်မှာ ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုကို အမြန်ဆုံးပြန်ရအောင်နဲ့ နောက်တစ်ခုကလည်းပဲ ဒီသယံဇာတရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်အနေနဲ့ ထိုက်သင့်တဲ့ဝင်ငွေ အမြန်ဆုံးရအောင် အကောင်းဆုံးနဲ့ အမြန်ဆုံး ဘယ်လိုအသုံးချမလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နည်းလမ်းသုံးမျိုးနဲ့ ဒီဓာတ်ငွေ့ကို ခုနငွေပြန်ဖော်ဖို့ စဉ်းစားပါတယ်။ အဲဒီတော့ ပထမနည်းလမ်းကတော့ ကျွန်တော်တို့ အဲဒီအချိန်မှာ ခေတ်စားနေတဲ့ LNG လို့ ခေါ်ပါတယ်။ သဘာဝဓာတ်ငွေ့ကို Liquefied Natural Gas လို့ခေါ်တဲ့ ဓာတ်ငွေ့ကို အရည်အဖြစ်နဲ့ပြောင်းလဲလိုက်တာပါ။ အဲလိုပြောင်းပြီးတော့မှ တစ်ကမ္ဘာလုံးကို သင်္ဘောနဲ့ တင်ပို့လို့ရပါတယ်။ အဲဒီ နည်းလမ်းတစ်ချက်စဉ်းစားပါတယ်။ နောက် နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ အခု ရခိုင်ဒေသသားတွေ တင်ပြနေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဲဒီမှာ စက်မှုဇုန်ပေါ့၊ စက်မှုဇုန်တည်ထောင်ဖို့ ဒုတိယစဉ်းစားပါတယ်။ နောက်တတိယနည်းလမ်းကတော့ အိန္ဒိယနိုင်ငံကိုပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့ရောင်းချဖို့ အဲလိုနည်းလမ်း ကျွန်တော်တို့ သုံးခု စဉ်းစားခဲ့ပါတယ်။ အဲလို သုံးခုစဉ်းစားခဲ့တဲ့အနက်မှာ အဲဒီအချိန်တုန်းက ပထမဆုံး Option ဖြစ်တဲ့ LNG ကိုစဉ်းစားသောအခါမှာ LNG ဟာ ကျွန်တော်တို့ သူ့အတွက် LNG စက်ရုံတည်ဆောက် ဖို့ရှိတယ်။ နောက်တစ်ခါ သိုလှောင်ကန်တွေဆောက်ရပါမယ်။ LNG သယ်ယူမယ့်သင်္ဘောတွေ ဆိုက်ကပ်ဖို့အတွက် ကျွန်တော်တို့ Daep Sea Port နဲ့ ဆိပ်ခံတွေတည်ဆောက်ရပါမယ်။ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုစရိတ်စကသည် ပိုက်လိုင်းထက်ပို၍ကြီးမားပါတယ်။ နောက် အဲဒီ အချိန်မှာ အရေးကြီးဆုံး အဆုံးအဖြတ်ဖြစ်သွားတဲ့အချက်ကတော့ LNG ဈေးမကောင်းပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ LNG စက်ရုံတည်ဆောက်ရေးစီမံချက်ကို ကျွန်တော်တို့ စွန့်လွှတ်ခဲ့ ပါတယ်။ နောက်ဒုတိယနည်းလမ်းဖြစ်တဲ့ အထူးစီးပွားရေးဇုန်တည်ဆောက်ဖို့၊ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ကြတော့လည်းပဲ စိတ်ကူးပဲရှိသော်ငြားလည်းပဲ တကယ်တမ်းကျတော့ ရခိုင်ပြည်နယ်မှာ ဘာစက်မှုလုပ်ငန်း အခြေခံမှမရှိပါဘူး။ ရင်းနှီးမြှုပ်နှံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ သူတို့ရဲ့ရင်းနှီးမြှုပ်နှံတဲ့ ငွေကိုအမြန်ဆုံးပြန်ပြီးတော့လိုချင်တယ်။ အလားတူပဲ နိုင်ငံတော်ကလည်းငွေပြန်ပြီးတော့ ပေါ်ချင်ပါ တယ်။ ဒီအချိန်မှာ ကန့်သတ်ထားတဲ့ ကာလတစ်ခုအတောအတွင်းမှာ ဒီသဘာဝဓာတ်ငွေ့ကို အသုံးမချနိုင်ရင် နောက်ကျွန်တော်တို့မှာလည်း အခြေခံစက်ရုံအလုပ်ရုံတွေ အသင့်မရှိသေးရင် အဲဒီအချိန်မှာ ရောင်းချသူဘက်က သူ့ရဲ့သဘာဝဓာတ်ငွေ့ကို သူရောင်းချင်သလောက် စာချုပ် စာတမ်းမှာ ပမာဏအတိုင်း ကျွန်တော်တို့က မသုံးနိုင်ရင် အဲဒီမှာပြန်လျော်ရမယ့် အခြေအနေမျိုးတွေ သဘာဝဓာတ်ငွေ့အရောင်းအဝယ်စာချုပ်တိုင်းမှာ ဒါမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အခြေအနေ အရ အဲဒီမှာ ရခိုင်ကမ်းလွန်၊ ကမ်းရိုးတန်းမှာ ကျွန်တော်တို့ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ဟာလည်းပဲ ဒီအချိန်မှာ ကျွန်တော်တို့ စွန့်လွှတ်ခဲ့ရပါတယ်။ နောက် တတိယနည်းလမ်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ပိုက်လိုင်းနဲ့ ရောင်းဖို့နည်းလမ်း အဲဒီအချိန်တုန်းက ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှာ ရန်ကုန်မြို့မှာ စွမ်းအင်ဝန်ကြီးသုံးပါး အိန္ဒိယနိုင်ငံကို ပိုက်လိုင်းနဲ့ဓာတ်ငွေ့ရောင်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး တော့ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ စွမ်းအင်ဝန်ကြီးရုံးမှာပဲဆွေးနွေးပါတယ်။ အိန္ဒိယ စွမ်းအင်ဝန်ကြီး၊ မြန်မာစွမ်းအင်ဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဝန်ကြီးသုံးပါး ဆွေးနွေးကြပါတယ်။ သို့သော်လည်းပဲ သူတို့ရဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာရှိတဲ့ Political Issue တွေကြောင့် ကျွန်တော်တို့ အဲဒီအိန္ဒိယကို ပိုက်လိုင်းနဲ့ရောင်းဖို့ အစီအစဉ်ဟာလည်းမဖြစ်ခဲ့ပါဘူး။ ဒီတော့ တစ်ဖက်ကလည်းရင်းနှီး မြှုပ်နှံမှုရှိထားပြီးပြီ။ ဒီအတွက် ထိုက်သင့်တဲ့ပိုက်ဆံကို အချိန်တန်ရင် ပြန်ယူရမယ့်အခြေအနေမျိုးမှာ နောက်ထပ် ဘယ်လိုနည်းနဲ့ပိုက်ဆံရဖို့လုပ်မလဲဆိုတာ စဉ်းစားသော အခါမှာ တရုတ်နိုင်ငံကို ပိုက်လိုင်းနဲ့ရောင်းတဲ့နည်းလမ်းပေါ်လာပါတယ်။ အဲဒီတော့ ၂၀၀၅ ခုနှစ်မှာ အိန္ဒိယကို ရောင်းချဖို့စီမံချက်ပျက်သွားတယ်။ ပျက်သွားပြီးတော့ နောက်ပိုင်းမှာ တရုတ်နိုင်ငံက ဝယ်ဖို့ကမ်းလှမ်းလာတယ်။ ဒီအတွက် အရောင်းအဝယ်စာချုပ်ဖြစ်အောင် ကျွန်တော်တို့ သုံး၊ လေးနှစ်လောက် ပြင်းပြင်းထန်ထန်ဆွေးနွေးကြရပါတယ်။ အဲလိုဆွေးနွေးပြီးမှ ဒီနေ့ကျွန်တော်တို့ ရောင်းရမယ့်အခြေခံဈေးဟာ ဘယ်တုန်းကမှထင်မထားတဲ့ အကောင်းဆုံးဈေးကိုရတာဖြစ်ပါတယ်။ ဒီလွှတ်တော်မှာပဲ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ဒီသဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံကို တင်ပို့တဲ့ ဥစ္စာကို အများက ကျွန်တော်တို့သည် တရုတ်နိုင်ငံကို နိုင်ငံကြီးဖြစ်တဲ့အတွက် လျှော့ဈေး၊ ပေါ့ဈေး၊ အောက်ဈေးနဲ့ ပေးတယ်လို့ယူဆကြပါတယ်။ မမှန်ပါဘူးခင်ဗျား။ အဲဒီတကယ့် Operator ဖြစ်တဲ့ Daewoo ကိုယ်တိုင်ကိုက ကျွန်တော်တို့သည် အောက်ဈေးနဲ့ သူရောင်းလိုက်မှာကို စိုးရိမ်ပါတယ်။ သို့သော်လည်းပဲ တကယ်နောက်ဆုံးဆွေးနွေးပြီးရတဲ့ဈေးဟာ အခုချိန်ထိ သဘာဝဓာတ်ငွေ့ဈေး အကောင်းဆုံးဈေးကိုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမှာ တိုင်းပြည်အတွက်ကော၊ ဒီရင်းနှီးမြှုပ်နှံတဲ့ အစုအဖွဲ့တွေအားလုံးအတွက်ကော ကျွန်တော်တို့ အကောင်းဆုံးနဲ့ အမြန်ဆုံးငွေပြန်ပေါ်မယ့် ဒီတရုတ် နိုင်ငံကို ပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချခြင်းဆိုတဲ့နည်းလမ်းကို ကျွန်တော်တို့ ရွေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီ Export Gas Sales and Purchase Agreement ဆိုတဲ့စာချုပ်ကို ဒီရွှေစီမံကိန်း လုပ်ငန်းအဖွဲ့နဲ့ တရုတ်နိုင်ငံ China National United Oil Corporation တို့ဟာ ၂၀၀၈ ခုနှစ်မှာ ကျွန်တော်တို့ လက်မှတ်ထိုးပြီးတော့ ကတိကဝတ်တွေပြုခဲ့ကြပြီးဖြစ်ပါတယ်။ ဒီမှာ ကတိကဝတ်ဆိုတာက ဘာကိုဆိုလိုပါသလဲဆိုရင် သူတို့ တစ်နှစ်အတွက်ကို သဘာဝဓာတ်ငွေ့ ဘယ်လောက်ယူမလဲ။ ကျွန်တော် တို့ဘယ်လောက်ယူမလဲ။ ကျွန်တော်တို့က ဘယ်လောက်ရောင်းရ မှာလဲ။ တစ်နေ့ကို ဘယ်လောက်ပို့လွှတ်ပေးမလဲဆိုတဲ့ အချက်အလက်တွေကို ထည့်သွင်းဖော်ပြ ထားပြီးဖြစ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ ဒီပိုက်လိုင်းတည်ဆောက်တဲ့ ကုန်ကျ စရိတ်ရှိပါတယ်။ နောက်တစ်ခါ ပိုက်လိုင်းရဲ့ ပို့လွှတ်နိုင်တဲ့ပမာဏရှိပါတယ်။ အဲဒီအတွက် ဒီပိုက်လိုင်းမှာ တရုတ်နိုင်ငံက ရင်းနှီးသလိုပဲ မြန်မာနိုင်ငံကလည်း မိမိအကျိုးစီးပွားအတွက် ထည့်သွင်းရင်းနှီးမြှုပ်နှံထားပါတယ်။ ကျွန်တော်တို့နဲ့ တစ်ယောက်တစ်ဝက်နီးပါး ရှိပါတယ်။ အဲဒီတော့ ပိုက်လိုင်းတည်ဆောက်ထားတဲ့ပိုက်ရဲ့ Size အရတစ်နေ့ ကိုအနည်းဆုံး ကုဗပေ သန်း ၅၀၀၊ အနည်းဆုံး အဲဒီလောက်လွှတ်မှ စီးပွားရေးတွက်ချေကိုက်ပါတယ်။ အခုတွေ့ရှိထားသလောက် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကလည်းပဲအများဆုံး အခုတွေ့ရှိထားတဲ့ ပမာဏအရသန်း ၅၀၀ ပဲထုတ်နိုင် ပါတယ်။ ဒါကြောင့်သန်း ၅၀၀ ကျွန်တော်တို့နေ့စဉ် တရုတ်ပြည်ကို တင်ပို့ဖို့ရှိပါတယ်။ အဲဒီထဲမှာမှ ပြည်တွင်းသုံးအတွက် ကျွန်တော်တို့က တစ်နေ့ကို ကုသဗေ သန်း ၁၀၀ ပြန်ပြီးတော့ ထုတ်သုံးပါ့မယ်။ အဲလိုသုံးတဲ့ သဘာဝဓာတ်ငွေ့ကိုလည်း ဘယ်နေရာမှာသုံးမလဲဆိုရင် စောစောက ကျွန်တော်တင်ပြ သလိုပါပဲ ကျွန်တော်တို့မှာ အဲဒီပို့လွှတ်ချိန်မှာ အသင့်ထုတ်ပြီးတော့သုံးနိုင်တဲ့ အနေအထားရှိတယ်။ အထက်ဗမာပြည်မှာရှိတဲ့ စက်မှုရပ်ဝန်းတွေ၊ နောက်တစ်ခါ ရေနံချောင်း၊ ချောက်ဒေသမှာရှိတဲ့ စက်မှုရပ်ဝန်းတွေ အဲဒီနေရာတွေမှာ ကျွန်တော်တို့ သဘာဝဓာတ်ငွေ့ကို အပေါက်ဖောက် ထုတ်ပြီးတော့သုံးမယ်လို့ ဒီလိုကျွန်တော်တို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အကယ်၍ ဒီအချိန်ကျမှ ကျွန်တော်တို့က ခုန ရခိုင်ဒေသမှာ နောက်ထပ်ထပ်ပြီးတော့ သဘာဝဓာတ်ငွေ့ကိုထုတ်ယူ သုံးမယ်ဆိုရင် စာချုပ်စာတမ်းအရလုပ်ဖို့ခဲယဉ်းပါတယ်။ နောက်တစ်ခုကလည်းပဲ ဒီကုဗပေသန်း ၁၀၀ ထက် ကျွန်တော်တို့ပို၍ယူလိုက်လို့ရှိရင် စောစောက ကျွန်တော်တင်ပြတဲ့ သူ့ကိုတစ်နေ့ကို ကုဗပေသန်း ၅၀၀ မပေးနိုင်တဲ့အတွက် ကျွန်တော်တို့ လျော်ရမယ့်အခြေအနေဖြစ်ပါတယ်။ ဒီလို Take or Pay ဆိုတဲ့ Clause ဟာ လည်းပဲနိုင်ငံကြီး၊ နိုင်ငံငယ်နဲ့မဆိုင်ပါဘူး။ သဘာဝဓာတ်ငွေ့ အရောင်းအဝယ်စာချုပ် အားလုံးမှာရှိပါတယ်။ ကျွန်တော်တို့ ရတနာသဘာဝဓာတ်ငွေ့ ယိုးဒယား နိုင်ငံကို ရောင်းချစဉ်က ဒီအတိုင်းပဲ ဒီလိုကတိကဝတ်တွေထည့်ပြီးတော့လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်လောက်က ယိုးဒယားနိုင်ငံဟာ သူ့ရဲ့သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေ အသင့်မဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ပို့လွှတ်ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ အချိန်မှာ သူမယူနိုင်တဲ့အတွက် စောစောက Take or Pay Clause အရ ကျွန်တော်တို့ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ လောက်လျော်ကြေးရခဲ့ဖူးပါတယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းမှာ လည်းပဲ ကျွန်တော်တို့က အခုမှဖောက်ပြီးတော့ သုံးဖို့စိတ်ကူးပေါက်ပြီးတော့ ဖောက်သုံးလို့ရှိရင် စောစောကပြောတဲ့ Impact မျိုးကျွန်တော်တို့မှာ ထိခိုက်လာနိုင်တယ်လို့ ကျွန်တော် တင်ပြလို ပါတယ်။ အဲဒီတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သဘာဝဓာတ်ငွေ့ရောင်းချဖို့ ကျွန်တော်တို့ သွယ်တန်းထားတဲ့၊ သွယ်တန်းမယ့်ပိုက်လိုင်းဟာ အချင်းလက်မ ၄၀ ရှိပါတယ်။ သူ့ရဲ့ရင်းနှီး မြှုပ်နှံမှုဟာ ၂.၁၄၆ ဘီလီယံရှိပါတယ်။ ပို့လွှတ်နိုင်တာဟာ တစ်နေ့ကို ၁.၁၆၁ ဘီလီယံရှိပါတယ် ဆိုတော့ ကုဗပေသန်း ၁၁၆၀ လောက်ပို့လွှတ်နိုင်တဲ့ ဥစ္စာမှာအခုမှ ကျွန်တော်တို့က သန်း ၅၀၀ လောက်စပြီးတော့ ပို့လွှတ်ရမှာဖြစ်တော့ ဒီအထဲကထပ်ပြီးတော့ ကျွန်တော်တို့က ကျွန်တော်တို့ အတွက်ထပ်ပြီးတော့ ခုနကထပ်ပြီး နှိုက်ယူသုံးစွဲအုံးမယ်ဆိုရင် တစ်ဖက်ကလည်း စာချုပ်စာတမ်းအရ ကန့်ကွက်လာနိုင်တဲ့အတွက် လောလောဆယ် ဦးဘရှိန်မေးတဲ့အဖြေကို ပြန်ဖြေကြားရရင်တော့ ဒီရွှေစီမံကိန်းကနေပြီးတော့ နောက်ထပ် ခုနကျောက်ဖြူပတ်ဝန်းကျင်မှာ သဘာဝဓာတ်ငွေ့ထပ်ပြီး ထုတ်သုံးစွဲဖို့ဆိုတာဖြစ်နိုင်တဲ့အခြေ အနေမရှိဘူးလို့တင်ပြလိုပါတယ်။ တစ်ဖက်ကတော့ လျှပ်စစ်(၂) ဝန်ကြီးဌာနနဲ့ ဆွေးနွေးရရှိချက်အရ လျှပ်စစ်(၂)ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွက် ရေအားလျှပ်စစ်လုပ်ငန်းတွေ တည်ဆောက်နေတယ်ဆိုတာလည်းပဲ ကျွန်တော်တို့သိရှိထားပါတယ်။ နောက်တစ်ခုက သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေရဲ့ ကနဦးမတည်ရင်းနှီးစရိတ်ဟာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေလောက် မများသော်ငြားလည်းပဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် လောင်စာဓာတ်ငွေ့အသုံးပြုရတဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျ စရိတ်ဟာ ရေအားလျှပ်စစ်စက်ရုံတွေက ထုတ်လုပ်မှုထက် အလွန်များတယ်လို့လည်း နားလည်ပါ တယ်။ ဒါ့ကြောင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ အလားအလာရှိတဲ့နေရာတွေမှာ အများအားဖြင့် ရေအားလျှပ်စစ်စက်ရုံတွေ ဒီလိုပဲ တည်ဆောက်တယ်လို့လည်းပဲ လေ့လာသိရှိရ ပါတယ်။ အခုအခါမှာတော့ ရခိုင်ပြည်နယ်ဒေသအတွင်းမှာ ပြည်သူတွေလျှပ်စစ် ဓာတ်အားအပြည့်အဝ အသုံးပြုနိုင်ဖို့အတွက် သူဋ္ဌေးချောင်းစီမံကိန်း ၁၁၁ မဂ္ဂါဝပ်၊ အမ်းစီမံကိန်း ၁၀ မဂ္ဂါဝပ်၊ လေးမြို့ စီမံကိန်း ၅၀၀ မဂ္ဂါဝပ်၊ စိုင်းဒင်စီမံကိန်း ၇၆.၅ မဂ္ဂါဝပ် စီမံကိန်းများချမှတ်ထားပြီးဖြစ်ကြောင်း လျှပ်စစ်(၁)စွမ်းအားဝန်ကြီးဌာနရဲ့ ပြောကြားချက်အရသိရပါတယ်။ နောက် မဟာဓာတ်အားလိုင်း အနေနဲ့လည်းပဲ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်ဒေသမှာအကောင် အထည်ဖော်ဆောင်ရွက်ဖို့စီမံနေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ဆက်စပ်ပြီးတော့ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းကြီးတွေ ပင်မဓာတ်အားခွဲရုံကြီးတွေတည်ဆောက်ပြီးတော့မှ ဓာတ်အားကွန်ရက် တစ်ခုတည်ဆောက်ဖို့ စီမံကိန်းတွေချမှတ်ဆောင်ရွက်နေကြောင်းလည်းသိရှိရပါတယ်။ စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့လည်းပဲ ရခိုင်ကမ်းလွန်ဒေသမှာ ယခုထုတ်လုပ်နေတဲ့ A-1၊ A-3 ရွှေ Project အပြင် Daewoo International Limited ဟာနောက်ထပ်အဲဒီ A-1၊ A-3 နဲ့ဆက်စပ်နေတဲ့ ရေနက်ပိုင်း လုပ်ကွက်ဖြစ်တဲ့ AD- 7 မှာလည်း အခုအလားအလာကောင်းတွေ ထပ်မံစမ်းသပ်ရှာဖွေတွေ့ရှိ ထားပါတယ်။ အလားတူပဲ KMDC ကုမ္ပဏီဟာ ကမ်းလွန်လုပ်ကွက် A-5 နဲ့ A-7 တို့မှာလည်း အခုစမ်းသပ်ရှာဖွေမှုတွေလုပ်နေပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CNPC ကုမ္ပဏီဟာလုပ်ကွက် AD-1၊ AD-6၊ AD-8 တို့မှာ ရှာဖွေနေပါတယ်။ အိန္ဒိယနိုင်ငံ Essar World ကုမ္ပဏီဟာ လုပ်ကွက် A-2၊ ကမ်းလွန်လုပ်ကွက် A-2 ကုန်းပေါ်လုပ်ကွက် Block L ဒီမှာလည်းပဲ တောက်လျှောက်ရှာဖွေရေး တွေလုပ်နေပါတယ်။ နောက်တစ်ခါ British Bergent မှတ်ပုံတင်ထားတဲ့မြန်မာနိုင်ငံမှ MPRL ကုမ္ပဏီဟာ လုပ်ကွက် A-6 မှာရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ အများစုဟာ အလားအလာကောင်းတွေရှိတယ်လို့ ကျွန်တော်တို့ အကြမ်းဖျင်းနားလည်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ ဒီရွှေစီမံကိန်းကနေပြီး သဘာဝဓာတ်ငွေ့ထုတ်ယူသုံးစွဲရန် မဖြစ်နိုင်သေးသော် ငြားလည်းပဲ နောင်မှာ ရခိုင်ပြည်နယ်ကမ်းလွန်ဒေသက ဒီလုပ်ကွက်တွေက သဘာဝဓာတ်ငွေ့ကို ထပ်ပြီးတော့ တွေ့နိုင်တဲ့အချိန်မျိုးမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့လည်းပဲ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံတွေတည်ဆောက်ဖို့ လိုနေသေးတယ်ဆိုရင် ကျွန်တော်တို့ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ရှိပါတယ်လို့ ဖြေကြားလိုပါတယ်။ တစ်ဆက်တစ်စပ်တည်းမှာ နောက်ထပ် ကျွန်တော်တို့ မြန်မာ့ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့တွေ့ရှိမှုတွေရှိပါတယ်။ ရန်ကုန်မြို့နဲ့အနီးဆုံး လုပ်ကွက် A-3 ဆိုတဲ့နေရာမှာတွေ့ပါတယ်။ ကျွန်တော်တို့ လက်ခုပ်ကုန်းကမ်းလွန်မှာပဲရှိပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်ကတွေ့ပါတယ်။ အဲဒီတော့ အဲဒီမှာသဘာဝဓာတ်ငွေ့ အမြောက်အမြားတွေ့ တယ်ဆိုတာနဲ့ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနကနေသွားပြီးတော့စစ်ပါတယ်။ စစ်ပြီးတော့ တစ်ခါတည်း အဲဒီမှာပဲ အဆုံးအဖြတ်ပြောခဲ့ပါတယ်။ ဒီတစ်ခါတွေ့တဲ့ သဘာဝဓာတ်ငွေ့ကို ဒို့ဘယ်ကိုမှ မရောင်းဘူး။ ပြည်တွင်းသုံးအတွက်ပဲသုံးမယ်။ ဒီအတွက်အမြန်ဆုံး ထုတ်ယူသုံးစွဲနိုင်အောင် စီမံပါ ဆိုပြီးတော့ ဒါပြောခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အခု ဦးဘရှိန်တို့မေးတဲ့ နောက်ထပ် ပြည်တွင်း သုံးအတွက် လိုအပ်မယ့်ဟာတွေဟာ ရခိုင်ကမ်းလွန်ဒေသမှာလည်း Project တွေရှိပါတယ်။ အလားတူပဲ ကျွန်တော်တို့ မုတ္တမကမ်းလွန်၊ တနင်္သာရီကမ်းလွန် ဒီမှာလည်းပဲဆက်လက်ရှာဖွေ ဆောင်ရွက်ဆဲဖြစ်တဲ့အတွက် နောင်ထပ်မံတွေ့ရှိလာတဲ့ သဘာဝဓာတ်ငွေ့၊ ရေနံသဘာဝဓာတ်ငွေ့ များကတော့ တိုင်းပြည်အတွက်ပဲ အဓိကဦးတည်ပြီးတော့ ကျွန်တော်တို့ ပြည်တွင်းသုံးအတွက် ဦးစားပေးဆောင်ရွက်သွားမယ်လို့လည်း တင်ပြလိုပါတယ်။
အဲဒီတော့ မေးခွန်းနဲ့ပတ်သက်လို့ အဓိကဖြေကြားလိုတာကတော့ ဒီလောက်ပဲဖြစ်ပါတယ်။ သို့သော် ခြေဆင်းမှာ ဦးဘရှိန်ပြောသွားတဲ့ ဒီ Project ကြောင့် ကျွန်တော်တို့ ကျောက်ဖြူဒေသမှာ လမ်းတွေပျက်စီးတာတွေရှိတယ်လို့ တင်ပြသွားတာရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ တစ်ဆက် တစ်စပ်တည်းတင်ပြရရင်တော့မှန်ပါတယ်။ လုပ်ငန်းအတွက် ကျွန်တော်တို့ Heavy မော်တော်ယာဉ် ကြီးတွေသုံးရပါတယ်။ ကျွန်တော်တို့ သုံးမယ့်ပိုက်လိုင်းတွေရဲ့ အလေးချိန်ဟာအလွန်ကြီးမားပါတယ်။ ဒါကြောင့်မို့လို့ ဒီပိုက်သယ်တဲ့ကားကြီးတွေရဲ့ အလေးချိန်ဟာလည်း တော်တော်များပါတယ်။ သို့သော်လည်းပဲ ဒီကားတွေသုံးတဲ့အတွက် လမ်းပျက်ခြင်းကို အခုပျက်တာနဲ့ အခုပြင်စသည်အားဖြင့် ဒီလိုလုပ်နိုင်အောင် အဲဒီမှာ အလုပ်လုပ်တဲ့ကုမ္ပဏီတွေကိုကော၊ သူတို့ရဲ့ Sub-Contracter တွေ ကိုကော ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနကနေ ညွှန်ကြားပြီးသားဖြစ်ပါတယ်။ ရခိုင်ဒေသရဲ့ အနေ အထားအရ မိုးသိပ်များတယ်။ နောက် ကျောက်ရှားတယ်၊ အဲဒီလိုဖြစ်တဲ့အတွက် လောလောဆယ်မှာ မိုးတွင်းမှာ နည်းနည်းလေးပြဿနာရှိပါတယ်။ သို့သော်လည်းပဲ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဒီဟာကို တောက်လျှောက်မျက်ခြေမပြတ်စောင့်ကြည့်နေပြီးတော့ အဲဒီကုမ္ပဏီကို တောက်လျှောက်တွန်းအားပေး လျက်ရှိပါတယ်။ ကျွန်တော့်ဝန်ကြီးဌာနမှာလည်းပဲ နိုင်ငံခြားကုမ္ပဏီအားလုံးကိုခေါ်ပြီးတော့ ဝန်ကြီး ကိုယ်တိုင်တွေ့ပြီးတော့ လုပ်ရမယ့်အလုပ်တွေကို ကျွန်တော်တို့ လမ်းညွှန်လျက်ရှိပါတယ်။ အလားတူပဲ အခုကျောက်ဖြူဆိုလို့ရှိရင် ကျွန်တော်တို့ မနက်ဖြန် ကျွန်တော်ကိုယ်တိုင်သွားပြီးတော့ အဲဒီလမ်းတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီတော့ ဝန်ကြီးသွားမယ်လို့ပြောတဲ့အတွက် အဲဒီကုမ္ပဏီတွေဟာ သူတို့ ဆောင်ရွက်ထားတဲ့ဟာတွေကို အခုကြိုတင်ပြီးတော့တင်ပြနေပါပြီ။ သူတို့ဘယ်လမ်းကို ဘယ်လိုပြင် ထားတယ်၊ ဘယ်လမ်းကို ဘယ်လိုလုပ်နေတယ်ဆိုတဲ့အချက်အလက်တွေ ကျွန်တော့်ဆီကို ရောက်နေ ပါပြီ။ ဒါကြောင့်မို့လို့ ဒီမှာတင်ပြလိုတာကတော့ ကျွန်တော်တို့သည် တိုင်းပြည်အတွက်လိုအပ်တဲ့ လုပ်ငန်းတွေကိုလုပ်တဲ့နေရာမှာ မလွဲသာမရှောင်သာ တချို့သောနေရာတွေမှာ ထိခိုက်မှုတွေ၊ ပျက်စီးမှု တွေရှိပါတယ်။ သို့သော်လည်းပဲ ဝန်ကြီးဌာနသည် ကောင်းကောင်းဒီဟာကို သဘောပေါက်ပြီးတော့ ဒီလုပ်ငန်းတွေ စီမံချက်ပြီးတာနဲ့ မူရင်းအခြေအနေထက်ပို၍ ကောင်းသောလမ်းတွေဖြစ်အောင် လုပ်ရ မယ်လို့လည်းပဲ ဒီကုမ္ပဏီကို ညွှန်ကြားပြီးသားဖြစ်ကြောင်းလေးစားစွာ ဖြေကြားပါသည်။
