မိုင်းဆတ်မြို့နယ်အတွင်း၌ လူဦးရေ ၈၀၀၀၀ ကျော် ရှိပြီး ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံရှိပါတယ်။ မိုင်းဆတ်မြို့နယ်အတွင်း ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦးသာရှိပြီး မြို့နယ်ရှိ လူဦးရေနှင့် ဆေးကုသမှု လုံလောက်ခြင်းမရှိပါ။ ကျန်းမာရေးဦးစီးဌာနတွင် ခွင့်ပြုဝန်ထမ်း ၈၀ ဦး၊ ခန့်အပ်ဝန်ထမ်း ၂၈ ဦးသာရှိပြီး လစ်လပ်ဝန်ထမ်း ၅၂ နေရာကျန်ရှိနေပါသေးတယ်။ မြို့နယ်အတွင်း အဓိက အရေးပါသော သမားတော်ဆရာဝန်ကြီးတစ်ဦး၊ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး၊ မေ့ဆေးအထူးကု ဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန်ငါးဦးနှင့် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး လိုအပ်နေပါ သေးကြောင်းနှင့် ဆရာဝန်များအားခန့်အပ်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ မိုင်းဆတ်ပြည်သူ့ဆေးရုံမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦးကတော့ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ အခု ထပ်ပြီးတော့ လက်ထောက်ဆရာဝန်၊ ခွဲစိတ်အထူးကု လတ်တလောမှာ ပြောင်းရွှေ့တာဝန် ချထားပြီးဖြစ်ပါတယ်။ နောက်ထပ်လက်ထောက်ဆရာဝန်တစ်ဦး၊ အထွေထွေလက်ထောက်ဆရာဝန် တစ်ဦးကိုလည်း အမြန်ဆုံးဖြည့်စွက်ခန့်ထားမှာဖြစ်ပါတယ်။ ဒီလစ်လပ်လျက်ရှိတဲ့အထူးကုဆရာဝန်များ ဖြစ်တဲ့ ဆေးပညာ၊ မေ့ဆေးတို့ကို ဖြည့်ဆည်းခန့်ထားဖို့ ကျွန်တော်တို့ အလှည့်ကျပေါ့လေ သူ့သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွန်တော်တို့ကအခု အပတ်စဉ်ကိုင်တွယ်ဖြေရှင်းနေတဲ့အခါမှာ အလှည့်ကျ ကျွန်တော်တို့ ပြန်လည်ခန့်ထားပေးပါမယ်။ သွားဘက်ဆိုင်ရာဆရာဝန်ကတော့ စောစော ကဖြေကြားခဲ့သလိုပါပဲ ခန့်ထားခွင့်ရရှိတဲ့ ဆရာဝန်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပေးပို့တဲ့ အခါမှာ ဦးစားပေးခန့်ထားရန်စီစဉ်ပါမယ်ဆိုတာ ပြန်လည်ဖြေကြားပါသည်။
