မော်လိုက်မြို့ ဟာ ၁၉၁၆ ခုနှစ်ကစပြီးတော့မှ မြို့တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့မှ ခြောက်မြို့နယ် စုပေါင်းပြီးတော့မှ ခရိုင်အဖြစ်သတ်မှတ်ထားပါတယ်။ ၁၉၉၄ ကစပြီးတော့မှ ခြောက်မြို့နယ်ကို ကျွန်တော်တို့ခွဲပြီးတော့မှ မော်လိုက်နဲ့ ဖောင်းပြင်နှစ်မြို့ကိုပေါင်းပြီး ခရိုင်မြို့နယ်အဖြစ် သတ်မှတ် ထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ မော်လိုက်မြို့နယ်မှာဆိုရင် ၁၉၈၉ ခုနှစ်မှစပြီးတော့မှ ၂၀၁၀ အထိ ကောလင်းမြို့နယ်မှ မော်လိုက်မြို့သို့ပြောင်းရွှေ့ပြီးတော့မှ ၆၀၈ ကေဗွီ ဒီဇယ်အင်ဂျင်စက် အဟောင်းကြီးနဲ့မီးပေးခဲ့ပါတယ်။ တစ်ညမှာ ၃ နာရီလောက်ရပါတယ်။ ပျက်သည့်နေ့တွေက များပါတယ်။ စက်ကြီးမှာဟောင်းနွမ်းပြီးတော့ နှစ်ပေါင်း ၆၀ ကျော်ရှိပြီလို့သိရှိရပါတယ်။ ကျွန်တော်တို့စက်ကြီးရဲ့ ပထမစလင်ဒါဖြစ်တဲ့ စလင်ဒါဘဲဥပုံဖြစ်ပြီးတော့မှ မကြာခဏဝရိန်ပျော်ပြီး စက်ဟာမောင်းမရဖြစ်ဖြစ်သွားပါတယ်။ ယခင်က စက်အသစ်တစ်လုံးကို အစားထိုးပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ စာတင်ပြီးတောင်းထားပြီးကြောင်းလည်းသိရှိရပါတယ်။ စက်အသစ်မရရှိတဲ့ အတွက် မြို့နယ်လူထုနဲ့ ကျောင်းသူကျောင်းသားများဟာ မီးနဲ့ပတ်သက်ပြီးတော့ ညအချိန်ဒုက္ခ ရောက်နေတာတွေ့ရှိရပါတယ်။ ဖယောင်းတိုင်တစ်ထုပ်ကို ကျွန်တော်တို့ ၆၀၀ မှ ၉၀၀ ထိဝယ်ပြီး တော့မှ မြို့လူထုနဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာအသုံးချနေကြရတယ်ဆိုတာကိုတွေ့ရှိ ရပါတယ်။ လျှပ်စစ်မီးမရတဲ့အတွက် ဒုက္ခအမျိုးမျိုးတွေ့ရှိနေရပါတယ်ခင်ဗျား။ ၂၀၁၀ ခုနှစ် တစ်မြို့လုံးမီတာ အလုံးရေ ၅၉၆ လုံးရှိပါတယ်။ ၅၉၆ လုံးရှိတာကို ကျွန်တော်တို့ မြို့မိ၊ မြို့ဖများအနေနဲ့ တစ်အိမ်လျှင် ၂၇၀၀၀ ကောက်ပြီးတော့မှ ကျွန်တော်တို့ တိုင်းမှူးရဲ့အစီအစဉ်နဲ့ ၃၀၀ ကေဗွီအေ စက်တစ်လုံးကို ဝယ်ယူ၍အစားထိုးလည်ပတ်ခဲ့ပါတယ်။ အဲဒီလိုလည်ပတ်တဲ့အခါမှာလည်းပဲ ပထမမြို့လူထုက ကြီးကြပ်တဲ့အချိန်မှာ ၆ လခန့်တော့ကျွန်တော်တို့ လျှပ်စစ်မီးကောင်းကောင်း ရပါတယ်။ မြို့လူထုကလည်း ကြီးကြပ်မှုအားနည်းသွားတဲ့အခါ တစ်နေ့မှာ နှစ်နာရီလောက်ပဲရပါတယ်။ တစ်ခါတစ်ရံ တစ်နာရီလောက်ပဲရရှိပါတယ်။ ကျွန်တော်တို့ မော်လိုက်မြို့နယ်ဟာဆိုလို့ရှိရင် ခရိုင် အဆင့်ရှိပေမယ့်လို့ ခရိုင်အဆင့်သတ်မှတ်ထားတဲ့ အြခေအနေမျိုးမရှိပါဘူး။ လျှပ်စစ်မီးမရတဲ့ အတွက် လုပ်သားပြည်သူတို့ဟာ ညအချိန်သွားလာမှုဒုက္ခဆင်းရဲတွေ့ရပါတယ်။ ကျောင်းသူ၊ ကျောင်းသား တွေဟာ စာကျက်တဲ့အခါမှာမီးဒုက္ခရောက်ပါတယ်။ မြို့ပေါ်ရှိလုပ်သားပြည်သူတွေ မှာလည်း လုံခြုံရေးနဲ့ပတ်သက်ပြီး ဒုက္ခတွေ့ရှိရပါတယ်။ ကျွန်တော်တို့အခြားဒုက္ခများလည်း တွေ့ရှိ နေရပါတယ်။ မီးလောင်မှုအန္တရာယ်လည်း ဖြစ်လာနိုင်ပါတယ်။ ယခုပေးနေသည့် လျှပ်စစ်မီးမှာ သရက်ကုန်း ရပ်ကွက်၊ ဆည်တော်ရပ်ကွက်တွေမှာဆိုလို့ရှိရင် ကျွန်တော်တို့ ၆၅ ဗို့ပဲရှိပါတယ်။ တကယ်ကြည့်မယ် ဆိုရင် ဆေးလိပ်မီးသာသာပဲရှိပါတယ်။ လျှပ်စစ်မီးနဲ့တီဗွီကြည့်လို့လည်းမရဘူး။ အစိုးရသတင်းများ ကိုလည်း နားထောင်လို့မရပါဘူး။ မော်လိုက်မြို့ဟာ ခရိုင်အဆင့်ရှိသော်လည်းပဲ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသောမြို့တစ်ခု ဖြစ်ပါတယ်။ ကျေးရွာအဆင့်တောင်မှ လျှပ်စစ်မီးပေးတဲ့ အဆင့်မျိုးမရှိပါဘူး။
လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာလျှပ်စစ်ဝန်ကြီးဌာနသို့ မော်လိုက်မြို့လျှပ်စစ်မီးပေးရေးအတွက် ယခု လက်ရှိ ၃၀၀ ကေဗွီအေရှိတဲ့စက်ကမလုံလောက်တဲ့အတွက် နောက်ထပ် ၁၅၀ ကေဗွီအားရှိတဲ့ ဒီဇယ်အင်ဂျင်တစ်လုံးကို အစိုးရမှအင်အားဖြည့်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုပါတယ်။ နောက်တစ်ချက်က စက်အင်အားဖြည့်ပေးမယ်ဆို့လို့ရှိရင် မည်သည့်ကာလအတွင်းမှာ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ကို ၆၀၈ ကေဗွီအေ စကိုဒါဓာတ်အားပေးစက် ၁ လုံး၊ ၃၀၀ ကေဗွီအေ ကမ်းမင်းဓာတ်အားပေးစက် ၁ လုံး၊ ၇၅ ကေဗွီအေ နီဆန်းဓာတ်အားပေးစက် ၁ လုံးနဲ့ ၂၅ ကေဗွီအေ နီဘန် ဓာတ်အားပေးစက် ၁ လုံးတို့ဖြင့် မီးသုံးသူ ၆၀၉ ဦးကို လစဉ် ဒီဇယ်ဆီ ၁၂၅၀ ဂါလန်နဲ့ လက်ရှိမှာတစ်ရက်ကို ၂ နာရီ မိနစ် ၃၀ ခန့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ ၅၀၀ ကေဗွီအေဒီဇယ်ဓာတ်အားပေးစက် အသစ် ၁ လုံးကို ထပ်မံ ဖြည့်ဆည်းပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
